ရွှေထက်တန်ဖိုးရှိတဲ့ သံယောဇဉ်နဲ့ ဒဏ္ဍာရီလာ El Dorado ရွှေမြို့တော်ခရီးစဉ် (The Road to El Dorado 2000)
အန်စာတုံး လှည့်စားပစ်ရင်းကနေ ဒဏ္ဍာရီလာ ရွှေမြို့တော် El Dorado ဆီ မတော်တဆ ရောက်ရှိသွားကာ နတ်ဘုရားအဖြစ် ဟန်ဆောင်ခဲ့ကြတဲ့ လူလိမ်နှစ်ယောက် Tulio နဲ့ Miguel တို့ရဲ့ ဟာသနှင့် စွန့်စားခန်းအပြည့် DreamWorks အန်နီမေးရှင်း ရုပ်ရှင်အနှစ်ချုပ်။
၁၅၁၉ ခုနှစ် စပိန်နိုင်ငံမှာ Cortés လို့ခေါ်တဲ့ စစ်သူကြီးတစ်ယောက်ဟာ El Dorado လို့ခေါ်တဲ့ ရွှေတွေနဲ့ ပြုလုပ်ထားတဲ့ သမိုင်းဝင် ရွှေမြို့တော်ကြီးကို ရှာဖွေဖို့အတွက် စစ်သည်အင်အား အလုံးအရင်းနဲ့ ကြီးမားတဲ့ သင်္ဘောကြီးတွေ စီတန်းကာ စတင် ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
မြို့ထဲမှာတော့ Tulio နဲ့ Miguel လို့ခေါ်တဲ့ နောက်ထပ် လူနှစ်ယောက် ရှိနေပြီး သူတို့ကတော့ နာမည်ကြီး လူလိမ်လူညာတွေ ဖြစ်ကြပါတယ်။ အခုလည်း အန်စာတုံး လှည့်စားပစ်တဲ့ လောင်းကစားတစ်ခုကို အသုံးချပြီး မြို့ခံတွေရဲ့ လက်ထဲမှာ ရှိသမျှ ပိုက်ဆံတွေ အကုန်လုံးကို လိမ်လည် သိမ်းပိုက်နေခဲ့တာပါ။ ကစားသမားတွေဆီမှာ လောင်းစရာ ပိုက်ဆံ မကျန်တော့တာကို သိလိုက်ရလို့ အနိုင်ရထားတဲ့ ငွေတွေယူပြီး ပြန်ဖို့ ပြင်ဆင်နေချိန်မှာပဲ လူတစ်ယောက်က သူ့မှာ ရွှေမြို့တော် El Dorado ဆီ သွားနိုင်မယ့် ရှေးဟောင်း မြေပုံတစ်ခု ရှိသေးကြောင်း ပြောလာပါတယ်။ အဲဒီ မြေပုံကို လောင်းကြေးအဖြစ် ထပ်လောင်းပြီး နောက်ဆုံးတစ်ပွဲ ဆော့ပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။
ငွေသားကိုသာ စိတ်ဝင်စားတဲ့ Tulio က ထပ်မကစားပေးချင်ပေမဲ့၊ Miguel ကတော့ ဒီမြေပုံအတိုင်း ရွှေမြို့တော်ကြီးသာ တကယ်ရှိနေမယ်ဆိုရင် အဆမတန် ပိုပြီး ချမ်းသာနိုင်တာမို့ နောက်ဆုံးတစ်ပွဲလောက် ကစားပေးဖို့ အတင်း ဆွဲဆောင်ပါတော့တယ်။ မကစားချင်ဘဲနဲ့ သဘောတူလိုက်ရတဲ့အခါ သူတို့ရဲ့ အန်စာတုံးတွေကို တခြားသူတွေက စတင် သံသယဖြစ်လာတာကြောင့် ဒီတစ်ခါမှာတော့ ကစားဝိုင်းက ပုံမှန် အန်စာတုံးနဲ့ပဲ ပစ်ရမယ်လို့ ကန့်သတ်လိုက်ပါတယ်။
တစ်ဖက်က မြေပုံကို လောင်းကြေးထပ်ပြီး Tulio တို့ကတော့ နိုင်ထားသမျှ ပိုက်ဆံအားလုံးကို လောင်းကြေးအဖြစ် ပြန်တင်လိုက်ရတာကြောင့် Tulio က Miguel အပေါ် စိတ်တိုနေခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားတပြီး အန်စာတုံး ပစ်လိုက်တဲ့အခါ နံပါတ်အကြီးဆုံး ကျသွားတာကြောင့် နိုင်သွားပြီး ပျော်ရွှင်သွားကြပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ Tulio ရဲ့ အင်္ကျီလက်ထဲကနေ မသမာနည်းသုံးဖို့ ဖွက်ထားတဲ့ အန်စာတုံးအတုတွေ အောက်ကို ပြုတ်ကျသွားတာကြောင့် လိမ်လည်ထားမှန်း တစ်ဝိုင်းလုံး သိသွားကြပါတော့တယ်။
ဒါကြောင့် အလိမ်ခံလိုက်ရတဲ့ လူအုပ်ကြီးက သူတို့နှစ်ယောက်ကို ဝိုင်းဝန်း သတ်ဖြတ်ဖို့ လုပ်ကြတဲ့အခါ Tulio နဲ့ Miguel တို့ဟာ လူအုပ်ရှေ့မှာတင် ချက်ချင်း ဓားချင်းခုတ်ပြီး အချင်းချင်း ရန်ဖြစ်သလို ဟန်ဆောင်ကာ လှည့်စားလိုက်ကြပါတယ်။ အဲဒီလိုနဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးရဲ့ လက်ကနေ လွတ်အောင် ရှောင်ထွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ထွက်ပြေးမိတဲ့နေရာက နွားရိုင်းခြံထဲ ဖြစ်နေတာကြောင့် နွားဝှေ့မခံရအောင် အသက်လု ထွက်ပြေးကြရပြန်ပါတယ်။ လမ်းတစ်လျှောက် အထပ်မြင့် အဆောက်အအုံတွေပေါ်ကနေ ခြေဦးတည့်ရာ ပြေးလွှားရင်း နောက်ဆုံးမှာတော့ အောက်ဘက်က စည်ပိုင်းကြီးတွေထဲဆီ ဇောက်ထိုး ပြုတ်ကျသွားခဲ့ပါတယ်။
ဖြစ်ချင်တော့ အဲဒီစည်ပိုင်းကြီးတွေကို ကုန်တင်သင်္ဘောကြီးတစ်စင်းပေါ်ကို သယ်ဆောင် တင်သွားကြတာ ဖြစ်ပါတယ်။ ဘေးကင်းမယ့် အချိန်အထိ စည်ပိုင်းထဲမှာပဲ ငြိမ်ငြိမ်လေး ပုန်းနေလိုက်ကြပြီး၊ သင်္ဘောကြီး ပင်လယ်ပြင်ထဲ ထွက်ခွာသွားလို့ အတော်လေး အခြေအနေ အေးဆေးသွားပြီဆိုမှ စည်ပိုင်းထဲကနေ ထွက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ သင်္ဘောပေါ်က သင်္ဘောသားတွေက သူတို့နှစ်ယောက်ကို တွေ့ရှိသွားပြီး သင်္ဘောပေါ် ခိုးလိုက်လာတဲ့ ခိုးကြောင်ခိုးဝှက်တွေအဖြစ် ဖမ်းဆီးလိုက်ကြပါတယ်။ ပိုပြီး ကံဆိုးတာက သူတို့ ရောက်နေတဲ့ သင်္ဘောဟာ စစ်သူကြီး Cortés ရဲ့ စစ်သင်္ဘောကြီး ဖြစ်နေတာပါပဲ။ ခိုးလိုက်လာတဲ့ သူတို့နှစ်ယောက်အကြောင်းကို သိသွားတဲ့ Cortés က မဆိုင်းမတွဘဲ အောက်ထပ် အကျဉ်းခန်းထဲမှာ ချုပ်နှောင်ထားဖို့ အမိန့်ပေးလိုက်ပါတယ်။
အကျဉ်းခန်းထဲမှာ အချုပ်ခံထားရပြီးနောက် သည်းမခံနိုင်တော့တဲ့ Tulio ဟာ အသက်ဘေးက လွတ်မြောက်ဖို့အတွက် နည်းလမ်းတွေ စတင် စဉ်းစားပါတော့တယ်။ အဲဒီနည်းလမ်းကတော့ အရေးပေါ် အသက်ကယ် လှေငယ်လေးကို ခိုးယူပြီး ထွက်ပြေးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်ဆုံး အချုပ်ခန်း အပြင်ဘက်ကို ထွက်နိုင်မှ ဖြစ်မှာမို့ ဘာလုပ်ရမလဲ စဉ်းစားနေတဲ့အချိန် အခန်းထဲကို ပန်းသီးတစ်လုံး ပြုတ်ကျလာပါတယ်။
အကြံရသွားတဲ့ Miguel က အဲဒီပန်းသီးနဲ့ အပြင်မှာ ရှိနေတဲ့ စစ်သူကြီးရဲ့ မြင်းဖြူကြီး Altivo ကို လှမ်းခေါ်လိုက်ပါတယ်။ ပန်းသီးစားချင်ရင် အချုပ်ခန်းတံခါးကို ဖွင့်ဖို့ သံတူရွင်း ဒါမှမဟုတ် သော့တစ်ခုခု ယူပေးဖို့ အပေးအယူ လုပ်ပါတော့တယ်။ ပန်းသီးကို အရမ်းစားချင်နေတဲ့ မြင်းဖြူကြီး Altivo ဟာ သံတူရွင်းအစား အစောင့်ဆီကနေ သော့တွဲကို ခိုးယူပြီး ချပေးလိုက်တာကြောင့် အကျဉ်းခန်းထဲကနေ သူတို့ ထင်ထားတာထက် ပိုမို လွယ်ကူစွာ လွတ်မြောက်သွားခဲ့ကြပါတယ်။
ညဘက် လူခြေတိတ်ချိန်မှာ အကျဉ်းခန်းထဲကနေ ထွက်လာကြပြီး Tulio စဉ်းစားထားတဲ့အတိုင်း အသက်ကယ်လှေငယ်လေးကို ပင်လယ်ထဲ ချကာ ခိုးပြီး ထွက်ပြေးကြပါတယ်။ ဒါပေမဲ့ Miguel က မြင်းဖြူကြီးကို ပန်းသီး မပေးရသေးတာကြောင့် သင်္ဘောပေါ်ကနေ မြင်းက တကောက်ကောက် လိုက်ကြည့်နေခဲ့ပါတယ်။ ခဏကြာမှ သတိရသွားတဲ့ Miguel က ပန်းသီးကို လှမ်းပစ်ကျွေးလိုက်ပေမဲ့ ကံဆိုးစွာနဲ့ပဲ ပန်းသီးက လှေငယ်လေးထဲ ပြုတ်ကျသွားတာကြောင့် ပန်းသီးနောက်ကို မြင်းဖြူကြီးပါ ပင်လယ်ထဲ ခုန်ဆင်းချလိုက်ပြီး သူတို့ရဲ့ အသက်ကယ်လှေလေးပါ မှောက်သွားပါတော့တယ်။
အနောက်ကနေ သင်္ဘောကြီးတွေက လိုက်လာမှာကို ကြောက်တာကြောင့် အသက်ဘေးက လွတ်အောင် မနည်း ကြိုးစားရင်း ကံကောင်းစွာနဲ့ လှေကို ပြန်လည် တည့်မတ်နိုင်ခဲ့ပါတယ်။ ပြီးနောက် ရေထဲ ကျသွားတဲ့ မြင်းဖြူကြီး Altivo ကိုပါ လှေပေါ် အတူတူ တင်ခေါ်သွားလိုက်ရပါတယ်။
ဒါပေမဲ့ ပါလာတဲ့ မြင်းကြီးက ရိက္ခာအဖြစ် သိုလှောင်ထားတဲ့ ပန်းသီးတွေကို တစ်ထိုင်တည်းနဲ့ အကုန် စားပစ်လိုက်တဲ့အပြင်၊ သူတို့စားဖို့ လှေပေါ် ပြုတ်ကျလာတဲ့ ပင်လယ်ငှက်ကိုပါ ရေထဲက ငါးမန်းတွေက လုယူ စားသောက်သွားတာကြောင့် ပင်လယ်ပြင်ကြီးထဲမှာ ရက်ပေါင်းများစွာ အစာရေစာ ငတ်ပြတ်ကာ ဒုက္ခပင်လယ် ဝေနေခဲ့ကြရပါတယ်။
သောက်စရာ ရေချိုလည်း မရှိတော့တာကြောင့် အစာရေစာ ငတ်မွတ်ပြီး သူတို့ရဲ့ ဘဝဟာ ဒီပင်လယ်ပြင်ထဲမှာပဲ အဆုံးသတ်တော့မယ်လို့ ထင်မှတ်သွားကြပါတယ်။ အဲဒီအချိန်မှာ “မသေခင် ဘာတွေ ဖြစ်ချင်ခဲ့ကြလဲ” ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့် ပြောဆိုကြတဲ့အခါ နှစ်ယောက်စလုံးရဲ့ ပန်းတိုင်ဟာ စပိန်ဘုရင်ထက်တောင် ပိုမို ချမ်းသာကြွယ်ဝပြီး ရွှေငွေတွေ အများကြီး ပိုင်ဆိုင်ချင်ခဲ့တာ ဖြစ်နေပါတော့တယ်။
အဲဒီလိုမျိုး လက်လျှော့အရှုံးပေးဖို့ ပြင်ဆင်နေကြတဲ့အချိန်မှာပဲ ကံကောင်းစွာနဲ့ ကမ်းခြေတစ်ခုဆီ လှေလေး သောင်တင်သွားပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်ရှိသွားတာကြောင့် အသက်ဘေးက လွတ်မြောက်ကာ ပျော်ရွှင်သွားကြပါတယ်။ ဒါပေမဲ့ ကမ်းစပ်မှာတင် လူရိုးခေါင်းတွေနဲ့ လှံစိုက်ထားတဲ့ အမှတ်အသားတွေကို တွေ့လိုက်ရတာကြောင့် အသက်တော့ အသေမခံနိုင်ဘူးဆိုပြီး လှေနဲ့အတူ ပင်လယ်ထဲ ပြန်ဆင်းဖို့ ပြင်ကြပါတော့တယ်။
အဲဒီအချိန်မှာ Miguel က ကျွန်းရဲ့ မြေမျက်နှာသွင်ပြင်ကို ကြည့်ပြီး ယူလာတဲ့ ရှေးဟောင်းမြေပုံကို နောက်တစ်ကြိမ် ပြန်လည် ဖြန့်ကြည့်လိုက်ပါတယ်။ ထင်ထားတဲ့အတိုင်းပဲ မြေပုံထဲက ရွှေမြို့တော် El Dorado ရှိရာ ကျွန်းကို ရောက်နေကြတာ ဖြစ်နေပါတယ်။ ဒဏ္ဍာရီထဲကအတိုင်း ရွှေတွေ အများကြီး ရှိနေရင် သူတို့ ဖြစ်ချင်လှပါတယ်ဆိုတဲ့ အချမ်းသာဆုံး လူတွေ ဖြစ်ခွင့်ရတော့မှာမို့ အခုလို အချိန်မှာ ပြန်လှည့်သွားမယ်ဆိုရင် နောင်တရလိမ့်မယ်လို့ Miguel က ရှင်းပြပါတယ်။ Tulio လည်း နောင်တမရချင်တာကြောင့် Miguel ပြောတဲ့အတိုင်း ရွှေမြို့တော်ကို ရှာဖွေဖို့ သဘောတူလိုက်ပြီး ကျွန်းပေါ်ကို ပြန်တက်သွားခဲ့ကြပါတယ်။
ဒီလိုနဲ့ တောလမ်းတစ်လျှောက် အခက်အခဲတွေကြားကနေ ပျော်ပျော်ပါးပါး ဖြတ်သန်းရင်း ကျွန်းရဲ့ အတွင်းပိုင်းထဲ တဖြည်းဖြည်း ဆက်လက် ဝင်ရောက်လာကြပါတယ်။ နောက်ဆုံးမှာတော့ မြေပုံထဲကအတိုင်း El Dorado မြို့တံခါးဝ နေရာဆီ ရောက်ရှိသွားကြပေမဲ့ ဖြစ်ချင်တော့ အဲဒါဟာ သာမန် ကျောက်တုံးကြီးတစ်ခုသာ ဖြစ်နေတာကြောင့် Tulio တစ်ယောက် စိတ်တိုသွားပါတော့တယ်။ Miguel ကို ယုံကြည်မိလို့ အချိန်တွေ အလဟဿ ဖြုန်းလိုက်ရပြီဆိုပြီး မြင်းဖြူကြီး Altivo ပေါ် အမြန်ဆုံး တက်ခိုင်းကာ ဒီနေရာကနေ ပြန်ထွက်သွားဖို့ ပြင်ဆင်ကြပါတယ်။
အဲဒီအချိန်မှာပဲ တောအုပ်မြူခိုးတွေထဲကနေ မိန်းကလေးတစ်ယောက် အလန့်တကြား ပြေးထွက်လာပြီး သူတို့ရဲ့ မြင်းကို ဝင်တိုက်မိကာ လဲကျသွားပါတယ်။ ဒါတင်မကသေးဘဲ အဲဒီမိန်းကလေးနောက်ကို လိုက်ဖမ်းလာကြတဲ့ စစ်သည်တော် လူရိုင်းအုပ်ကြီးပါ ရောက်ရှိလာတာကြောင့် ပြန်ဖို့ ပြင်နေတဲ့ Tulio နဲ့ Miguel တို့ပါ ပူးတွဲ ဖမ်းဆီးခြင်း ခံလိုက်ရပါတော့တယ်။
အမှန်တော့ သူတို့ တွေ့လိုက်ရတဲ့ ကျောက်တုံးကြီးဆိုတာ အကာအကွယ်အတု ဖြစ်ပြီး အခု စစ်သည်တော်တွေ ခေါ်ဆောင်သွားတဲ့ ရေတံခွန်နောက်ကွယ်က လျှို့ဝှက်ဂူပေါက်ဝဟာ ရွှေမြို့တော်ဆီ သွားတဲ့ လမ်းအစစ် ဖြစ်နေပါတယ်။ အဲဒီလမ်းအတိုင်း ဝင်သွားလိုက်တဲ့အခါမှာတော့ ရွှေတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ သွားချင်နေကြတဲ့ ရွှေမြို့တော်ကြီး El Dorado ဆီ အမှန်တကယ် ရောက်ရှိသွားပါတော့တယ်။
ရွှေမြို့တော်မှာ ဌာနေတိုင်းရင်းသား လူမျိုးစုတွေသာ နေထိုင်ကြတာဖြစ်ပြီး အုပ်ချုပ်တဲ့ ခေါင်းဆောင် နှစ်ယောက် ရှိပါတယ်။ ပထမတစ်ယောက်ကတော့ မြို့စားမင်းကြီး Chief Tannabok ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ယဇ်ပုရောဟိတ်ဆရာကြီး Tzekel-Kan ပဲ ဖြစ်ပါတယ်။ မြို့ထဲက လူတွေဆီမှာလည်း နောက်လိုက်အဖွဲ့ နှစ်ဖွဲ့ ကွဲနေပြီး ပထမအဖွဲ့က Tzekel-Kan ရဲ့ လူတွေ ဖြစ်ကြသလို ဒုတိယအဖွဲ့ကတော့ Chief Tannabok ရဲ့ လူတွေ ဖြစ်ကြပါတယ်။ လက်ရှိအချိန်မှာတော့ မှော်ပညာကို တတ်ကျွမ်းတဲ့ Tzekel-Kan က အာဏာ ပိုမို လွှမ်းမိုးနေတာ ဖြစ်ပါတယ်။
မြို့ထဲကို ရောက်တာနဲ့ Tulio တို့နှစ်ယောက်ဟာ အဖမ်းခံလာရတာမို့ ကြောက်လန့်နေကြပေမဲ့ Tzekel-Kan က ရှေးဟောင်း ဟောကိန်းထဲကအတိုင်း သူတို့ဆီကို ရွှေနတ်ဘုရားတွေ ရောက်ရှိလာပြီဆိုပြီး ကြေညာလိုက်တာကြောင့် အခြေအနေက ရုတ်တရက် ပြောင်းပြန် ဖြစ်သွားပါတော့တယ်။
Tzekel-Kan ရဲ့ စကားကြောင့် Tulio နဲ့ Miguel တို့ကို နတ်ဘုရားအစစ်တွေအဖြစ် အားလုံးက ယုံကြည်သွားကြပါတယ်။ ဒါ့အပြင် သူတို့နဲ့ ဝင်တိုက်မိတဲ့ မိန်းကလေးဟာ ဘုရားကျောင်းက ရွှေတွေကို ခိုးယူပြီး ထွက်ပြေးလာသူ ဖြစ်တာကြောင့် နတ်ဘုရားတွေကပဲ ပြန်လည် ဖမ်းဆီးလာပေးတယ်ဆိုပြီး လူအများရှေ့မှာ နောက်ထပ် အမှတ်တရ ဂုဏ်ပြုခံလိုက်ရပြန်ပါတယ်။
Chel လို့ခေါ်တဲ့ အဲဒီမိန်းကလေးကို Tzekel-Kan က အပြစ်ပေးတဲ့အနေနဲ့ ယဇ်ပူဇော်ပြီး သတ်ပစ်ဖို့ လုပ်ဆောင်တဲ့အခါ Tulio က ကြားကနေ ဝင်ရောက် တားဆီးကာ လွှတ်ပေးဖို့ အမိန့်ပေးလိုက်ပါတယ်။ Tzekel-Kan လည်း နတ်ဘုရားတွေရဲ့ အမိန့်ကို မလွန်ဆန်ရဲတာကြောင့် လွှတ်ပေးလိုက်ရပေမဲ့ ခိုးယူလာတဲ့ ရွှေပစ္စည်းကို နတ်ကွန်းဆီ ကိုယ်တိုင် သွားရောက် ပြန်ထားခိုင်းလိုက်ပါတယ်။
ဒါပေမဲ့ Tulio နဲ့ Miguel တို့ဟာ နတ်ဘုရားအစစ် ဟုတ်မဟုတ်ကို အပြည့်အဝ မယုံကြည်သေးတဲ့ Tzekel-Kan က သူတို့ရဲ့ နတ်ဘုရား တန်ခိုးစွမ်းအားတွေကို လူအများရှေ့မှာ ထုတ်ပြဖို့ တောင်းဆိုလာပါတော့တယ်။ သူတို့မှာ ဘာတန်ခိုးစွမ်းအားမှ မရှိတာကြောင့် ထွက်ပြေးဖို့ ပြင်ဆင်ပေမဲ့ အနားမှာ အစောင့်အရှောက်တွေ အများကြီး ဝိုင်းရံထားတာကြောင့် အလိမ်ပေါ်သွားရင် ချက်ချင်း အသတ်ခံရမယ့် ကိန်းဆိုက်နေပါတယ်။
အဲဒီအချိန်မှာပဲ ကံဆိုးစွာနဲ့ ကျွန်းရဲ့ တစ်ဖက်ခြမ်းက မီးတောင်က မီးခိုးတွေ ထွက်လာပြီး ပေါက်ကွဲလုနီးပါး ဖြစ်လာပါတော့တယ်။ Miguel က အကြံထုတ်ဖို့ Tulio ကို အတင်း ဖိအားပေးနေတာကြောင့် စိတ်တိုလာတဲ့ Tulio က “ရပ်လိုက်တော့!” ဆိုပြီး ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ ကံကောင်းစွာနဲ့ပဲ အဲဒီအချိန်မှာ မီးတောင်ကလည်း အချိန်ကိုက် ငြိမ်သက်သွားခဲ့တာကြောင့် မီးတောင်ပေါက်ကွဲမှုကို တားဆီးနိုင်တဲ့ တန်ခိုးရှင် နတ်ဘုရားတွေဆိုပြီး အားလုံးက ချက်ချင်း တထစ်ချ ယုံကြည်သွားကြပါတော့တယ်။
ထူးထူးခြားခြား လိမ်ညာစရာ မလိုဘဲ နတ်ဘုရားတွေမှန်း အားလုံးက ယုံကြည်သွားကြတဲ့နောက် Tzekel-Kan က ဒီနေ့တော့ အနားယူဖို့ ပြောကြားရင်း သီးသန့် အဆောင်တော်တစ်ခုဆီ လိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။ အဆောင်ထဲ မဝင်ခင်မှာလည်း Tzekel-Kan နဲ့ Chief Tannabok တို့က ကိုယ်ပိုင် ဧည့်ခံပွဲတွေနဲ့ ကြိုဆိုခွင့်ပေးဖို့ တောင်းဆိုကြတာကြောင့် Tulio တို့ကလည်း သဘောတူ လက်ခံလိုက်ကြပါတယ်။
အဆောင်ထဲမှာ ဘယ်သူမှ မရှိတော့ဘူးဆိုမှ Tulio နဲ့ Miguel တို့ဟာ သူတို့ရဲ့ လှည့်စားမှု အောင်မြင်သွားတာကြောင့် အလွန်အမင်း ဝမ်းသာအားရ ပျော်မြူးနေကြပါတယ်။ ဒါပေမဲ့ ပစ္စည်းကို ပြန်လာထားတဲ့ မိန်းကလေး Chel က အထဲမှာ ရှိနေဆဲဖြစ်တာကြောင့် သူတို့နှစ်ယောက်ဟာ နတ်ဘုရားအတု လူလိမ်တွေ ဖြစ်နေမှန်း ပေါ်သွားပါတော့တယ်။
Miguel က ဆက်ပြီး လိမ်ညာဖို့ ကြိုးစားပေမဲ့ ဉာဏ်ကောင်းတဲ့ Chel က အရာအားလုံးကို ရိပ်မိသွားပြီး ဖြစ်တာကြောင့် နောက်ဆုံးမှာတော့ သူတို့ရဲ့ အစီအစဉ်အမှန်ကို ဖွင့်ပြောလိုက်ရပါတယ်။ အဲဒါကတော့ ရွှေတွေကို ယူဆောင်ပြီး ဒီကျွန်းကနေ ပြန်လည် ထွက်ပြေးမယ့် အကြောင်းအရာ ဖြစ်ပါတယ်။
အချင်းချင်း မိတ်ဆက်ကြတဲ့အခါ အဲဒီမိန်းကလေးရဲ့ နာမည်ဟာ Chel ဖြစ်မှန်း သိလိုက်ရပြီး၊ သူမကလည်း ဒီရွှေမြို့တော်ကနေ ထွက်ပြေးချင်နေတာကြောင့် Tulio တို့နဲ့ ပူးပေါင်းဖို့ ကမ်းလှမ်းလာပါတယ်။ သူမဟာ ဒီနယ်မြေခံ ဖြစ်တာကြောင့် ကျွန်းကနေ အန္တရာယ်ကင်းကင်း ပြန်ထွက်နိုင်မယ့် လမ်းကြောင်းကို သိတဲ့ တစ်ဦးတည်းသောသူ ဖြစ်နေတာကြောင့် Tulio တို့အတွက်လည်း မရှိမဖြစ် မဟာမိတ် ဖြစ်လာခဲ့ပါတယ်။ ကျန်တဲ့ အစီအစဉ်တွေကို နောက်မှ ဆက်ပြောဖို့ မှာကြားရင်း အပြင်မှာ စောင့်ဆိုင်းနေကြတဲ့ လူတွေရဲ့ ကြိုဆိုပွဲအတွက် အဝတ်အစားတွေ လဲလှယ်ဝတ်ဆင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။
Tulio နဲ့ Miguel တို့လည်း တိုင်းရင်းသား ဝတ်စုံတွေကို လဲလှယ်ဝတ်ဆင်ပြီး အပြင်ကို ထွက်ကြည့်လိုက်တဲ့အခါ Chief Tannabok က သူ့ရဲ့ လူတွေနဲ့အတူ အစားအသောက်၊ တေးဂီတတွေ ပြည့်နှက်နေတဲ့ ကြိုဆိုပွဲကြီးကို ကျင်းပပေးနေတာကို တွေ့လိုက်ရပါတယ်။ ဘာမှ မသိနားမလည်ပေမဲ့ စည်ကားလှတဲ့ ကြိုဆိုပွဲဖြစ်တာကြောင့် တစ်ညလုံး သောက်စား ကခုန်ကာ ပျော်ပါးခဲ့ကြပါတယ်။
ဒါပေမဲ့ နောက်တစ်နေ့ မနက်ရောက်တဲ့အခါ Tzekel-Kan က သူ့ရဲ့ ကြိုဆိုပွဲကို ထပ်မံ ကျင်းပပေးခဲ့ပါတယ်။ ဖြစ်ချင်တော့ ညက Chief Tannabok ရဲ့ ပျော်ပွဲရွှင်ပွဲလို မဟုတ်ဘဲ လူသားတွေကို သတ်ဖြတ်ပြီး နတ်ဘုရားတွေဆီ သွေးစွန်းသော ယဇ်ပူဇော်ပွဲ ပြုလုပ်မယ့် ကြောက်မက်ဖွယ် အခမ်းအနားကြီး ဖြစ်နေပါတော့တယ်။
Tzekel-Kan ရဲ့ သက်တမ်းတစ်လျှောက် လေ့လာမှတ်သားချက်တွေအရ နတ်ဘုရားတွေဟာ သွေးဆာပြီး အကြမ်းဖက်မှုကို နှစ်သက်ကြသူတွေ ဖြစ်တာကြောင့် လက်ဆောင်အနေနဲ့ လူတစ်ယောက်ကို ကျွန်းရဲ့ အောက်ခြေမှာရှိတဲ့ ရေဝဲကြီးထဲ တွန်းချကာ ယဇ်ပူဇော်ပြီး သတ်ပစ်ဖို့ ပြင်ဆင်ပါတော့တယ်။ အခြေအနေ မကောင်းတော့တာကို ရိပ်မိလိုက်တဲ့ Tulio နဲ့ Miguel တို့က ကြားကနေ အမြန် ဝင်တားလိုက်ရပါတယ်။ သူတို့လို နတ်ဘုရားတွေ အမှန်တကယ် လိုချင်တာဟာ သက်ရှိလူသားတွေ မဟုတ်ဘဲ ရွှေငွေ ရတနာလို သက်မဲ့ အရာဝတ္ထုတွေသာ ဖြစ်တယ်လို့ ပြန်ပြောလိုက်တာကြောင့် Tzekel-Kan တစ်ယောက် ဘာလုပ်ရမှန်းမသိ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပါတယ်။
အဲဒီအချိန်မှာ Chief Tannabok က အခွင့်ကောင်းယူကာ သူ့ရဲ့ လက်ဆောင်အဖြစ် ရွှေထည်ပစ္စည်းတွေကို ဆက်သပါတော့တယ်။ ကိုယ်လိုချင်တဲ့ ရွှေတွေကို မြင်လိုက်ရတဲ့ Tulio တို့ကလည်း အဲဒီလို ရွှေထည်မျိုးကမှ နတ်ဘုရားတွေနဲ့ ထိုက်တန်တာဆိုပြီး သဘောတူလိုက်ကြပါတယ်။ ဒါပေမဲ့ လူတွေက နတ်ဘုရားတွေဆီ ရွှေပေးလှူရတာကို နတ်ကွန်းရေဝဲထဲ ပစ်ချရမယ်လို့ ထင်မှတ်နေကြတာကြောင့် Tulio တို့ကို ကျော်ပြီး ရွှေတွေကို ရေထဲ လွှင့်ပစ်နေကြပါတော့တယ်။ ဒါကို မြင်တဲ့ Chel က Chief Tannabok ဆီ သွားရောက်ပြီး “နတ်ဘုရားတွေက သူတို့လက်နဲ့ ကိုယ်တိုင် လက်ခံချင်တာ” လို့ ကြားကနေ ဝင်ပြောပေးလိုက်တာကြောင့် ရွှေတွေကို Tulio တို့ စံမြန်းရာ အဆောင်တော်ဆီ တိုက်ရိုက် ပို့ဆောင်ပေးဖို့ အမိန့်ထုတ်လိုက်ပါတယ်။
နတ်ဘုရားတွေရဲ့ သဘောကျမှုကို ရရှိသွားတဲ့ Chief Tannabok က Tzekel-Kan ထက် အသာစီး ရသွားပြီဖြစ်တာကြောင့် အောင်ပွဲခံ အပြုံးနဲ့ ပြုံးပြလိုက်ပါတယ်။ Tzekel-Kan ကတော့ ဒီကိစ္စအပေါ် အလွန်အမင်း မကျေမနပ် ဖြစ်သွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရွှေမြို့တော်ကို လာရောက် သိမ်းပိုက်မယ့် စစ်သူကြီး Cortés ရဲ့ စစ်တပ်ဟာ ကျွန်းပေါ်ကို စတင် ခြေချ ရောက်ရှိလာပါပြီ။
ရွှေတွေ အများကြီး ရရှိသွားပြီဖြစ်တာကြောင့် ညနေဘက်မှာပဲ Tulio တို့ဟာ ကျွန်းပေါ်ကနေ စပိန်နိုင်ငံဆီ ပြန်သွားမယ့် အစီအစဉ်ကို စတင်ပါတော့တယ်။ သူတို့အတွက် ရွှေတွေ တင်ဆောင်နိုင်မယ့် သင်္ဘောကြီးတစ်စင်း တည်ဆောက်ပေးဖို့ Chief Tannabok ဆီ သွားရောက် အကူအညီတောင်းခံကြပါတယ်။ သူတို့နဲ့အတူ နတ်ဘုရားတွေ ထာဝရ အတူနေထိုင်သွားမယ်လို့ ထင်ထားတဲ့ Chief Tannabok ကို “လူနဲ့ နတ်ဘုရားဆိုတာ ကိုယ့်နေရာနဲ့ကိုယ် ရှိကြတာမို့ အချိန်တန်ရင် နတ်ဘုံနတ်နန်းဆီ ပြန်ကြရမယ်” လို့ ရှင်းပြလိုက်ပါတယ်။ Chief Tannabok က ပြန်သွားရမှာကို လက်ခံလိုက်ပေမဲ့ အခု Miguel တောင်းဆိုတဲ့ လှေသင်္ဘောမျိုး တည်ဆောက်ဖို့အတွက်ဆိုရင် အချိန် သုံးလလောက် ကြာမြင့်လိမ့်မယ်လို့ ပြောလာပါတယ်။
သုံးလဆိုတာ အလိမ်ပေါ်သွားနိုင်တဲ့အတွက် အချိန် အရမ်းကြာလွန်းတာကြောင့် လူအင်အား အကုန်သုံးပြီး အမြန်ဆုံး ပြီးစီးအောင် တည်ဆောက်ပေးဖို့ တောင်းဆိုကြပါတယ်။ Chief Tannabok ကလည်း နတ်ဘုရားတွေအတွက်ဆိုရင်တော့ လူအင်အား အပြည့်သုံးပြီး အထူးအစီအစဉ်အနေနဲ့ ၃ ရက်အတွင်း အပြီး တည်ဆောက်ပေးမယ်လို့ သဘောတူလိုက်ပါတယ်။ ဒီထက် ပိုပြီး အချိန်တိုလိုက်မယ်ဆိုရင် လှေရဲ့ ကြံ့ခိုင်မှုကို အာမခံနိုင်တော့မှာ မဟုတ်တာကြောင့် Miguel တို့ကလည်း ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ ဒါပေမဲ့ ၃ ရက်ဆိုတာကလည်း Tulio အတွက်တော့ အတော်လေး ကြာနေဆဲဖြစ်တာကြောင့် ရတဲ့နည်းနဲ့ အမြန်ဆုံး ထွက်ခွာချင်နေဆဲပါပဲ။
Tulio ဟာ အမြဲတမ်း စိတ်ပူတတ်ပြီး အစီအစဉ်တွေကို သေချာ တိတိကျကျ ချမှတ်တတ်သူ ဖြစ်ပေမဲ့ Miguel ကတော့ လက်ရှိအချိန်မှာ ပျော်ပျော်ပါးပါး နေထိုင်တတ်သူ ဖြစ်ပါတယ်။ အခုလည်း မြို့ထဲ လျှောက်လည်ဖို့ ပြင်နေတဲ့ Miguel ကို ဒီမှာပဲ ငြိမ်ငြိမ်လေး စောင့်နေဖို့ Tulio က အော်ဟစ် ဆူပူနေခဲ့ပါတယ်။ လူရိုင်းပုံစံ သဘာဝကျကျ နေထိုင်သွားမယ်ဆိုရင် ဘာပြဿနာမှ မရှိနိုင်ဘူးဆိုတာကို Chel က သိထားတာကြောင့် Tulio ကို နားချပြီး Miguel ကို မြို့ထဲ လျှောက်လည်ဖို့ ခွင့်ပြုလိုက်ပါတယ်။ Miguel နဲ့ အတူရှိနေရင် Tulio ဟာ အမြဲတမ်း အကြံထုတ် ရုန်းကန်နေရတာကြောင့် တစ်ခုခုဆို စိုးရိမ်ပူပန်နေတတ်တာပါ။ ဒါပေမဲ့ Chel နဲ့ စကားပြောရင်း စိတ်အေးလက်အေး နေထိုင်ရတဲ့အခါ ထူးဆန်းစွာနဲ့ပဲ Tulio ဟာ Chel ရဲ့ အနားမှာ ရှိနေတဲ့အခါ စိတ်ပူပန်မှုတွေ မရှိတော့ဘူးဆိုတဲ့ ခံစားချက်အသစ်ကို တွေ့ရှိသွားခဲ့ပါတယ်။
မြို့ထဲ လျှောက်လည်နေတဲ့ Miguel ကို တွေ့တဲ့အခါ မြို့ခံတွေအားလုံးက နတ်ဘုရားဆိုပြီး ကြောက်လန့်တကြား ထွက်ပြေးပုန်းအောင်းနေကြပါတယ်။ သူတို့ဟာ ကြောက်စရာကောင်းတဲ့သူတွေ မဟုတ်ကြောင်း သက်သေပြဖို့အတွက် Miguel က စောင်း (Lute) ဂီတတူရိယာကို တီးခတ်ပြီး ဘယ်သူမှ မကြားဖူးသေးတဲ့ သာယာငြိမ့်ညောင်းတဲ့ သီချင်းသံတွေကို ဖန်တီးပေးလိုက်ပါတယ်။ အစပိုင်းမှာ ကြောက်နေကြပေမဲ့ သီချင်းသံကို ကြားရတဲ့အခါ လူတွေရဲ့ ကြောက်စိတ်တွေ ပြေပျောက်သွားပြီး ကလေးတွေကအစ Miguel ရဲ့ အနားကို ချဉ်းကပ်လာကြပါတယ်။ နတ်ဘုရားတွေဟာ ကြောက်စရာ မကောင်းမှန်း သိလာကြတဲ့နောက် မြို့ထဲမှာ Tzekel-Kan ထုတ်ပြန်ထားတဲ့ အပြင်မထွက်ရဆိုတဲ့ အမိန့်ကိုပါ လူတွေက လျစ်လျူရှုပြီး ပျော်ရွှင်စွာ ထွက်လာကြပါတော့တယ်။
ကလေးတွေနဲ့အတူ ပျော်ရွှင်စွာ ဘောလုံးကစားနေတဲ့ Miguel ကို Tzekel-Kan က စောင့်ကြည့်နေရင်း သူ သိထားတဲ့ နတ်ဘုရားပုံစံတွေနဲ့ ကွဲလွဲနေတာကို သတိထားမိလာပါတယ်။ ဒီအကြောင်းကို စုံစမ်းဖို့အတွက် Tulio ဆီ သွားရောက်ပြီး “နတ်ဘုရားတစ်ပါးက သာမန်ကလေးတွေနဲ့ ဘောလုံးကစားနေတာ သင့်တော်ရဲ့လား” လို့ သွားရောက် မေးခွန်းထုတ်ပါတော့တယ်။ အလိမ်ပေါ်သွားမှာ စိုးရိမ်တဲ့ Tulio ကလည်း သူ သွားရောက် ကြည့်ရှုပေးပါမယ်ဆိုပြီး ထွက်လာခဲ့ပါတယ်။
ကစားနေတဲ့ Miguel ဆီကို Tulio ရောက်လာပြီး Tzekel-Kan က သံသယဝင်နေပြီဖြစ်တာကြောင့် အပြုအမူတွေကို သတိထားဖို့ သတိပေးနေချိန်မှာပဲ Tzekel-Kan က ရောက်ရှိလာပါတယ်။ “နတ်ဘုရားတွေ ကစားတဲ့ ဘောလုံးပွဲဆိုတာ ဒီလိုမဟုတ်ဘဲ မြို့ရဲ့ အတော်ဆုံး ကစားသမားတွေနဲ့ အထွတ်အမြတ် အခမ်းအနားအဖြစ် ယှဉ်ပြိုင်ရတာ ဖြစ်တယ်” လို့ ပြောဆိုကာ စိန်ခေါ်ပွဲတစ်ခု စီစဉ်ပေးလိုက်ပါတော့တယ်။
ရွှေမြို့တော်ရဲ့ အသန်မာဆုံး ဘောလုံးကစားသမားတွေနဲ့ ပြည့်နှက်နေတဲ့ အဖွဲ့ကို စီစဉ်ပြီး ကျောက်ကွင်းကြီးထဲမှာ နေမဝင်ခင် အမှတ်အများဆုံး ရတဲ့သူက အနိုင်ဆိုပြီး ပြိုင်ပွဲ စတင်ပါတော့တယ်။ တစ်ဖက်က ကာယဗလတောင့်တင်းတဲ့ ကစားသမား ၇ ယောက် ဖြစ်ပြီး Tulio နဲ့ Miguel တို့ကတော့ ၂ ယောက်တည်း ဖြစ်နေတာကြောင့် ဘယ်လို အနိုင်ယူရမလဲ စဉ်းစားရခက်နေခဲ့ပါတယ်။ ထင်ထားတဲ့အတိုင်းပဲ ပြိုင်ဘက်တွေဆီကနေ တစ်ဂိုးပြီးတစ်ဂိုး ဆက်တိုက် သွင်းယူခံနေရတာကြောင့် Tulio တို့ အရှုံးကြီး ရှုံးနိမ့်လာပြီး Tzekel-Kan ရဲ့ သံသယစိတ်ကလည်း ပိုမို ကြီးထွားလာပါတော့တယ်။
ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ပွဲကြည့်စင်ပေါ်မှာ ရှိနေတဲ့ Chel က ဘောလုံးနေရာမှာ ဘောလုံးနဲ့ ပုံစံတူတဲ့ သင်းခွေချပ်ကောင်လေး (Armadillo) ကို အစားထိုး ထည့်ပေးလိုက်ပါတယ်။ သင်းခွေချပ်လေးရဲ့ လှုပ်ရှားကူညီမှုကြောင့် ရှုံးနိမ့်နေတဲ့ နေရာကနေ အမှတ်တွေ ဆက်တိုက် ပြန်လည် ရရှိလာပြီး၊ ပုံမှန်အတိုင်းဆိုရင် မဖြစ်နိုင်တဲ့ ကစားကွက်တွေနဲ့ Tulio နဲ့ Miguel တို့ဟာ ပြိုင်ဘက်တွေကို အပြတ်အသတ် အနိုင်ယူ ပြသလိုက်နိုင်ပါတော့တယ်။ ဒီပွဲကို ကြည့်ရှုနေတဲ့ လူထုကြီးတစ်ခုလုံးကလည်း သူတို့နှစ်ယောက်ဟာ တကယ့် နတ်ဘုရား စစ်စစ်တွေပါပဲဆိုပြီး ထပ်မံ ယုံကြည်သွားကြပါတော့တယ်။
ဒါပေမဲ့ အချိန်တစ်ခုကို ရောက်တဲ့အခါ သင်းခွေချပ်လေးက ကွင်းပြင်ဘက်ကို ထွက်ပြေးသွားပြီး ပုံမှန် ကျောက်ဘောလုံးအစစ်က ကွင်းထဲ ပြန်လည် ရောက်ရှိလာပါတယ်။ ဒါကြောင့် သူတို့ လက်ထဲက ဘောလုံးဟာ သာမန်ဘောလုံးအစစ် ဖြစ်သွားပြီဆိုတာကို သိလိုက်ရတဲ့ Tulio တို့နှစ်ယောက် ကစားရ အခက်တွေ့သွားကြပါတယ်။ ပွဲက ပြီးဆုံးတော့မှာဖြစ်တာကြောင့် လက်ထဲက ဘောလုံးကို ဂိုးကွင်းပေါက်ထဲ လှမ်းပစ်ပြီး အနိုင်ယူဖို့ ပြင်ဆင်ကြပါတယ်။ ကံဆိုးစွာနဲ့ပဲ Tulio က အရှိန်လွန်ပြီး Miguel ရဲ့ မျက်ခုံးကို တံတောင်နဲ့ တိုက်မိသွားသလို၊ ဘောလုံးကလည်း ဂိုးပေါက်ကို မဝင်ဘဲ ပြန်ကန်ထွက်လာပါတယ်။ Tulio က လေပေါ် ခုန်တက်ပြီး ခြေထောက်နဲ့ ထပ်ကန်လိုက်ပေမဲ့ ဂိုးကွင်းပေါက် နှုတ်ခမ်းဝမှာတင် ဘောလုံးက တင်ကျန်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ အပြင်က မြင်းဖြူကြီး Altivo က ဘေးနံရံကို ခြေထောက်နဲ့ ကန်ချလိုက်တာကြောင့် တုန်ခါမှုနဲ့အတူ ဘောလုံးက ဂိုးပေါက်ထဲ ဝင်သွားပြီး Tulio တို့ အနိုင်ရရှိသွားကာ အောင်ပွဲခံ ပျော်ရွှင်သွားကြပါတယ်။
ဒါပေမဲ့ ရှုံးနိမ့်သွားတဲ့ ပြိုင်ဘက် ကစားသမား ၇ ယောက်ကို Tzekel-Kan က “ရှုံးတဲ့သူတွေကို နတ်ဘုရားတွေအတွက် သွေးစွန်းသော ယဇ်ပူဇော်ပွဲ ပြုလုပ်ရမယ်” ဆိုပြီး သတ်ဖြတ်ဖို့ လုပ်ပါတော့တယ်။ ကြားထဲကနေ Miguel က အမြန် ဝင်တားလိုက်ပြီး “ဒါဟာ သာမန် ကစားပွဲတစ်ခုသာဖြစ်လို့ လူတွေရဲ့ အသက်နဲ့ ရင်းရလောက်တဲ့အထိ မတန်ဘူး” လို့ ပြောဆိုလိုက်ပါတယ်။ ပြီးတော့ တစ်ခုခုဆို နတ်ဘုရားတွေအတွက် သွေးနဲ့ ယဇ်ပူဇော်မယ်ချည်း လုပ်နေတဲ့ Tzekel-Kan ကို ဒီမြို့မှာ ဆက်ပြီး တာဝန်ထမ်းဆောင်ခွင့် မရှိတော့ကြောင်း ကြေညာကာ လူအများရှေ့မှာတင် ရာထူးကနေ နှင်ထုတ်ပစ်လိုက်ပါတယ်။ တစ်မြို့လုံးက လူထုကြီးကလည်း Miguel ရဲ့ ဆုံးဖြတ်ချက်ကို သဘောကျပြီး အားပေးထောက်ခံကြပါတယ်။
ဒါပေမဲ့ အဲဒီလို ပြောဆိုနေစဉ်မှာပဲ ခုနက Tulio နဲ့ တိုက်မိထားတဲ့ ဒဏ်ရာကြောင့် Miguel ရဲ့ မျက်ခုံးကနေ သွေးတွေ စီးကျလာပါတော့တယ်။ အဲဒါကို Tzekel-Kan က ရုတ်တရက် သတိထားမိသွားပြီး “Miguel ဟာ နတ်ဘုရား မဟုတ်ဘူး” ဆိုတဲ့ အချက်ကို သိရှိသွားပါတော့တယ်။ အမှန်တော့ နတ်ဘုရားအစစ်တွေရဲ့ ခန္ဓာကိုယ်မှာ လူသားတွေလို သွေးမရှိဘူးဆိုတဲ့ အယူအဆကြောင့် သွေးထွက်နေတဲ့ Miguel ဟာ လူလိမ်တစ်ယောက်သာ ဖြစ်ကြောင်း သိသွားရခြင်း ဖြစ်ပါတယ်။ မကြာခင် ဒီလူလိမ်တွေ မြို့ကနေ ထွက်ခွာသွားတော့မှာ ဖြစ်တာကြောင့် သူကိုယ်တိုင်ပဲ ဒီကိစ္စကို လက်တုံ့ပြန် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မြို့ထဲမှာတော့ သတ်မှတ်ထားတဲ့ ၃ ရက်တာ အချိန်ဟာ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပါတယ်။ Tulio နဲ့ Chel တို့ဟာလည်း အချင်းချင်း သံယောဇဉ် တွယ်ငြိလာကြပြီး အဆင်ပြေနေကြပေမဲ့ Miguel ကတော့ ဒီရွှေမြို့တော်ကနေ ထွက်မသွားချင်တော့ဘဲ ဒီမှာပဲ အပြီး နေထိုင်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ဆောက်လက်စ လှေသင်္ဘောကိုလည်း ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ အကြောင်းပြကာ အချိန်ဆွဲဖို့ လုပ်နေတာကို ရိပ်မိသွားတဲ့ Chief Tannabok က “ဒီမှာပဲ အမြဲ နေချင်ရင် နေခဲ့လို့ ရပါတယ်” လို့ အားပေးစကား ပြောလာပါတယ်။ ဒါကြောင့် ဒီမြို့မှာပဲ နေခဲ့တော့မယ်ဆိုတဲ့ အကြောင်းကို Tulio ဆီ သွားရောက် ပြောပြဖို့ ပြင်ဆင်လိုက်ပါတယ်။
ဒါပေမဲ့ ပြန်ရောက်သွားတဲ့အခါ Tulio က စပိန်နိုင်ငံကို အတူတူ ပြန်လိုက်ဖို့ Chel ကို ဖိတ်ခေါ်နေပြီး၊ ရှာဖွေထားတဲ့ ရွှေတွေကိုလည်း Chel ကို ခွဲဝေပေးဖို့ သဘောတူထားတာကို Miguel ကြားသွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်တည်း အတူတူ စပိန်ကို ပြန်ကြမယ်ဆိုတဲ့ သဘောမျိုး ပြောနေတာကို ကြားလိုက်ရတဲ့အခါ Tulio ဟာ သူ့ကို အရင်လို ဂရုမစိုက်တော့ဘဲ မေ့ပစ်လိုက်ပြီလို့ Miguel က အထင်လွဲကာ စိတ်ဝမ်းကွဲသွားကြပါတော့တယ်။
တစ်ဖက်မှာလည်း Tzekel-Kan က အမှောင်မှော်အတတ်ကို သုံးပြီး မှော်ဆေးရည် ဖော်စပ်နေပါတယ်။ သူ့ရဲ့ တပည့်ဖြစ်သူကိုပါ သတ်ဖြတ်ပြီး ယဇ်ပူဇော်ကာ မှော်ဆေးရည်ထဲ ထည့်လိုက်တဲ့အခါ မှော်စွမ်းအားတွေ ထွက်ပေါ်လာပြီး ကျောက်သား ကျားသစ်နက်ရုပ်တုကြီး (Giant Jaguar) ကို သူ့ရဲ့ မှော်ပညာနဲ့ စိတ်ကြိုက် ထိန်းချုပ် အသက်သွင်းလိုက်နိုင်ပါတော့တယ်။
Miguel နဲ့ Tulio တို့ကြားမှာလည်း အထင်လွဲမှားမှုတွေကြောင့် အချင်းချင်း စကားများ ကတောက်ကဆ ဖြစ်နေကြချိန်မှာပဲ ရုတ်တရက် ကျောက်ကျားသစ်နက်ကြီးကို စီးနင်းပြီး ထိန်းချုပ်ထားတဲ့ Tzekel-Kan ရောက်ရှိလာကာ တစ်မြို့လုံးကို ဖျက်ဆီးပါတော့တယ်။ အားလုံး အလန့်တကြား ထွက်ပြေးကြရပြီး တောတောင်တွေကို ဖြတ်ကျော်ကာ ဘယ်လောက်ပဲ ပြေးပါစေ Tzekel-Kan က ထပ်ကြပ်မကွာ လိုက်လံ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ နေရာတစ်ခုမှာ ပိတ်မိသွားတဲ့အခါ Tulio က အရင်ကတည်းက သုံးနေကျ လှည့်စားတဲ့ အကွက်ကို စတင် အချက်ပြလိုက်ပါတယ်။
နှစ်ယောက်သား အချင်းချင်း ရန်ဖြစ်သလို ဟန်ဆောင်ရင်း Tzekel-Kan ရဲ့ အာရုံကို လွှဲလိုက်ပြီး အနားက သစ်နွယ်ကြိုးတွေနဲ့ ကျောက်ကျားသစ်ကြီးကို ဖမ်းဆီး ချည်နှောင်ဖို့ ကြိုးစားကြပါတယ်။ Tzekel-Kan က ပြန်လည် တိုက်ခိုက်ဖို့ လုပ်ပေမဲ့ ကံဆိုးစွာနဲ့ပဲ သူ့ရဲ့ ကျောက်ကျားသစ်ကြီးနဲ့အတူ အောက်ဘက်က ရေဝဲနက်ကြီးထဲကို ပြုတ်ကျသွားပြီး ရေစီးနဲ့အတူ ကျွန်းရဲ့ အပြင်ဘက် ပင်လယ်ဆီ မျောပါသွားပါတော့တယ်။
Tulio တို့ကတော့ ရန်သူကို အပြီးတိုင် ရှင်းထုတ်နိုင်ပြီလို့ ထင်မှတ်သွားကြပေမဲ့ တကယ်တမ်းမှာ Tzekel-Kan ဟာ အသက်ရှင်ကျန်နေသေးပြီး ကျွန်းပေါ်ကို ရောက်ရှိလာတဲ့ စစ်သူကြီး Cortés ရဲ့ စစ်တပ်နဲ့ သွားရောက် ဆုံတွေ့ခဲ့ပါတယ်။ စစ်သူကြီး Cortés က Tzekel-Kan ဝတ်ဆင်ထားတဲ့ ရွှေထည်တွေကို မြင်တွေ့သွားပြီး ဒီရွှေတွေ ဘယ်က ရသလဲဆိုတာ မေးမြန်းလိုက်တာကြောင့် Tzekel-Kan လည်း ရွှေမြို့တော်ကို သစ္စာဖောက်ကာ လမ်းပြပေးဖို့ နောက်ထပ် အကြံတစ်ခု ရရှိသွားပါတော့တယ်။
ခုနက ဖြစ်ပျက်သွားတဲ့ တိုက်ပွဲကြောင့် Tulio နဲ့ Miguel တို့ကြားက ဆက်ဆံရေး ပြန်လည် ကောင်းမွန်သွားခဲ့ပါတယ်။ Tulio ကတော့ စပိန်ကို ပြန်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တာကြောင့် လိုအပ်တဲ့ ရွှေတွေကို လှေပေါ် တင်ဆောင်ကာ ကျန်ရစ်ခဲ့မယ့် Miguel နဲ့ မြို့ခံအားလုံးကို နှုတ်ဆက်ပြီး Chel နဲ့အတူ ထွက်ခွာဖို့ ပြင်ဆင်ကြပါတယ်။
ဒါပေမဲ့ ကျွန်းရဲ့ တစ်ဖက်ခြမ်းကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေကို မြင်းဖြူကြီး Altivo က တွေ့ရှိသွားပြီး အချက်ပြလိုက်ပါတယ်။ အဲဒီအချိန်မှာ ကင်းထောက်စစ်သည်တစ်ယောက် အပြေးအလွှား ရောက်လာပြီး ပြင်ပက စစ်တပ်ကြီးတစ်ခု သူတို့မြို့ဆီ ချီတက်လာနေပြီဖြစ်ကြောင်း သတင်းပေးပါတော့တယ်။ Chief Tannabok က သူတို့မြို့ရဲ့ လျှို့ဝှက် ဝင်ပေါက်ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့ ပြောပေမဲ့ လမ်းပြပေးနေတဲ့သူဟာ Tzekel-Kan ဖြစ်နေတာကို သိလိုက်ရတဲ့အခါ ချက်ချင်းပဲ စစ်သည်တွေကို စုစည်းပြီး ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်ပါတော့တယ်။
ဒါပေမဲ့ Cortés ရဲ့ စစ်တပ်မှာ သေနတ်တွေ၊ အမြောက်တွေ ပါဝင်တာကြောင့် ဓားနဲ့ လှံလောက်သာ ကိုင်ဆောင်ထားတဲ့ တိုင်းရင်းသားတွေအနေနဲ့ ဘယ်လိုမှ မယှဉ်နိုင်ကြောင်း Miguel က ရှင်းပြလိုက်ပါတယ်။ အခြေအနေကို သိရှိသွားတဲ့ Tulio က အကြံတစ်ခု ထုတ်ပေးလိုက်ပါတယ်။ အဲဒါကတော့ ရွှေမြို့တော်နဲ့ အပြင်လောကကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော ရေတံခွန်နောက်ကွယ်က ဂူဝင်ပေါက် လျှို့ဝှက်တံခါးကြီးကို အပြီးတိုင် ဖြိုချ ဖျက်ဆီးပစ်ဖို့ပဲ ဖြစ်ပါတယ်။
ဒီလို ဖျက်ဆီးနိုင်ဖို့အတွက် သူတို့ရဲ့ လှေသင်္ဘောကြီးနဲ့ အရှိန်ပြင်းပြင်း ဝင်တိုက်ရမှာဖြစ်ပြီး၊ အဲဒီလို လုပ်လိုက်ရင် လှေပေါ်မှာ တင်ထားတဲ့ ရွှေတွေ အားလုံးကိုပါ စွန့်လွှတ် ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ Tulio က ရွှေတွေထက် မြို့သူမြို့သားတွေရဲ့ အသက်ဘေးကို ဦးစားပေးကာ ရွှေအားလုံးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လှေက ဝင်ပေါက်ဆီကို အမြန် မရောက်နိုင်ဖြစ်နေတာကြောင့် Chief Tannabok တို့ကို အကူအညီတောင်းကာ မြို့ထဲက ကြီးမားတဲ့ ကျောက်ရုပ်တုကြီးတစ်ခုကို ရေထဲ တွန်းချလိုက်ပါတယ်။ အဲဒီကနေ ဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့ ရေလှိုင်းလုံးကြီးတွေရဲ့ အရှိန်ကို အသုံးချပြီး ဂူဝင်ပေါက်ရှိရာဆီ လှေကို အရှိန်ပြင်းပြင်း ပြေးဆွဲပါတော့တယ်။ ဒီအချိန်မှာ Miguel ကလည်း Tulio တစ်ယောက်တည်း အန္တရာယ်ကြုံရမှာ စိုးရိမ်တာကြောင့် မြို့မှာ နေခဲ့မယ့် အစီအစဉ်ကို စွန့်လွှတ်ပြီး လှေပေါ်ကို ခုန်တက်ကာ ကူညီပေးခဲ့ပါတယ်။
ရေလှိုင်းရဲ့ အရှိန်ပြင်းလွန်းတာကြောင့် လှေရွက်တိုင်ကို ထိန်းချုပ်ဖို့ လူအင်အား လိုအပ်နေချိန်မှာ ပြန်တက်လာတဲ့ Miguel ကြောင့် အဆင်ပြေသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လှေရွက်တိုင်နဲ့ ဂူဝင်ပေါက် ကျောက်တိုင်ကြီးတွေကို အရှိန်ပြင်းပြင်း ဝင်တိုက်ပစ်လိုက်နိုင်တာကြောင့် ဂူဝင်ပေါက်တစ်ခုလုံး ပြိုကျ ပျက်စီးသွားပြီး ရေတံခွန်နောက်ကွယ်က လျှို့ဝှက်လမ်းကြီး အပြီးတိုင် ပိတ်သွားပါတော့တယ်။
ခဏအကြာမှာ စစ်သူကြီး Cortés ရဲ့ စစ်တပ် ရောက်ရှိလာတဲ့အခါ ကျောက်တုံးကြီးတွေနဲ့ ပိတ်ဆို့ ပြိုကျနေတဲ့ လမ်းကိုသာ တွေ့မြင်လိုက်ရပါတယ်။ ဒါကြောင့် လှည့်စားခံလိုက်ရပြီလို့ ထင်မှတ်သွားတဲ့ Cortés က အလွန်အမင်း ဒေါသထွက်သွားပြီး Tzekel-Kan ကို အချုပ်သားအဖြစ် ဖမ်းဆီးကာ ကျွန်အဖြစ် ခေါ်ဆောင်သွားပါတော့တယ်။ ပုန်းအောင်းနေတဲ့ Tulio တို့ကတော့ Tzekel-Kan အဖမ်းခံရတာကို ကြည့်ပြီး သဘောကျနေခဲ့ကြပါတယ်။
အဖြစ်အပျက်တွေ အားလုံး ပြီးဆုံးသွားတဲ့အခါ ရွှေတွေ ဘာတစ်ခုမှ မကျန်တော့ဘဲ လက်ဗလာနဲ့ ပြန်ထွက်လာရတာကြောင့် Tulio စိတ်ပျက်နေလိမ့်မယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အမှန်တကယ်တော့ Tulio ဟာ ရွှေတွေထက် တန်ဖိုးရှိတဲ့ စစ်မှန်တဲ့ သူငယ်ချင်းသံယောဇဉ်၊ စွန့်စားခန်းအသစ်တွေနဲ့ ချစ်ရသူ Chel ကို ရရှိခဲ့တာကြောင့် အလွန်အမင်း ပျော်ရွှင်နေခဲ့ပါတယ်။
နောက်ထပ် စွန့်စားခန်းအသစ်တွေကို ဆက်လက် ရှာဖွေဖို့ ဆုံးဖြတ်လိုက်ကြပြီး Chel ကလည်း မြင်းဖြူကြီး Altivo နဲ့အတူ Tulio နဲ့ Miguel တို့ကို ခေါ်ဆောင်ကာ ခရီးဆက်ဖို့ ပြင်ဆင်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ Tulio နဲ့ Miguel တို့နှစ်ယောက်လုံး မြင်းပေါ်ကနေ အောက်ကို ဇောက်ထိုး ပြုတ်ကျ ကျန်ရစ်ခဲ့တာကြောင့် ခရီးဆက်နေတဲ့ မြင်းဖြူကြီးနဲ့ Chel ရဲ့ နောက်ကို အပြေးအလွှား လိုက်သွားကြရင်းနဲ့ပဲ ဇာတ်လမ်းလေး ပျော်ရွှင်စွာ ပြီးဆုံးသွားပါတော့တယ်။
The Road to El Dorado (2000) ရုပ်ရှင်ဟာ ရိုးရှင်းတဲ့ စွန့်စားခန်း အန်နီမေးရှင်း ဇာတ်ကားတစ်ကားထက် ပိုမိုနက်ရှိုင်းတဲ့ လူ့သဘာဝ၊ လောဘတရားနဲ့ စစ်မှန်တဲ့ မိတ်ဆွေသံယောဇဉ်ကို ပေါ်လွင်အောင် ရိုက်ပြထားတဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအစပိုင်းမှာ စပိန်ဘုရင်ထက် ပိုပြီး ချမ်းသာကြွယ်ဝချင်တဲ့ ရည်မှန်းချက်တစ်ခုတည်းနဲ့ ရွှေမြို့တော်ကို ဦးတည်ခဲ့ကြတဲ့ Tulio နဲ့ Miguel တို့ရဲ့ စရိုက်ဟာ လူသားတိုင်းမှာ ရှိတတ်တဲ့ ရုပ်ဝတ္ထုပစ္စည်းအပေါ် မက်မောမှု (Materialism) ကို ထင်ဟပ်စေပါတယ်။ သို့သော်လည်း အခက်အခဲတွေ၊ အန္တရာယ်တွေကို အတူတူ ဖြတ်သန်းရင်းနဲ့ မြို့သူမြို့သားတွေရဲ့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ အရေးကြီးတဲ့ အခိုက်အတန့်မှာတော့ သူတို့ဟာ ရွှေတောင်ကြီးတစ်ခုလုံးထက် လူသားဆန်မှုနဲ့ မေတ္တာတရားကို ပိုမို တန်ဖိုးထား ရွေးချယ်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။
ဒါ့အပြင် ဒီဇာတ်ကားက ပေးချင်တဲ့ အဓိက သတင်းစကားတစ်ခုကတော့ “တန်ဖိုးရှိတဲ့ ဘဝဆိုတာ ပိုင်ဆိုင်မှုတွေနဲ့ တိုင်းတာတာ မဟုတ်ဘဲ ကိုယ်နဲ့အတူ ဘဝခရီးကို အတူတူ လျှောက်လှမ်းပေးမယ့် မိတ်ဆွေကောင်းတွေနဲ့သာ တိုင်းတာနိုင်တယ်” ဆိုတဲ့ အချက်ပါပဲ။ ရွှေတွေအားလုံး ဆုံးရှုံးသွားပြီး လက်ဗလာနဲ့ ပြန်လည် ထွက်ခွာလာခဲ့ရပေမဲ့ Tulio နဲ့ Miguel တို့ရဲ့ မျက်နှာပေါ်က ပျော်ရွှင်မှုဟာ ဘယ်ရွှေငွေနဲ့မှ လဲလှယ်လို့မရတဲ့ စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ သူငယ်ချင်းမေတ္တာကို ဖော်ညွှန်းနေပါတယ်။ အဆုံးသတ်မှာတော့ စွဲမက်ဖွယ် လက်ဆွဲ အန်နီမေးရှင်း အလှတရားများ၊ Elton John ရဲ့ သာယာငြိမ့်ညောင်းတဲ့ တေးဂီတများနှင့်အတူ လူငယ်လူရွယ်တိုင်းကို ဘဝရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ပြန်လည် ဆင်ခြင်မိစေတဲ့ အလွန်လက်ရာမြောက်သော Classic ရုပ်ရှင်တစ်ကားအဖြစ် သတ်မှတ်နိုင်ပါတယ်။