Search Data Lam Hnyin Articles

အဖေ့ဆီက မပြီးဆုံးသေးတဲ့စာနဲ့ ကောင်းကင်တမန် မိစ္ဆာသုံးကောင် (A Letter to Momo 2011)

အဖေဆုံးပါးသွားပြီးနောက် နောင်တတွေနဲ့ ကျန်ရစ်ခဲ့တဲ့ သမီးငယ်လေး Momo နဲ့ သူမတို့သားအမိကို စောင့်ရှောက်ဖို့ ကောင်းကင်ဘုံက ရောက်လာတဲ့ ထူးဆန်းသော မိစ္ဆာသုံးကောင်အကြောင်း ဖော်ကျူးထားသည့် စိတ်နွေးထွေးဖွယ် ဂျပန်အန်နီမေးရှင်း ရုပ်ရှင်အကျဉ်း။

Share

Momo လို့ခေါ်တဲ့ ကောင်မလေးဟာ သူမရဲ့ အမေဖြစ်သူ Ikuko နဲ့အတူ အဘိုးအဘွားတွေ နေထိုင်ကြတဲ့ ကျွန်းပေါ်က ရွာလေးဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ အဖေဖြစ်သူ ဆုံးပါးသွားခဲ့တဲ့အပြင် အမေဖြစ်သူမှာလည်း ပန်းနာရင်ကျပ် ရောဂါအခံ ရှိနေတာကြောင့် အားကိုးရာမဲ့နေတဲ့ သားအမိနှစ်ယောက် အမေ့ရဲ့ မွေးရပ်မြေ ကျွန်းလေးဆီ ပြန်လာကြတာပဲ ဖြစ်ပါတယ်။ ကျွန်းဆီသွားတဲ့ ကူးတို့သင်္ဘောပေါ်မှာ ထူးဆန်းတဲ့ မိုးရေစက်သုံးစက်ဟာ Momo ရဲ့ ခေါင်းပေါ်ကို ရုတ်တရက် ကျရောက်လာခဲ့ပါသေးတယ်။

ရွာကို ရောက်တာနဲ့ အဘိုးအဘွားတွေ နေထိုင်ကြတဲ့ အိမ်ဆီကို တန်းသွားကြပါတယ်။ အဘိုးအဘွားတွေက သတင်းကြိုရထားတာမို့ နေရမယ့်အိမ်ကို တစ်ခါတည်း သန့်ရှင်းရေးလုပ်ကာ ပြင်ဆင်ပေးထားကြပါတယ်။ ဒီရွာလေးကို ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ Momo ကတော့ စိမ်းသက်သက် ဖြစ်နေတာကြောင့် လူကြီးတွေကပဲ ရင်းနှီးအောင် စကားစမြည် ပြောပေးကြပါတယ်။ အဘိုးအဘွားတွေက မျက်နှာချင်းဆိုင်အိမ်မှာ နေကြတာမို့ ဒီအိမ်အဟောင်းကြီးမှာတော့ Momo တို့ သားအမိနှစ်ယောက်တည်း နေရမှာ ဖြစ်ပါတယ်။ အဲဒီနောက် အမေ့ရဲ့ မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ Koichi ဆိုတဲ့ ဦးလေးက အိမ်ကို စာလာပို့ပေးရင်း နှစ်ပေါင်းများစွာကြာမှ ပြန်တွေ့ကြတဲ့အတွက် ဝမ်းသာအားရ နှုတ်ဆက်ကြပါတယ်။ ဒါပေမဲ့ ဝမ်းနည်းငြိမ်သက်နေတဲ့ Momo ကို အဘွားဖြစ်သူက သတိထားမိသွားတာကြောင့် အိမ်အပေါ်ထပ်မှာ ပစ္စည်းတွေ နေရာချဖို့အတွက် ကူညီပေးပါဆိုပြီး အပေါ်ထပ်ကို ခေါ်သွားပေးခဲ့ပါတယ်။ အပေါ်ထပ်မှာ ရှေးဟောင်းပစ္စည်းတွေ အများကြီး တွေ့ရပြီး အဲဒီထဲက သေတ္တာတစ်လုံးထဲမှာ ထည့်ထားတဲ့ မိစ္ဆာတွေရဲ့ ပုံဆွဲထားတဲ့ ပုံပြင်စာအုပ်ဟောင်းတစ်အုပ်ကို Momo တွေ့သွားပါတယ်။ အဲဒီစာအုပ်ဟာ Momo ရဲ့ အဘိုးရဲ့ အဖေ လက်ထက်ကတည်းက သိမ်းဆည်းထားတဲ့ စာအုပ်ဖြစ်ကြောင်း အဘွားဖြစ်သူက ရှင်းပြပါတယ်။ အဲဒီနောက် မြေးအဘွားနှစ်ယောက် အောက်ထပ်ကို ပြန်ဆင်းသွားကြတဲ့အခါ လေထဲက ထူးဆန်းတဲ့ မိုးရေစက်သုံးစက်ဟာ အဲဒီစာအုပ်ထားတဲ့ သေတ္တာထဲကို တဖြည်းဖြည်း ဝင်ရောက်သွားခဲ့ပါတယ်။

ညနေဘက် ရောက်တဲ့အခါ အမေဖြစ်သူက အလုပ်ကိစ္စနဲ့ သင်တန်းတက်စရာရှိတာကြောင့် နေ့ခင်းဘက်တွေမှာ မြို့ပေါ်ကို သွားနေရမှာဖြစ်ပြီး ညနေမှ ပြန်လာနိုင်မယ်ဆိုတာကို သိလိုက်ရပါတယ်။ Momo ကတော့ ဒီအိမ်ကြီးထဲမှာ တစ်ယောက်တည်း မနေချင်ဘူးလို့ ပြန်ပြောခဲ့ပေမဲ့ အဆင်ပြေသွားမှာပါဆိုတဲ့ အမေ့ရဲ့ နှစ်သိမ့်စကားကြောင့်ပဲ ငြိမ်နေလိုက်ရပါတယ်။ အဲဒီနောက် Momo ဟာ အခန်းထဲက ပစ္စည်းတွေကို နေရာတကျ သိမ်းဆည်းနေတုန်း အဖေ့စားပွဲပေါ်မှာ “Momo ဆီသို့…” လို့ စာတစ်ကြောင်းတည်း ရေးထားတဲ့ စာရွက်လွတ်တစ်ရွက်ကို တွေ့လိုက်ရပါတယ်။ တကယ်တော့ အဲဒီစာကို ရေးခဲ့တဲ့သူဟာ Momo ရဲ့ အဖေပဲ ဖြစ်ပါတယ်။ အဖေနဲ့ နောက်ဆုံး တွေ့ခဲ့ရချိန်တုန်းက Momo ဟာ အဖေနဲ့ စကားများ ရန်ဖြစ်ခဲ့တာ ဖြစ်ပြီး၊ အဲဒီနောက် အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတဲ့ အဖေဟာ သင်္ဘောနစ်မြုပ်ပြီး သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ အဖေ့ရဲ့ အခန်းထဲကို သတိတရနဲ့ ဝင်ကြည့်ရင်း အဲဒီရေးလက်စ စာရွက်လေးကို ရှာတွေ့ခဲ့တာပါ။ “အဖေက ငါ့ကို ဘာများ ပြောချင်ခဲ့တာပါလိမ့်” လို့ တွေးတောနေချိန်မှာ အပေါ်ထပ်ကနေ တီးတိုးစကားပြောသံတချို့ကို ရုတ်တရက် ကြားလိုက်ရပါတယ်။ ဒါပေမဲ့ ဘုရားစင်ရှေ့မှာ ဝတ်ပြုဆုတောင်းဖို့ အမေက လှမ်းခေါ်လိုက်တာကြောင့် သားအမိနှစ်ယောက် အဖေ့အတွက် အတူတူ ဆုတောင်းပေးကြပြီး အိပ်ရာဝင်ခဲ့ကြပါတယ်။

နောက်တစ်နေ့မနက်မှာတော့ မြို့ပေါ်မှာလို စူပါမားကတ်ကြီးတွေ မရှိတာကြောင့် ရွာက ကုန်စုံဆိုင်လေးမှာ ဘယ်လို ဈေးဝယ်ရမလဲဆိုတာကို အမေက ပြသပေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Momo နဲ့ သက်တူရွယ်တူ ကလေးတချို့ ဈေးလာဝယ်နေကြတာကို တွေ့ရတာကြောင့် သမီးအတွက် သူငယ်ချင်း ရစေချင်တဲ့ အမေက သွားရောက် မိတ်ဆက်ပေးခဲ့ပါတယ်။ ကောင်လေးရဲ့ နာမည်က Yota ဖြစ်ပြီး ညီမလေးရဲ့ နာမည်က Umi ဖြစ်တာကို သိလိုက်ရပါတယ်။ ဒါပေမဲ့ ရှက်နေသေးတဲ့ Momo ဟာ တခြားကလေးတွေနဲ့ ပေါင်းသင်းဖို့ တွန့်ဆုတ်နေဆဲမို့ Yota တို့ မောင်နှမကပဲ ကစားချင်တဲ့အခါ သူတို့ကို လာရှာဖို့ ပြောရင်း နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။

အဲဒီနောက် မြို့ကို သင်တန်းသွားတက်မယ့် အမေ့ကို သင်္ဘောဆိပ်ဆီ လိုက်ပို့ပေးနေတုန်းမှာပဲ ထူးဆန်းစွာနဲ့ အမေ့ရဲ့ နောက်ကျောဘက်ကနေ အရိပ်တစ်ခု ပေါ်လာပြီး Momo ကို လှမ်းပြီး လက်ပြနှုတ်ဆက်သွားတာကို တွေ့လိုက်ရပါတယ်။ Momo လည်း မျက်စိမှားတာ ဖြစ်မှာပါလေလို့ပဲ သဘောထားလိုက်ပါတယ်။ အိမ်ပြန်ရောက်တော့ ဝယ်လာတဲ့ မုန့်တွေကို ရေခဲသေတ္တာထဲ ထည့်လိုက်ပြီး မနက်က မြင်ခဲ့ရတဲ့အရာကို သေချာ စဉ်းစားနေတဲ့အချိန် အပေါ်ထပ် ခေါင်မိုးဆီကနေ အသံတွေ ထပ်ကြားလိုက်ရပြန်ပါတယ်။ Momo က အပေါ်ထပ်ကို တက်ကြည့်ပေမဲ့ ဘာမှ မတွေ့ရတာကြောင့် မနေ့က စာအုပ်ဟောင်းလေးကိုပဲ ပြန်ဖတ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ “ငါ ဗိုက်ဆာနေပြီ… စားစရာ ဘာရှိလဲ” ဆိုတဲ့ ထူးဆန်းတဲ့ အသံကြီးတစ်ခုကို ပြတ်ပြတ်သားသား ကြားလိုက်ရပါတော့တယ်။

Momo လည်း ကြောက်လန့်တကြား အောက်ထပ်ကို ပြေးဆင်းသွားတဲ့အခါ ရေခဲသေတ္တာထဲက မုန့်တွေ အကုန်လုံး အပြင်ကို ထုတ်ယူ စားသောက်ခံထားရတာကို တွေ့လိုက်ရပါတယ်။ ကြောက်အားလန့်အားနဲ့ အိမ်ပြင်ကို ထွက်ပြေးလာခဲ့ပေမဲ့ လမ်းမှာ ဦးလေး Koichi နဲ့ တွေ့လို့ အနောက်ကို လှည့်နှုတ်ဆက်လိုက်တဲ့အခါ သူ့အိမ်ထဲကနေ ထွက်လာတဲ့ အရိပ်မည်းကြီးတစ်ခုကို ထပ်မံ မြင်လိုက်ရတာကြောင့် ခြေကုန်သုတ် ပြေးပါတော့တယ်။ အဲဒီ အရိပ်မည်းကြီးတွေကလည်း သူမရဲ့ အနောက်ကို အတင်း လိုက်ပါလာတာကြောင့် လွတ်ရာလွတ်ကြောင်း မသိတဲ့ လမ်းကြိုလမ်းကြားတွေထဲ ပြေးဝင်တိမ်းရှောင်လိုက်ရပါတယ်။

အရိပ်မည်းတွေရဲ့ လက်က လွတ်သွားခဲ့ပေမဲ့ ဘယ်နေရာကို ရောက်သွားမှန်း မသိတော့ဘဲ လမ်းပျောက်သွားခဲ့ပါတယ်။ အိမ်ကို ဘယ်လို ပြန်ရမလဲ မသိတော့ဘဲ စိတ်ပျက်လက်ပျက် ထိုင်နေတဲ့အချိန်မှာပဲ ကံကောင်းစွာနဲ့ Yota နဲ့ ပြန်တွေ့သွားခဲ့ပါတယ်။ လမ်းပျောက်သွားတဲ့အခါ ပင်လယ်ပြင်ကို ရှာရကြောင်းနဲ့ ဒီရွာလေးက ကျွန်းပေါ်မှာ ရှိတာကြောင့် ပင်လယ်ကမ်းခြေတစ်လျှောက် လျှောက်သွားမယ်ဆိုရင် အိမ်ပြန်လမ်းကို အလွယ်တကူ ရှာတွေ့နိုင်ကြောင်းကို Yota က ရှင်းပြပေးခဲ့ပါတယ်။

လမ်းပျောက်တဲ့အခါတိုင်း ပင်လယ်ကို တွေ့အောင်ရှာဖို့နဲ့ ကမ်းခြေတစ်လျှောက် လျှောက်လာမယ်ဆိုရင် ကျွန်းကို ရေအပြည့် ဝိုင်းထားတာကြောင့် အမြဲတမ်း အိမ်ပြန်လမ်းကို ပြန်တွေ့နိုင်တဲ့အကြောင်း Yota က ရှင်းပြပေးခဲ့ပါတယ်။ အိမ်ပြန်လမ်းကို လိုက်ပို့ပေးခဲ့ပေမဲ့ အိမ်ထဲမဝင်ရဲဘဲ ကြောက်ရွံ့တုံ့ဆိုင်းနေတဲ့ Momo ရဲ့ ပုံစံကြောင့် သူ့အိမ်ကို လိုက်လည်မလားဆိုပြီး ခေါ်သွားပေးခဲ့ပါတယ်။ အဲဒီမှာ သူ့အဘိုး ပြုလုပ်ထားတဲ့ ကောက်ရိုးရုပ်လေးတွေရဲ့ အကြောင်းကို ရှင်းပြပေးခဲ့ပါတယ်။ သူတို့ရွာမှာ ကွယ်လွန်သွားကြတဲ့ ဘိုးဘေးတွေနဲ့ ဆွေမျိုးသားချင်းတွေအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်အနေနဲ့ ဆုတောင်းပေးကြတဲ့ ပွဲတော်တစ်ခု ရှိကြောင်း၊ အဲဒီပွဲတော်မှာ ကောက်ရိုးလှေလေးတွေထဲ စာတွေထည့်ပြီး ပြောချင်တဲ့ စကားတွေကို ရေထဲ မျှောချလေ့ရှိကြောင်း ရှင်းပြခဲ့ပါတယ်။ မကြာခင် အဲဒီပွဲတော် ရောက်လာတော့မှာမို့ ကြည့်ချင်ရင် လာခေါ်ပေးမယ်လို့ ပြောနေတဲ့အချိန် ညနေစောင်းသွားပြီဖြစ်တာကြောင့် အမေဖြစ်သူ ပြန်ရောက်လာခဲ့ပါပြီ။ Momo က အိမ်ပြန်လိုက်ပို့ပေးတဲ့ Yota ကို ကျေးဇူးတင်စကားဆိုရင်း ပြန်သွားခဲ့ပါတယ်။

အမေ ပြန်ရောက်လာတဲ့အချိန်အထိ အိမ်ထဲကို မဝင်ရဲသေးတဲ့ Momo က အိမ်ထဲမှာ တစ်စုံတစ်ခု ရှိနေတယ်ဆိုပြီး အမေ့ကို ဝင်စစ်ခိုင်းခဲ့ပေမဲ့ အမေကတော့ ဘာမှ ရှာမတွေ့ခဲ့ပါဘူး။ အမေဖြစ်သူက Momo တစ်ယောက် စိတ်ကူးယဉ်ပြီး ကြောက်နေတာပါဆိုပြီး ပြန်ပြောလိုက်တာကြောင့် စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ ဒါပေမဲ့ အမေနဲ့အတူ အိမ်ထဲ ပြန်ဝင်လာတဲ့အခါ တံခါးဝမှာတင် Momo ရဲ့ ခြေထောက်ကို လာရောက် လျှာနဲ့လျက်နေတာကြောင့် Momo တစ်ယောက် ငယ်သံပါအောင် အော်ဟစ်လိုက်ပါတော့တယ်။ Momo ရဲ့ အော်သံကြောင့် အမေဖြစ်သူ ပြေးလာပေမဲ့ ဘာကိုမှ မမြင်ရတာကြောင့် ဒီအတိုင်းပဲ ညစာ စားဖို့ ပြင်ဆင်လိုက်ကြပါတယ်။ ထမင်းဝိုင်းမှာ Momo က ထူးဆန်းတဲ့ အရိပ်မည်းတွေအကြောင်း ထပ်ပြောရင်း ဒီရွာကနေ မြို့ကို ပြန်ကြရအောင်လို့ ပူဆာပါတော့တယ်။ ဒါပေမဲ့ အမေဖြစ်သူက မြို့ပေါ်က အိမ်ကို စွန့်ခွာပြီးမှ ဒီကို အပြီး ပြန်လာခဲ့တာဖြစ်လို့ ပြန်စရာ နေရာမရှိတော့ကြောင်း ရှင်းပြလိုက်တဲ့အတွက် Momo တစ်ယောက် တိတ်ဆိတ်သွားခဲ့ရပါတယ်။

နောက်တစ်နေ့ မနက်ရောက်တော့ အမေက သင်တန်းအတွက် အစောကြီး အပြင်ထွက်သွားပြီး မနက်စာကို အဘွားတို့ အိမ်မှာ သွားစားဖို့ မှာသွားခဲ့ပါတယ်။ တကယ်တော့ Momo က အိပ်ချင်ယောင် ဆောင်နေခဲ့တာဖြစ်ပြီး အမေ ထွက်သွားတာနဲ့ အပေါ်ထပ်ကနေ အသံတွေ စကြားရပါတော့တယ်။ “ဗိုက်ဆာနေပြီ” ဆိုတဲ့ အသံကြီးတွေကိုပါ ကြားလိုက်ရတာကြောင့် အိမ်ပြင်ကို ကြောက်လန့်တကြား ထွက်ပြေးလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကစားဖို့ လာခေါ်ကြတဲ့ Yota နဲ့ Umi တို့ မောင်နှမကို တွေ့လိုက်ရတာကြောင့် စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ သူတို့က ရေကူးဖို့ ခေါ်တာဖြစ်တာကြောင့် Momo လည်း အဝတ်အစားလဲပြီး လိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့ တံတားအမြင့်ပေါ်ကနေ အောက်က ချောင်းရေထဲကို ခုန်ချရတာ ဖြစ်နေတာကြောင့် အားတင်းပြီး ခုန်ချဖို့ ကြိုးစားပေမဲ့ ကြောက်လန့်ပြီး မခုန်ရဲဘဲ ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Momo လည်း မခုန်ဖြစ်တော့ဘဲ အိမ်ဘက်ကိုပဲ တစ်ယောက်တည်း ပြန်လှည့်ထွက်လာခဲ့ပါတယ်။

အိမ်ပြန်ရောက်တဲ့အခါ အထဲကို ဝင်ဖို့ ကြောက်နေသေးတာကြောင့် တောင်တက်လမ်းအတိုင်း လျှောက်သွားရင်း လမ်းမှာ နတ်ကွန်းတစ်ခု ရှိနေတာကို တွေ့သွားပါတယ်။ မိုးကလည်း ရုတ်တရက်သည်းထန်စွာ ရွာသွန်းလာတာကြောင့် အဲဒီနတ်ကွန်းထဲမှာပဲ မိုးခိုနေလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ အိမ်မှာ ကြားခဲ့ရတဲ့ တီးတိုးစကားသံတွေကို သူ့ဘေးနားကနေ ရုတ်တရက် ထပ်ကြားလိုက်ရပါတယ်။ လင်းလက်သွားတဲ့ လျှပ်စီးတစ်ချက်နဲ့အတူ အရင်က အရိပ်မည်းအဖြစ်သာ မြင်တွေ့ခဲ့ရတဲ့ မိစ္ဆာတွေဟာ သက်ရှိသတ္တဝါအသွင်နဲ့ ပေါ်လာတာကို Momo တစ်ယောက် မျက်ဝါးထင်ထင် တွေ့လိုက်ရပါတော့တယ်။

Momo က အံ့ဩထိတ်လန့်စွာ ငေးကြည့်နေတဲ့အချိန်မှာ မိစ္ဆာတွေကလည်း သူတို့ကို မြင်နိုင်စွမ်းရှိနေတဲ့ Momo ကို အံ့အားသင့်စွာနဲ့ ကြောင်ပြီး ပြန်ကြည့်နေကြပါတယ်။ အဲဒီအချိန်မှာပဲ တခြားအကောင်တွေထက် အရွယ်သေးငယ်တဲ့ မိစ္ဆာပေါက်စလေးက Momo ရဲ့ အင်္ကျီကို ဆွဲကိုင်ပြီး ပေါင်ပေါ်ကို ခုန်တက်ထိုင်လိုက်တာကြောင့် Momo တစ်ယောက် အဆုတ်ကွဲမတတ် ကြောက်လန့်တကြား အော်ဟစ်ပြီး ပြေးပါတော့တယ်။

ဒီလိုနဲ့ မိုးရေထဲကနေ အဘိုးရဲ့ အိမ်ဆီကို ခြေကုန်သုတ် ပြေးသွားခဲ့ရပါတယ်။ မိုးရေတွေ ရွှဲနစ်နေတဲ့ Momo ကို အဘိုးက မြင်တော့ အိမ်ထဲခေါ်ထားပြီး ပျင်းမနေအောင်ဆိုကာ အရင်ခေတ်က မိစ္ဆာတွေကို နှိမ်နင်းခဲ့တဲ့ အကြောင်းတွေကို ပုံပြင်တစ်ပုဒ်လို ပြန်ပြောပြခဲ့ပါတယ်။ အဘိုးရဲ့ စာအုပ်ထဲက ဘိုးဘေးတွေဟာ မိစ္ဆာတွေကို မြင်နိုင်စွမ်းရှိတဲ့သူတွေ ဖြစ်ကြပေမဲ့ ဒီလို မြင်နေရတာတွေကို တခြားသူတွေကို လျှောက်ပြောမိရင် အန္တရာယ်ရှိနိုင်ကြောင်းနဲ့ အဲဒီမိစ္ဆာတွေဟာ အသားစားတတ်တဲ့ သတ္တဝါဆိုးတွေ ဖြစ်လာနိုင်ကြောင်းကိုပါ အဘိုးက ရှင်းပြခဲ့ပါတော့တယ်။

ပြီးတော့ မြင်နေရတဲ့ မိစ္ဆာတွေဟာ အသားစားတတ်တဲ့ သတ္တဝါဆိုးတွေ ဖြစ်တာကြောင့် ကြောက်စရာကောင်းတဲ့ အကောင်တွေ ဖြစ်ကြောင်းကိုပါ ပြောပြလိုက်ပါတယ်။ Momo လည်း ကြောက်နေပေမဲ့ ဘာမှ မပြောရဲတာကြောင့် ငြိမ်နေလိုက်ရပြီး၊ တကယ်လို့ မိစ္ဆာတွေနဲ့ ထပ်ကြုံတွေ့ရရင် ဘယ်လိုမျိုး အနိုင်ယူရမလဲဆိုတာကို သိဖို့ ကြိုးစားကြည့်လိုက်ပါတယ်။ ကံကောင်းစွာနဲ့ပဲ အဲဒီမိစ္ဆာတွေရဲ့ မျက်လုံးကို မခိုးမခန့် အကြည့်မျိုးနဲ့ ရဲရဲတင်းတင်း ပြန်ကြည့်လိုက်မယ်ဆိုရင် မိစ္ဆာတွေ ကြောက်လန့်သွားလိမ့်မယ်ဆိုတဲ့ စကားကို ကြားလိုက်ရတာကြောင့် အိမ်ရောက်တာနဲ့ အနိုင်ယူမယ့် အကြည့်တွေကို လေ့ကျင့်ဖို့ လုပ်ပါတော့တယ်။ ဒါပေမဲ့ ကြောက်လန့်နေတဲ့ စိတ်ကြောင့် ဘယ်လိုမှ အဆင်မပြေဘဲ ဖြစ်နေခဲ့ပါတယ်။ အမေ ပြန်ရောက်လာတာကြောင့် စိတ်အေးလက်အေးနဲ့ အိပ်လိုက်ရတယ်ဆိုပေမဲ့ နောက်တစ်နေ့ မနက်ရောက်တော့လည်း ထုံးစံအတိုင်း အမေက အစောကြီး အပြင်ထွက်သွားခဲ့ပါတယ်။ Momo က အိမ်ပြင်ထွက်ဖို့ လုပ်နေတုန်းမှာပဲ အပေါ်ထပ်ကနေ ဆင်းလာတဲ့ မိစ္ဆာတွေကြောင့် အချိန်မမီတော့ဘူးဆိုတာကို သိလိုက်ရပြီး အိပ်ရာပေါ်မှာပဲ အိပ်ချင်ယောင် ဆောင်နေလိုက်ပါတယ်။

မိစ္ဆာတွေကလည်း မနေ့က ကြောက်လန့်တကြား ထွက်ပြေးသွားတာဟာ သူတို့ကို တကယ်ပဲ မြင်ရလို့လားဆိုတာကို စမ်းသပ်ဖို့ လုပ်ကြပါတယ်။ အိပ်ချင်ယောင်ဆောင်နေတဲ့ Momo ကို လာရောက် ထိတွေ့ပုတ်ခတ်ကြည့်နေကြတာမို့ မနေနိုင်တော့တဲ့ Momo လည်း အသင့်ဆောင်ထားတဲ့ တံမြက်စည်းနဲ့ ပြန်လည်တိုက်ခိုက်ဖို့ လုပ်ပါတော့တယ်။ Momo တစ်ယောက် သူတို့ကို တကယ်မြင်နိုင်တာ သေချာသွားတဲ့အခါ မိစ္ဆာတွေကလည်း မကြောက်တော့ဘဲ သူတို့ရဲ့ နာမည်တွေကို စတင် မိတ်ဆက်ပေးပါတော့တယ်။

ထွားကျိုင်းတဲ့ မိစ္ဆာကြီးက Iwa ဖြစ်ပြီး၊ ပိန်ရှည်ရှည် မိစ္ဆာကတော့ Kawa ဖြစ်ကာ၊ မိစ္ဆာပုစိလေးကတော့ Mame ဖြစ်ကြောင်း ရှင်းပြကြပါတယ်။ ဒါပေမဲ့ ကြောက်လန့်နေဆဲဖြစ်တဲ့ Momo က တံမြက်စည်းကို အတင်းလွှဲရမ်းလိုက်တဲ့အခါ Kawa ဆီကနေ သူတို့ မိစ္ဆာသုံးကောင်ရဲ့ အသက်ကို ထိန်းချုပ်ထားတဲ့ သစ်သားပြား အဆောင်လေးတစ်ခု ပြုတ်ကျလာပါတယ်။ အဲဒီ သစ်သားပြားကို အလယ်ကနေ ချိုးလိုက်မယ်ဆိုရင် သူတို့ သုံးကောင်စလုံး အသက်ပျောက်သွားမှာ ဖြစ်ပြီး၊ ကံဆိုးချင်တော့ အဲဒီအဆောင်ကို Momo က ကောက်ယူရရှိသွားပါတယ်။

မိစ္ဆာသုံးကောင်လည်း ချက်ချင်းပဲ အကြောက်အကန် တောင်းပန်ကြပြီး သူတို့ဟာ စာအုပ်ထဲမှာ ချိတ်ပိတ်ခံထားရတဲ့ မိစ္ဆာတွေ ဖြစ်ကြောင်းနဲ့ Momo ရဲ့ သဘောအတိုင်း အိမ်ထဲကနေ ထွက်သွားပေးပါ့မယ်ဆိုပြီး အသက်ဘေးက လွတ်မြောက်ဖို့ အရင်ဆုံး ကြိုးစားကြပါတယ်။ လောလောဆယ်မှာတော့ အနားက နတ်ကွန်းဆီကို ပြန်သွားကြပါတယ်။

အမှန်တော့ ကာတွန်းပုံပြင်စာအုပ်ထဲက ထွက်လာတာဆိုတာဟာ လိမ်ညာထားတာ ဖြစ်ပြီး၊ တကယ်တမ်းမှာတော့ ကောင်းကင်ဘုံကနေ ရာထူးချခံလိုက်ရလို့ ဆင်းသက်လာကြတဲ့ ကောင်းကင်တမန် မိစ္ဆာတွေသာ ဖြစ်နေတာပါ။ ကောင်းကင်ဘုံကနေ မိုးရေစက်တွေအဖြစ် ဆင်းလာတုန်းက Momo နဲ့ ထိမိသွားခဲ့တာကြောင့် အခုလိုမျိုး သူမတစ်ယောက်တည်းကိုပဲ မြင်တွေ့ခွင့် ရစေတာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကို သေချာ ပြန်စဉ်းစားကြည့်လိုက်မှ သူတို့ သဘောပေါက်သွားကြပါတယ်။ သတိမထားမိလိုက်တဲ့ Mame ကတော့ တောထဲမှာ တခြား တောစောင့်နတ်လေးတွေနဲ့ သွားရောက်ဆော့ကစားနေခဲ့ပါတယ်။

တစ်ဖက်မှာလည်း Momo ရဲ့ အမေ Ikuko ဟာ သင်တန်းသွားတက်တာ မဟုတ်ဘဲ အဘိုးအဘွားတွေရဲ့ လယ်ထဲမှာ သွားရောက် လုပ်အားပေးနေတာ ဖြစ်ပြီး၊ အပင်တွေကို ပြုစုပျိုးထောင်ရင်းနဲ့ပဲ ကံကောင်းစွာနဲ့ သူမရဲ့ ပန်းနာရင်ကျပ်ရောဂါက သက်သာနေပြီဆိုတဲ့ အကြောင်းကို သိလိုက်ရပါတယ်။ အိမ်မှာတော့ Momo က အေးအေးဆေးဆေး နေရပြီဆိုပြီး စိတ်လက်ပေါ့ပါးစွာ နေဖို့ လုပ်နေတုန်း အိမ်ကနေ ထွက်သွားလို့ မရနိုင်တဲ့ မိစ္ဆာသုံးကောင်က ပြန်ရောက်လာပြန်ပါတယ်။ Momo က သစ်သားပြားကို ချိုးပစ်မယ်ဆိုပြီး ခြိမ်းခြောက် နှင်ထုတ်ပေမဲ့ မကြောက်တော့တဲ့ မိစ္ဆာတွေက အဲဒါကို ချိုးလိုက်ရင် သူတို့ သေသွားမှာမို့ လူသတ်ရဲရင် ချိုးလိုက်လေဆိုပြီး ပြန်ပြောကြပါတယ်။ ဒါ့အပြင် Mame က သူများ စိုက်ခင်းထဲကနေ ခိုးယူလာတဲ့ သစ်သီးတွေကို လက်ဆောင်အဖြစ်တောင် ပေးနေပါသေးတယ်။ နှင်ထုတ်လို့လည်း မရတာကြောင့် Momo လည်း အပေါ်ထပ်ကို တက်ကြည့်တဲ့အခါ ပုံပြင်စာအုပ်ဟောင်းထဲက မိစ္ဆာသုံးကောင်ရဲ့ ပုံတွေ တကယ်ပဲ ပျောက်ကွယ်နေတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဒီမိစ္ဆာတွေက ဘယ်သူ့ကိုမှ ဒုက္ခမပေးတဲ့အပြင် သူမကိုလည်း အန္တရာယ်မပြုတာကြောင့် မိစ္ဆာတွေနဲ့ အတူတူ နေသားတကျ ရှိလာခဲ့ပါတယ်။

တစ်နေ့မှာတော့ Mame က ကလေးအင်္ကျီလေးတစ်ထည်ကို ဝတ်ဆင်လာပြီး အဲဒါက Umi ရဲ့ အင်္ကျီဖြစ်နေတာကြောင့် Momo က Yota တို့ အိမ်ဆီ သွားရောက်ကာ ဘယ်သူမှ မရှိတဲ့အချိန် တိတ်တဆိတ် ပြန်ထားဖို့ လုပ်ပါတယ်။ ဒါပေမဲ့ အဲဒီလို လာထားပေးနေတာကို Yota တို့ မောင်နှမက တွေ့သွားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ အင်္ကျီပြန်လာပေးတာပါလို့ ဆင်ခြေပေးနိုင်ခဲ့ပေမဲ့ သူမနဲ့အတူ ပါလာတဲ့ Mame ကို Umi ကပါ မြင်တွေ့နေပြီး စကားပြောနေတာကြောင့် ကိစ္စတွေ အမြန်မပေါ်ခင် ချက်ချင်း နှုတ်ဆက်ကာ ပြန်ထွက်လာခဲ့ရပါတယ်။ Yota ကလည်း ထူးဆန်းစွာ ငေးကြည့်ရင်း သူ့ညီမလေးလိုပဲ Momo လည်း တစ်ခါတလေ ထူးဆန်းတတ်တယ်လို့ တွေးလိုက်မိပါတယ်။

မိစ္ဆာတွေဟာ တစ်ချိန်တုန်းက ကောင်းကင်ဘုံက သတ္တဝါတွေ ဖြစ်ခဲ့ပေမဲ့ လောလောဆယ်မှာတော့ ရာထူးချခံထားရတာကြောင့် စားသောက်စရာ ရှားပါးပြီး အမြဲတမ်း ဗိုက်ဆာနေကြတာပါ။ ဒါကြောင့် စိုက်ခင်းထဲက သီးနှံတွေကို ခိုးစားနေကြတဲ့အပြင် ဆိုင်ထဲက မုန့်တွေကိုပါ ယူစားဖို့ လုပ်နေကြတာမို့ Momo က အမြဲတမ်း ကြားကနေ လိုက်လံတားဆီးပေးနေရပါတယ်။

တစ်နေ့မှာတော့ တခြားကလေးတွေလို ရေထဲ ခုန်ဆင်းနိုင်ဖို့အတွက် ကုန်းနိမ့်တစ်ခုပေါ်ကနေ ခုန်ချဖို့ Momo ပြင်ဆင်ပေမဲ့ မခုန်ရဲဘဲ ဖြစ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ Iwa က နောက်ကနေ တွန်းချလိုက်တာကြောင့် ပထမဆုံးအကြိမ် ခုန်ဆင်းဖြစ်သွားခဲ့ပြီး အစပိုင်းမှာပဲ အခက်အခဲရှိတာပါလို့ ရှင်းပြနေတုန်း Kawa က နောက်ထပ်တစ်ကြိမ် သစ်သီးတွေ ခိုးလာပြန်ပါတယ်။ ဒါကြောင့် အလကားရနိုင်တဲ့ ငါးတွေကို သွားဖမ်းစားဖို့ Momo က ပြောပေမဲ့ မိစ္ဆာတွေက ငါးမှာ အကြေးခွံတွေ ပါတာကြောင့် ငါးမစားဘူးလို့ ငြင်းဆန်ကြပါတယ်။ Momo က အဘိုးရဲ့ အိမ်ကို သွားရောက်ကာ အဘိုးကို နှိပ်နယ်ပေးရင်း ဒီရွာလေးမှာ အလကား စားလို့ရတာ ဘာတွေရှိလဲလို့ စုံစမ်းကြည့်တဲ့အခါ တောင်ပေါ်မှာဆို စားစရာတွေ ရှိတယ်လို့ သိလိုက်ရပါတယ်။

ညနေရောက်တာနဲ့ မိစ္ဆာသုံးကောင်ကို ခေါ်ဆောင်ကာ တောင်ထိပ်ပေါ်ကို တက်သွားဖို့ ပြင်ဆင်ကြပါတယ်။ လမ်းဝေးတာကြောင့် လယ်သမားတွေ သုံးတဲ့ လက်တွန်းလှည်းလေးကို အသုံးပြုပြီး သွားခဲ့ကြပါတယ်။ လမ်းတစ်လျှောက်မှာ စိုက်ခင်းတွေကို ဖျက်ဆီးနေတဲ့ တောဝက်တွေကို တွေ့လိုက်ရတာကြောင့် အသားမစားရတာ ကြာပြီဖြစ်တဲ့ မိစ္ဆာတွေက တောဝက်တွေကို အတင်း ပြေးဖမ်းကြပါတယ်။ ဒါပေမဲ့ မိစ္ဆာတွေက အကောင်ကြီးတွေကို မဖမ်းဘဲ တောဝက်သားပေါက်စလေးတွေကိုသာ ဖမ်းယူလာတာကြောင့် ဒေါသထွက်နေတဲ့ တောဝက်အဖေနဲ့ အမေက သူတို့ကို အတင်း လိုက်လံတိုက်ခိုက်ပါတော့တယ်။ Iwa က လှည်းကို အရှိန်ပြင်းပြင်း မောင်းနှင်ပြေးလွှားပြီး၊ Kawa ကလည်း လမ်းကနေ လာရောက်တိုက်ခိုက်တဲ့ တောဝက်တွေကို အီးပေါက်ပြီး ပြန်လည်ခုခံပေမဲ့ စိတ်ဆိုးဒေါသထွက်နေတဲ့ မိဘတောဝက်ကြီးတွေကို မယှဉ်နိုင်ခဲ့ပါဘူး။ လမ်းအဆုံးကို ရောက်တဲ့အခါ တောဝက်တွေရဲ့ တိုက်ခိုက်မှုကြောင့် အားလုံး လွင့်ထွက်သွားပြီး ဖမ်းလာတဲ့ တောဝက်ပေါက်စလေးတွေကိုလည်း ပြန်လွှတ်ပေးလိုက်ရပါတယ်။

Momo လည်း အနားတစ်ဝိုက်မှာ စားစရာ ရှာကြည့်ပေမဲ့ အဘိုးပြောတဲ့ စားစရာဆိုတာ စိုက်ခင်းတွေကို ဖျက်ဆီးနေတဲ့ တောဝက်တွေကိုသာ ဆိုလိုတာဖြစ်ကြောင်း သိသွားရပါတယ်။ တောင်ပေါ်တက်လာရတာ အလကားဖြစ်သွားပြီလို့ ထင်မှတ်နေချိန်မှာပဲ တောင်ထိပ်ပေါ်ကနေ မြင်တွေ့ရတဲ့ သူတို့ရဲ့ မွေးရပ်မြေ ကျွန်းစုလေးရဲ့ ရင်သပ်ရှုမောဖွယ် လှပတဲ့ မြင်ကွင်းကျယ်ကြီးကို တွေ့မြင်လိုက်ရပါတယ်။

ဗိုက်ဟောင်းလောင်းနဲ့ အောက်ကို ပြန်ဆင်းလာခဲ့ရပေမဲ့ အမှတ်တရ အတွေ့အကြုံသစ်တစ်ခု ရရှိခဲ့တာကြောင့် ပျော်ရွှင်စွာ အိမ်ပြန်လာခဲ့ကြပါတယ်။ အိမ်ရောက်တဲ့အခါ အမေဖြစ်သူ Ikuko က အိမ်ထဲမှာ မိသားစု ဓာတ်ပုံလေးကို ကြည့်ပြီး ခိုးငိုနေတာကို တွေ့လိုက်ရပါတယ်။ Momo ပြန်ရောက်လာတာကို မြင်တော့ အမေက မျက်ရည်တွေကို အမြန်သုတ်ကာ အပြုံးနဲ့ ဆီးကြိုပေးခဲ့ပါတယ်။

ညဘက်ရောက်တဲ့အခါ ဗိုက်ဆာနေကြတဲ့ မိစ္ဆာသုံးကောင်အတွက် Momo က ရေခဲသေတ္တာထဲက ဟင်းသီးဟင်းရွက်တွေကို သူ့ရဲ့ မုန့်ဖိုးနဲ့ ဝယ်ယူပြီး ကျွေးမွေးလိုက်တာကြောင့် မိစ္ဆာတွေ အရမ်းကို ပျော်ရွှင်သွားကြပါတယ်။ တကယ်တော့ မိစ္ဆာတွေ စားသောက်ခွင့်ရှိတဲ့ အရာဟာ စွန့်ပစ်ထားတဲ့ အရာတွေနဲ့ ပူဇော်ပသထားတဲ့ အရာတွေသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပူဇော်ပသပေးမယ့်သူ မရှိတဲ့အပြင် လူသားတွေကလည်း အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်လာကြတာကြောင့် အခုလို စိုက်ခင်းတွေထဲက အသီးအနှံတွေကို ခိုးယူစားသောက်နေရတာ ဖြစ်ပါတယ်။

Momo အိပ်ပျော်သွားတဲ့အခါ မိစ္ဆာသုံးကောင်ဟာ ဒီမိသားစုရဲ့ အခြေအနေတွေကို ကောင်းကင်ဘုံဆီ အစီရင်ခံစာ ရေးသား ပေးပို့ရမယ်ဆိုပြီး ပြောဆိုကြပါတယ်။ စာရေးဖို့အတွက် Mame ကို တာဝန်ပေးလိုက်ပေမဲ့ သူကလည်း ဘယ်လိုစာရေးရမလဲဆိုတာ မသိတာကြောင့် မျက်စိသူငယ်နဲ့ အကြာကြီး ထိုင်နေခဲ့ရပါတယ်။

နောက်တစ်နေ့မှာတော့ ရေကူးကြဖို့အတွက် Yota တို့ မောင်နှမက တံတားပေါ်ကို လာခဲ့ပါဦးမလားဆိုပြီး Momo ကို လာရောက် ဖိတ်ခေါ်ကြပါတော့တယ်။ နောက်တစ်နေ့မှာတော့ ရေကူးကြဖို့အတွက် Yota တို့ မောင်နှမက တံတားပေါ်ကို လာခဲ့ပါဦးမလားဆိုပြီး Momo ကို လာရောက် ဖိတ်ခေါ်ကြပါတယ်။ Momo ကတော့ လောလောဆယ် အဘွားအိမ်မှာ နေ့လယ်စာ စားရဦးမှာဖြစ်တာကြောင့် ခဏနေမှ လာခဲ့မယ်လို့ အကြောင်းပြန်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ အခန်းထဲ ဝင်ကြည့်နေတဲ့ Iwa က Momo ချန်ထားခဲ့တဲ့ အဖေ့ဆီက စာရွက်လွတ်လေးကို မြင်သွားပြီး “Momo ဆီသို့…” ဆိုတဲ့ စာတိုလေးကို ကြည့်ကာ Mame တစ်ယောက် အစီရင်ခံစာကို တစ်ဝက်တစ်ပျက်ပဲ ရေးထားခဲ့တယ်လို့ အထင်လွဲသွားပါတယ်။ ဒါကြောင့် သူကိုယ်တိုင်ပဲ ကောင်းကင်ဘုံဆီ အစီရင်ခံစာ ပို့ပေးဖို့ လုပ်ဆောင်လိုက်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်စွက် ရေးသားလိုက်ပါတယ်။

သူတို့သုံးယောက်နဲ့ Momo တို့ သားအမိရဲ့ အသံတွေ ဆူညံနေတာကြောင့် Momo က အပေါ်ထပ်ကို တက်လာကြည့်တဲ့အခါ သူတို့နဲ့အတူ အစီရင်ခံစာ ပို့တဲ့ အက လိုက်ကပေးပါလားဆိုပြီး Mame က တောင်းဆိုလာပါတယ်။ Momo လည်း ကူညီပြီး ကပေးလိုက်တဲ့အခါ ကပြီးတာနဲ့ ရေးထားတဲ့ စာရွက်လေးဟာ လေထဲမှာ ပျောက်ကွယ်သွားပါတော့တယ်။ အဲဒါဟာ ကောင်းကင်ဘုံဆီကို တိုက်ရိုက် ပို့ဆောင်ပေးလိုက်တာဖြစ်ကြောင်း ရှင်းပြရင်း၊ ဒီနည်းလမ်းနဲ့ ကွယ်လွန်သွားတဲ့သူတွေဆီကိုပါ စာပို့ပေးလို့ ရတယ်ဆိုတာကို Iwa က သတိမမူဘဲ ပြောမိသွားပါတယ်။

အဖေ့ဆီကို စာပို့လို့ရမှန်း သိသွားတဲ့ Momo လည်း စားပွဲပေါ်မှာ ချန်ထားခဲ့တဲ့ အဖေ့ရဲ့ စာရွက်လေးကို အမြန် သွားရှာပါတော့တယ်။ သူ မှားပြီး ပို့လိုက်မိပြီဆိုတာကို သိသွားတဲ့ Iwa ကလည်း မသိချင်ယောင်ဆောင်ကာ ဘေးကနေ လိုက်ရှာပေးသလို ဟန်ဆောင်နေခဲ့ပါတယ်။ တစ်ဖက်မှာတော့ နေဝင်ခါနီးအထိ ညနေစောင်းသွားပြီဖြစ်တာကြောင့် Yota တို့ မောင်နှမက မစောင့်နိုင်တော့ဘဲ ပြန်သွားကြပြီဆိုတာကို သိလိုက်ရပါတယ်။ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာတော့လည်း အိမ်ရှေ့မှာ မိတ်ဆွေတွေနဲ့ စကားပြောကာ ရယ်မောပျော်ရွှင်နေတဲ့ အမေဖြစ်သူကို တွေ့လိုက်ရတာကြောင့် Momo တစ်ယောက် အဖေ့အတွက် စိတ်မကောင်း ဖြစ်သွားရပါတယ်။

နောက်တစ်နေ့မှာတော့ မုန်တိုင်းတိုက်ခတ်မယ်ဆိုတဲ့ သတင်းကြောင့် အိမ်ပြင်မထွက်ဘဲ အိမ်မှာပဲ စာဖတ်ဖို့ အမေဖြစ်သူက မှာကြားခဲ့ပါတယ်။ Momo က စာဖတ်ဖို့ စိတ်ကူးနေပေမဲ့ အဖေ့ဆီကို “အဖေ့ဆီသို့…” ဆိုပြီး စာပြန်ရေးဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ အပြင်ကနေ သစ်သီးတွေကို ထပ်ခိုးလာကြတဲ့ မိစ္ဆာတွေကြောင့် အပေါ်ထပ်ကို တက်သွားကာ သွားရောက် တားဆီးပါတော့တယ်။ ဒါပေမဲ့ Kawa က အိမ်ထဲက ပစ္စည်းတစ်ခုကို ယူဆောင်ထားတာ တွေ့လိုက်ရပြီး အဲဒါဟာ အဖေက အမေ့ကို အမှတ်တရ လက်ဆောင်ပေးထားခဲ့တဲ့ ရှေးဟောင်း မှန်တင်ခုံက မှန်လေး ဖြစ်နေပါတယ်။ ဒါကို သတိထားမိသွားတဲ့ Momo က ပြန်လုယူဖို့ ကြိုးစားရင်း အခန်းထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားကြပြီး ကံဆိုးစွာနဲ့ပဲ အဲဒီ မှန်လေးဟာ ကြမ်းပြင်ပေါ် ကျကွဲသွားပါတော့တယ်။

အသံကြားလို့ ပြေးတက်လာတဲ့ အမေဖြစ်သူ Ikuko က လဲကျနေတဲ့ Momo ကို တွေ့သွားခဲ့ပါတယ်။ မှန်ကွဲနေတာကို တွေ့ရပေမဲ့ သမီးဖြစ်သူ ထိခိုက်ဒဏ်ရာ ရသွားမှာကို ပိုစိုးရိမ်တာကြောင့် “အဆင်ပြေရဲ့လား” လို့ ပြေးလာမေးပါတော့တယ်။ Momo က မှန်ကို ကွဲအောင် လုပ်မိတဲ့အတွက် တောင်းပန်ရင်း ရှုပ်ပွနေတဲ့ အခန်းကို ကြည့်ပြီး ဘာတွေဖြစ်နေတာလဲလို့ အမေက မေးတဲ့အခါ “သမီး ပြောပြလည်း အမေ ယုံမှာမဟုတ်ဘူး… အိမ်ထဲမှာ မိစ္ဆာသုံးကောင် ရှိနေတာ” ဆိုပြီး အစအဆုံး ရှင်းပြလိုက်ပါတယ်။ ဒါကို သမီးဖြစ်သူက လိမ်ညာနေတယ်လို့ အမေက ထင်သွားပြီး ထပ်မံ ဖိအားပေး မေးမြန်းတဲ့အခါ Momo က သူမ အမှန်အတိုင်းပဲ ပြောနေတာဖြစ်ကြောင်းနဲ့ မှန်ကွဲသွားလို့ စိတ်မကောင်း ဖြစ်နေပေမဲ့ “အမေကတော့ အဖေ့ရဲ့ အမှတ်တရ မှန်ကွဲသွားတာကိုတောင် ဘာမှမဖြစ်ဘဲ ဒီရွာမှာ ရယ်မောပျော်ရွှင်နေရင်း အဖေ့ကိုတောင် မေ့နေပြီ မဟုတ်လား” ဆိုပြီး စိတ်လိုက်မာန်ပါ ပြန်ပြောမိလိုက်ပါတယ်။

သမီးဖြစ်သူရဲ့ စကားကြောင့် စိတ်ထိခိုက် ဒေါသထွက်သွားတဲ့ အမေက မထိန်းနိုင်တော့ဘဲ Momo ရဲ့ ပါးကို တစ်ချက် ရိုက်မိသွားပါတယ်။ Momo လည်း “အမေ့ကို မုန်းတယ်” ဆိုတဲ့ စကားတစ်ခွန်းကို အော်ပြောပြီး အိမ်ပေါ်ကနေ ပြေးထွက်သွားခဲ့ပါတော့တယ်။ သမီးလေး စိတ်ဆိုးပြီး ထွက်သွားတဲ့အပေါ် စိတ်ပူနေတဲ့အချိန်မှာပဲ ရင်ထဲက ပူလောင်မှုနဲ့ စိတ်ဖိစီးမှုတွေကြောင့် အမေ့ရဲ့ ပန်းနာရင်ကျပ်ရောဂါက ပြန်ထလာခဲ့ပြီး သက်သာစေဖို့အတွက် အောက်ထပ်ဆင်းကာ ရှူဆေးဘူးကို အမြန် ရှူသွင်းလိုက်ရပါတော့တယ်။

တစ်ဖက်မှာတော့ စိတ်ပျက်လက်ပျက်နဲ့ ကမ်းခြေဘက်ကို ထွက်လာတဲ့ Momo ဟာ တစ်ယောက်တည်း ပင်လယ်ပြင်ကို ငေးကြည့်နေတုန်း ဘေးက ဖြတ်သွားတဲ့ Yota နဲ့ ဆုံတွေ့ခဲ့ပါတယ်။ မနေ့က ချိန်းထားတဲ့နေရာကို မလာနိုင်ခဲ့တဲ့အတွက် Momo က တောင်းပန်တဲ့အခါ Yota က အဲဒီကိစ္စကို စိတ်ထဲမထားဖို့ ပြန်ပြောပါတယ်။ ဒါပေမဲ့ Yota က မကြာခင်မှာ ပွဲတော်ကျင်းပတော့မှာဖြစ်ပြီး ကောက်ရိုးလှေလေးတွေကိုလည်း အဖေတွေကပဲ ရေထဲ လွှတ်ပေးရတာမို့ အရမ်း ပျော်စရာကောင်းလိမ့်မယ်လို့ ပြောမိသွားတဲ့အခါ အဖေ့ကို သတိရနေဆဲဖြစ်တဲ့ Momo က “ငါ့အဖေက ဆုံးသွားပြီ” ဆိုတဲ့ စကားတစ်ခွန်းကို ပြောကာ အဲဒီနေရာကနေ လှည့်ထွက်သွားခဲ့ပါတယ်။

အိမ်မှာ စောင့်နေတဲ့ အမေ Ikuko ကလည်း ပြန်မလာသေးတဲ့ သမီးလေးအတွက် စိတ်ပူပြီး မိုးသက်မုန်တိုင်းထဲမှာ ရွာထဲ လိုက်ရှာနေခဲ့ပါတယ်။ Momo ကတော့ တောင်ပေါ်က နတ်ကွန်းထဲမှာ သွားရောက် ခိုလှုံနေရင်း မိစ္ဆာသုံးကောင်ကို သူမရဲ့ အတိတ်က အကြောင်းတွေကို ဖွင့်ဟ ပြောပြနေခဲ့ပါတယ်။

တကယ်တမ်းတော့ အဖေနဲ့ အမေ စတင်တွေ့ဆုံခဲ့တဲ့နေ့၊ မင်္ဂလာဆောင်ခဲ့တဲ့နေ့နဲ့ သူမကို မွေးဖွားခဲ့တဲ့ နေ့ရက်တွေဟာ အတူတူပဲ ဖြစ်တာကြောင့် အဲဒီနေ့မှာ အဖေ့ကို အံ့အားသင့်သွားစေဖို့ (Surprise လုပ်ဖို့) မိသားစုလိုက် တေးဂီတပွဲတစ်ခု အတူတူ သွားကြည့်ဖို့ လက်မှတ်တွေ ဝယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်း အလုပ်ကိုပဲ ဦးစားပေးတဲ့ အဖေက အဲဒီနေ့ဟာ ဘာနေ့လဲဆိုတာကို မေ့သွားခဲ့တာကြောင့် စိတ်ဆိုးဒေါသထွက်သွားတဲ့ Momo ဟာ ပွဲလက်မှတ်တွေကို စားပွဲပေါ် ပစ်တင်လိုက်ပြီး “မိသားစုထက် အလုပ်ကိုပဲ ဂရုစိုက်နေတဲ့ အဖေ ဘယ်တော့မှ ပြန်မလာရင် ကောင်းမယ်” လို့ စိတ်လိုက်မာန်ပါ ပြောဆိုခဲ့မိပါတယ်။

အဲဒီစကားဟာ သူမနဲ့ အဖေတို့ကြား နောက်ဆုံး ပြောဆိုခဲ့တဲ့ စကား ဖြစ်သွားခဲ့တာကြောင့် နောင်တတွေ ကြီးစွာ ရနေခဲ့ရတာပါ။ အဲဒီနောက် ဆုံးပါးသွားတဲ့ အဖေ့ရဲ့ အခန်းထဲကို ဝင်ရောက် ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ အဖေက သူမကို အကြောင်းအရာတစ်ခုခု ပြန်ပြောပြဖို့အတွက် စတင်ရေးသားထားခဲ့တဲ့ “Momo ဆီသို့…” ဆိုတဲ့ စာရွက်လွတ်လေးကို တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။

အဲဒီအခါမှာတော့ မိစ္ဆာသုံးကောင်ကလည်း သူတို့ရဲ့ မူလပုံစံမှန်ကို ဖွင့်ဟပြောကြားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ တကယ်တမ်းကျတော့ သူတို့ဟာ ကောင်းကင်ဘုံကနေ ဆင်းသက်လာကြတဲ့ စောင့်ရှောက်သူ အစောင့်အရှောက်နတ်တွေ ဖြစ်ကြပါတယ်။ မိသားစုတစ်ခုမှာ လူတစ်ယောက် သေဆုံးသွားတဲ့အခါ အဲဒီမိသားစုဟာ အချိန်တစ်ခုအထိ ပြန်လည်ရပ်တည်ဖို့ ခက်ခဲတတ်တာကြောင့် သူတို့လိုမျိုး စောင့်ရှောက်သူတွေ ဆင်းလာပေးရပြီး မိသားစုရဲ့ အခြေအနေ ပြန်လည်အဆင်ပြေသွားမှသာ ကောင်းကင်ဘုံဆီ ပြန်သွားရတာဖြစ်ကြောင်း၊ ပြီးတော့ သူတို့ကို ဆင်းလာဖို့ တောင်းဆိုခဲ့တဲ့သူဟာလည်း Momo ရဲ့ အဖေဖြစ်နိုင်ကြောင်း ရှင်းပြပေးခဲ့ကြပါတယ်။

တစ်ဖက်မှာတော့ မုန်တိုင်း စတင်တိုက်ခတ်နေပြီဖြစ်တာတောင် သမီးဖြစ်သူကို မိုးထဲရေထဲ လိုက်ရှာနေတဲ့ အမေဖြစ်သူ Ikuko ဟာ လမ်းတစ်ကွေ့မှာ Yota တို့နဲ့ ဆုံတွေ့ခဲ့ပါတယ်။ စောစောက ကမ်းခြေဘက်မှာ တွေ့ခဲ့တယ်ဆိုတဲ့ စကားကြောင့် အပြေးအလွှား သွားရှာဖို့ လုပ်ပေမဲ့ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပြီး လမ်းမှာတင် မေ့လဲကျသွားခဲ့တာကြောင့် Yota တို့ကပဲ အိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ရပါတယ်။

သေဆုံးပြီးနောက် လူ့လောကမှာ ကျန်ရှိနေသေးတဲ့ Momo ရဲ့ အဖေဟာ သူ့ရဲ့ ကျန်ရစ်သူမိသားစုကို စောင့်ရှောက်ပေးဖို့ ကောင်းကင်ဘုံကို တောင်းဆိုခဲ့တာဖြစ်ပြီး၊ သားအမိနှစ်ယောက် အဆင်ပြေပြေနဲ့ ပြန်လည်ရပ်တည်နိုင်မှသာ အဖေ့ရဲ့ ဝိညာဉ်ကလည်း ကောင်းကင်ဘုံဆီ အေးချမ်းစွာ တက်သွားနိုင်မှာ ဖြစ်ပါတယ်။ သူတို့သုံးကောင်ကလည်း မိသားစုရဲ့ အခြေအနေတွေကို အထက်ကောင်းကင်ဘုံဆီ အမြဲတမ်း အစီရင်ခံစာ ပေးပို့နေရတာဖြစ်ကြောင်း အဖြစ်မှန်အားလုံးကို Momo နားလည်သဘောပေါက်လာတဲ့အချိန်မှာပဲ ဦးလေး Koichi ပြေးရောက်လာပြီး အမေဖြစ်သူ သတိလစ် မေ့မြောနေပြီဖြစ်ကြောင်း လာရောက် ပြောပြပါတော့တယ်။

Momo လည်း အိမ်ကို အမြန် ပြန်လိုက်သွားခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ ရောဂါဝေဒနာကို ပြင်းထန်စွာ ခံစားနေရတဲ့ အမေဟာ အိပ်ရာပေါ်မှာ လှဲနေရပြီး ကျွန်းပေါ်မှာ တစ်ယောက်တည်းသာရှိတဲ့ ဆရာဝန်ကလည်း တခြားကျွန်းဘက်ခြမ်းကို သွားရောက် ဆေးကုသပေးနေတာ ဖြစ်ပါတယ်။ ဆရာဝန် ရွာဘက် ပြန်ရောက်လာအောင် စောင့်ဆိုင်းရမှာ ဖြစ်ပေမဲ့ မုန်တိုင်းက ပိုမိုပြင်းထန်ဆိုးရွားလာနေတာကြောင့် အခြေအနေအားလုံး ငြိမ်သက်သွားမှသာ ဆရာဝန်ကလည်း ပြန်လာနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်အထိတော့ အမေဖြစ်သူဟာ ရောဂါဝေဒနာကို အောင့်အည်းခံစားရင်း ကြံ့ကြံ့ခံ တောင့်ထားရမယ့် အခြေအနေ ဖြစ်နေခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေကြောင့်ပဲ အမေ့ရဲ့ မျက်ဝန်းထဲက အပြုံးတွေဟာ ဘယ်တုန်းကမှ အစစ်အမှန် မဟုတ်ခဲ့ဘဲ ဟန်ဆောင်ပြုံးပြနေခဲ့တာဆိုတာကို Momo သိလိုက်ရပါတယ်။ အခန်းထဲမှာ အမေ ထိုင်နေကျဖြစ်တဲ့ နေရာလေးကို သွားကြည့်လိုက်တဲ့အခါမှာလည်း အမြဲတမ်း မိသားစုဓာတ်ပုံလေးကို ကြည့်ပြီး တိတ်တဆိတ် ဝမ်းနည်းကြေကွဲနေခဲ့ရတဲ့ အဖြစ်မှန်အားလုံးကို ရှင်းရှင်းလင်းလင်း သိမြင်သွားခဲ့ရပါတော့တယ်။ အဖေ့ကို မေ့နေပြီဆိုပြီး သူမ ပြောခဲ့မိတဲ့ စကားတွေကြောင့် အမေဖြစ်သူ ဘယ်လောက်တောင် စိတ်ထိခိုက်ပြီး ပါးရိုက်ခဲ့ရလဲဆိုတဲ့ အကြောင်းရင်းကိုလည်း အပြည့်အဝ နားလည်သွားခဲ့ပါတယ်။

အဖေနဲ့လည်း နောက်ဆုံးအချိန်မှာ ရန်ဖြစ်စကားများပြီးမှ ခွဲခွာခဲ့ရတာမို့ အမေ့ကိုပါ နောက်ထပ်တစ်ကြိမ် ဒီလိုမျိုး ထပ်မံ မဆုံးရှုံးချင်တော့တဲ့ Momo ဟာ အမေ့ကို ကယ်တင်ပေးဖို့အတွက် မိစ္ဆာသုံးကောင်ဆီ သွားရောက်ကာ အကူအညီတောင်းခံပါတော့တယ်။ ဒါပေမဲ့ လူသားတွေရဲ့ သေရေးရှင်ရေး ကိစ္စမှာ ဝင်ရောက်မစွက်ဖက်ရဘူးဆိုတဲ့ ကောင်းကင်ဘုံရဲ့ စည်းမျဉ်းကြောင့် Momo ရဲ့ တောင်းဆိုမှုကို မိစ္ဆာတွေက ငြင်းပယ်လိုက်ကြပါတယ်။ ရွေးချယ်စရာ မရှိတော့တဲ့ Momo ဟာ ကျွန်းရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ ဆရာဝန်ကို ကိုယ်တိုင် သွားရောက်ခေါ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ Yota နဲ့ ဦးလေး Koichi တို့က အစပိုင်းမှာ တားဆီးဖို့ ကြိုးစားပေမဲ့ Momo ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကြောင့် ဦးလေး Koichi ကပဲ ဆိုင်ကယ်နဲ့ လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အိမ်မှာ ကျန်နေခဲ့တဲ့ မိစ္ဆာသုံးကောင်ကလည်း ဒီအတိုင်း စောင့်ကြည့်နေရင်း မုန်တိုင်းထဲမှာသာ Momo တစ်ယောက် ထိခိုက်သေဆုံးသွားခဲ့ရင် အဲဒါဟာ သူတို့ရဲ့ တာဝန်ပျက်ကွက်မှုနဲ့ အပြစ်ဖြစ်လာမှာကို သတိပြုမိသွားကြပါတယ်။ ဒီအတွက်ကြောင့် ကောင်းကင်ဘုံဆီ ပြန်မတက်နိုင်တော့မှာကို စိုးရိမ်တာရော၊ သံယောဇဉ်ပါ တွယ်ငြိလာတာကြောင့်ပါ အမေ့ကို တိုက်ရိုက် မကယ်တင်ပေးနိုင်ရင်တောင် ဆရာဝန်သွားခေါ်နေတဲ့ Momo ကို လမ်းခရီးမှာ ဘေးကင်းအောင် စောင့်ရှောက်ပေးမယ်ဆိုပြီး ကူညီဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမဲ့ ပြင်းထန်လှတဲ့ မုန်တိုင်းကို သူတို့သုံးယောက်တည်းနဲ့ မယှဉ်နိုင်တာကြောင့် ဘယ်လိုလုပ်ရမလဲ စဉ်းစားကြတဲ့အခါ Mame က ကျွန်းပေါ်မှာရှိတဲ့ တောစောင့်နတ် သူငယ်ချင်းတွေကို ခေါ်ယူဖို့ အကြံပြုလာပါတော့တယ်။

ပြင်းထန်လှတဲ့ မုန်တိုင်းဒဏ်ကြောင့် သူတို့ စီးလာတဲ့ ဆိုင်ကယ်ဟာ ယိမ်းထိုးနေတဲ့အပြင် လေပြင်းကြောင့် လွင့်ထွက်လာတဲ့ အင်္ကျီအစုတ်တစ်ခုက ဆိုင်ကယ်ဘီးမှာ ငြိတွယ်သွားခဲ့ပါတယ်။ ဆွဲထုတ်ဖို့ ကြိုးစားပေမဲ့ အဆင်မပြေဘဲ ရှေ့ဆက်သွားလို့ မရတော့တာကြောင့် အကြံအိုက်နေတဲ့ Momo ဟာ ကောင်းကင်ယံကို မော့ကြည့်ရင်း “သမီးကို ကူညီပေးပါဦး အဖေရယ်” ဆိုပြီး အော်ဟစ် အကူအညီတောင်းလိုက်ပါတော့တယ်။

အဲဒီအချိန်မှာပဲ တံတားရဲ့ အဝေးတစ်နေရာကနေ လိုက်ပါလာကြတဲ့ မိစ္ဆာသုံးကောင်နဲ့အတူ ကျွန်းပေါ်က မရေမတွက်နိုင်တဲ့ တောစောင့်နတ် သတ္တဝါအပေါင်းတို့ ရောက်ရှိလာကြပါတယ်။ ထောင်သောင်းမကတဲ့ နတ်မိစ္ဆာတွေဟာ ခန္ဓာကိုယ်ချင်း ဆက်စပ်ပြီး လေကာတံတိုင်းကြီးအဖြစ် တံတားပေါ်က Momo တို့ရဲ့ ဆိုင်ကယ်ကို လေဒဏ်မိုးဒဏ်ကနေ အကာအကွယ်ပေးထားကြပါတယ်။ ဒီဖြစ်ရပ်ဆန်းကြီးတစ်ခုလုံးကို ကြုံတွေ့လိုက်ရတဲ့ ဦးလေး Koichi ကတော့ ကြောက်လန့်ပြီး မေ့လဲသွားခဲ့တာကြောင့် Iwa ကပဲ ဘေးကနေ ဆိုင်ကယ်ကို ဆက်လက် ထိန်းကျောင်း မောင်းနှင်ပေးခဲ့ပါတယ်။ မုန်တိုင်းကို အန်တုရင်း ရွာတစ်ဖက်ခြမ်းက ဆရာဝန်ရှိရာနေရာဆီကို Momo နဲ့ Iwa တို့ ရောက်ရှိသွားခဲ့ကြပြီး၊ ပြန်လာတဲ့အချိန်အထိ Kawa နဲ့ တခြားနတ်တွေက တံတားပေါ်မှာ အကာအကွယ်အဖြစ် ဆက်လက် စောင့်ဆိုင်းပေးခဲ့ကြပါတယ်။

ဒီကြိုးပမ်းမှုကြောင့်ပဲ ဆရာဝန်ကို အချိန်မီ ခေါ်ဆောင်နိုင်ခဲ့ပြီး အမေဖြစ်သူရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ နောက်တစ်နေ့ ရောက်တဲ့အခါ အမေ့ရဲ့ ရောဂါအခြေအနေ သက်သာသွားပြီး အရာအားလုံး အဆင်ပြေ ချောမွေ့သွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ တာဝန်တွေ ပြီးဆုံးသွားပြီဖြစ်တာကြောင့် မိစ္ဆာသုံးကောင်ကလည်း ကောင်းကင်ဘုံဆီ ပြန်သွားဖို့ ပြင်ဆင်ကြပါတော့တယ်။ အိမ်ထဲက အမှတ်တရ ပစ္စည်းလေးကိုလည်း Kawa က ထုံးစံအတိုင်း ခိုးယူသွားဖို့ လုပ်နေတာကြောင့် ဒီတစ်ခါမှာတော့ Momo ကပဲ သဘောတူ ယူဆောင်သွားခွင့် ပြုလိုက်ပါတယ်။ အဲဒီလိုနဲ့ နှုတ်ဆက်စကားဆိုရင်း မိစ္ဆာသုံးကောင်ဟာ မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ မိုးရေစက်လေးတွေအသွင်နဲ့ ကောင်းကင်ဘုံဆီ ပြန်လည်တက်ရောက်သွားကြတာကြောင့် Momo ကလည်း လက်ပြပြီး နှုတ်ဆက် ကျန်ရစ်ခဲ့ပါတယ်။

ရက်အနည်းငယ် ကြာသွားပြီးတဲ့နောက်မှာတော့ ကောက်ရိုးလှေမျှောတဲ့ ဆုတောင်းပွဲတော် ရောက်ရှိလာခဲ့ပါတယ်။ အဲဒီပွဲတော်မှာ Momo တို့ သားအမိနှစ်ယောက်ဟာ ကောက်ရိုးလှေလေးထဲမှာ အဖေ့ဆီ လှမ်းပြောချင်တဲ့ စကားတွေကို စာရွက်လေးထဲ ထည့်ကာ ရေထဲကို မျှောချလိုက်ကြပါတယ်။ ရင်ထဲမှာ ခံစားနေရတာတွေကို အချင်းချင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုရင်း တစ်ယောက်ကိုတစ်ယောက် တောင်းပန်လိုက်ကြတဲ့အတွက် သားအမိနှစ်ယောက်ရဲ့ ဆက်ဆံရေးဟာလည်း အရင်ကထက် ပိုမို နွေးထွေးခိုင်မြဲသွားခဲ့ပါတယ်။

အဲဒီနောက် ရွာသားတွေနဲ့အတူ ဆုတောင်းပွဲတော်ကို အဆုံးအထိ ဆင်နွှဲခဲ့ကြပြီး အိမ်ပြန်ဖို့ လုပ်နေတဲ့အချိန်မှာ ရေထဲက ကောက်ရိုးလှေတစ်စင်းဟာ ကမ်းစပ်ဆီ ပြန်လည် ဆိုက်ရောက်လာခဲ့ပါတယ်။ အဲဒီလှေလေးထဲမှာတော့ သူတို့ မျှောလိုက်တဲ့ စာရွက်လေးနဲ့အတူ နောက်ထပ် စာရွက်အသစ်တစ်ခုကို တွေ့ရှိလိုက်ရပါတယ်။ အဲဒီစာရွက်ပေါ်မှာ “သမီးအတွက် အဖေ ဂုဏ်ယူပါတယ်” ဆိုတဲ့ စာသားလေး ရေးသားထားတာကို တွေ့လိုက်ရတာကြောင့် ဒီဖြစ်ရပ်အားလုံးကို ကောင်းကင်ဘုံကနေ အဖေက အမြဲ စောင့်ကြည့်နေခဲ့တာမှန်း သိလိုက်ရပြီး အဖေ့ရဲ့ ဝိညာဉ်လည်း ကောင်းကင်ဘုံဆီ အေးချမ်းစွာ တက်ရောက်သွားနိုင်ပြီဆိုတာကို နားလည်သွားခဲ့ကြတာကြောင့် သားအမိနှစ်ယောက်စလုံး ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ မျက်ရည်ကျခဲ့ရပါတော့တယ်။

အရာအားလုံး ပြီးဆုံးသွားတဲ့နောက်မှာတော့ Momo ဟာ Yota တို့ မောင်နှမနဲ့အတူ ချောင်းထဲ ရေဆင်းကူးဖို့ ပြန်လည် သွားရောက်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ Momo ဟာ သူမရဲ့ ကြောက်စိတ်အားလုံးကို ကျော်လွှားလိုက်ပြီး တံတားအမြင့်ပေါ်ကနေ ချောင်းရေထဲဆီကို သတ္တိရှိရှိ ခုန်ချရင်းနဲ့ပဲ ဇာတ်လမ်းလေး ပြီးဆုံးသွားပါတော့တယ်။

A Letter to Momo (2011) ရုပ်ရှင်ရဲ့ အဓိက အနှစ်သာရဟာ မိသားစုဝင်တစ်ဦး ဆုံးပါးသွားပြီးနောက် ကျန်ရစ်သူတွေ ကြုံတွေ့ရတဲ့ ကြေကွဲဝမ်းနည်းမှု၊ နောင်တနဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားခြင်း ဖြစ်စဉ်ကို နက်နက်ရှိုင်းရှိုင်း မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ မိဘအပေါ် စိတ်လိုက်မာန်ပါ ပြောဆိုမိခဲ့တဲ့ စကားတစ်ခွန်းက မမျှော်လင့်ဘဲ နောက်ဆုံးနှုတ်ဆက်စကား ဖြစ်သွားတဲ့အခါ ခံစားရတဲ့ နောင်တတရားဟာ ကြီးမားလှပါတယ်။ ဒီဇာတ်ကားမှာ ကောင်းကင်က ဆင်းသက်လာတဲ့ မိစ္ဆာသုံးကောင်ဆိုတာ တကယ်တော့ ပြင်ပအကူအညီသက်သက်ထက် Momo ရဲ့ စိတ်တွင်းက အထီးကျန်မှု၊ အကြောက်တရားနဲ့ မိမိကိုယ်ကို အပြစ်တင်နေတဲ့ စိတ်တွေကို ရင်ဆိုင်ကျော်လွှားနိုင်အောင် တွန်းအားပေးတဲ့ သင်္ကေတတစ်ခုအနေနဲ့ ဖန်တီးထားတာကို တွေ့မြင်နိုင်ပါတယ်။

ဒါ့အပြင် အမေနှင့် သမီးကြားက နားလည်မှုလွဲမှားခြင်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက် စိတ်မပူစေချင်လို့ ခံစားချက်တွေကို ဖုံးကွယ်ထားကြတဲ့ မိသားစုဆန်သော သံယောဇဉ်ကိုလည်း အလှပဆုံး ပုံဖော်သွားပါတယ်။ အမေဖြစ်သူ ပြုံးပြနေတာဟာ အဖေ့ကို မေ့သွားလို့ မဟုတ်ဘဲ သမီးလေးအတွက် ကြံ့ကြံ့ခံ ရပ်တည်နေခြင်းသာဖြစ်ကြောင်း Momo နားလည်သွားတဲ့ အခိုက်အတန့်ဟာ ဇာတ်လမ်းရဲ့ အထွတ်အထိပ် စိတ်ခံစားမှုတစ်ခု ဖြစ်ပါတယ်။ မုန်တိုင်းထဲမှာ မိခင်ကို ကယ်တင်ဖို့အတွက် ရဲဝံ့စွာ ရင်ဆိုင်ခဲ့ခြင်းနဲ့ ဇာတ်သိမ်းပိုင်းမှာ တံတားပေါ်ကနေ ရေထဲကို သတ္တိရှိရှိ ခုန်ချနိုင်ခဲ့ခြင်းတို့ဟာ Momo ရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုနဲ့ ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ပြီဆိုတာကို ပြသတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ရုပ်ရှင်အဆုံးသတ်တစ်ခု ဖြစ်စေခဲ့ပါတယ်။

Keep reading

ချစ်ရတဲ့သူတွေကို ဆုံးရှုံးရတဲ့ နာကျင်မှုတွေကို ကျော်လွှားပြီး မိမိကိုယ်ကို အပြည့်အဝ ယုံကြည်မှုနဲ့အတူ စစ်မှန်တဲ့ Spider-Man တစ်ယောက် ဖြစ်လာခဲ့တဲ့ Miles Morales ရဲ့ ရင့်ကျက်မှုခရီးစဉ်။

အန်စာတုံး လှည့်စားပစ်ရင်းကနေ ဒဏ္ဍာရီလာ ရွှေမြို့တော် El Dorado ဆီ မတော်တဆ ရောက်ရှိသွားကာ နတ်ဘုရားအဖြစ် ဟန်ဆောင်ခဲ့ကြတဲ့ လူလိမ်နှစ်ယောက် Tulio နဲ့ Miguel တို့ရဲ့ ဟာသနှင့် စွန့်စားခန်းအပြည့် DreamWorks အန်နီမေးရှင်း ရုပ်ရှင်အနှစ်ချုပ်။

ကျောင်းလခနဲ့ ဆိုင်ကယ်အစုတ်ဝယ်ပြီး လမ်းသရဲလုပ်ချင်တဲ့ ကောင်လေးနဲ့၊ အတိတ်ဆိုးတွေကို ဖုံးကွယ်ထားတဲ့ မာဖီးယားစားဖိုမှူးကြီးတို့ ဆုံတွေ့ကြတဲ့အခါ... ဟာသ၊ အက်ရှင်နဲ့ ဘဝသင်ခန်းစာတွေ ပြည့်နှက်နေတဲ့ Start-Up (2019) ရုပ်ရှင် ဇာတ်လမ်းအကျဉ်း။