Search Data Lam Hnyin Articles

အတွေးတွေကြောင့် မပူလောင်ရအောင် နေထိုင်နည်း - ပစ္စုပ္ပန်၏ စွမ်းအားနှင့် အတွင်းစိတ် ငြိမ်းချမ်းမှု ရှာဖွေခြင်း

အတိတ်က နောင်တများနှင့် အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများကြား ပိတ်မိမနေဘဲ မိမိ၏ အတွေးများကို အသိတရားဖြင့် စောင့်ကြည့်ကာ ပစ္စုပ္ပန်တည့်တည့်တွင် အေးချမ်းစွာ ရှင်သန်နေထိုင်နည်း လမ်းညွှန်ချက်။

Share

အားလုံးပဲ မင်္ဂလာပါ။ ကျွန်မ ဒီနေ့ အနှစ်ချုပ် မျှဝေပေးချင်တဲ့ စာအုပ်လေးကတော့ ကမ္ဘာကျော် စိတ်ဝိညာဉ်ရေးရာ လမ်းပြဆရာကြီးတစ်ဦးဖြစ်တဲ့ Eckhart Tolle ရေးသားတဲ့ The Power of Now (ပစ္စုပ္ပန်၏ စွမ်းအား) ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။

ဒီစာအုပ်လေးက ၁၉၉၇ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့ ယနေ့တိုင်အောင် ကမ္ဘာ့ အရောင်းရဆုံး စာအုပ်စာရင်းရဲ့ ထိပ်ဆုံးမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဘာသာစကားပေါင်း ၅၀ ကျော် ဘာသာပြန်ဆိုခြင်း ခံထားရသလို၊ အုပ်ရေ သန်းပေါင်း ၄၀ နီးပါးအထိ ရောင်းချနေရဆဲ ဂန္ထဝင် စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ ကျွန်မတို့အားလုံး နေ့စဉ် လှုပ်ရှားရုန်းကန်နေရတဲ့ ဘဝခရီးမှာ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ပူလောင်မှုတွေ၊ စိုးရိမ်သောကတွေနဲ့ စိတ်ဓာတ်ကျခြင်း (Depression) တွေကနေ လွတ်မြောက်ပြီး အေးချမ်းတည်ငြိမ်တဲ့ စိတ်ကလေးတစ်ခုနဲ့ နေ့စဉ် ဘယ်လိုမျိုး ရှင်သန်နေထိုင်သွားမလဲဆိုတာကို လမ်းညွှန်ပြသပေးမယ့် တကယ့်ကို အဖိုးတန် စာအုပ်ကောင်းလေး ဖြစ်ပါတယ်။

ဒီစာအုပ်လေးကို ကျွန်မက အပိုင်း ၃ ပိုင်း ခွဲခြားပြီး အနှစ်ချုပ် တင်ဆက်ပေးသွားပါမယ်။

ပထမဆုံးအနေနဲ့ ဒီစာအုပ်ကို ဘယ်လိုလူတွေ ဖတ်သင့်သလဲဆိုတော့ နေ့စဉ်ဘဝမှာ စိတ်တွေ အမြဲ ပူလောင်နေရသူတွေ၊ စိတ်ထဲမှာ အေးအေးချမ်းချမ်း မရှိဘဲ တစ်ခုခုဆိုရင် စိုးရိမ်ပူပန်တတ်သူတွေနဲ့ အရာရာကို အတွေးလွန် (Overthinking) ဖြစ်ပြီး ညဘက်တွေဆို တော်တော်နဲ့ အိပ်မပျော်တတ်သူတွေ ဖတ်ရှုသင့်ပါတယ်။ “ငါ့စိတ်ကတော့ အမြဲတမ်း ပူလောင်နေတာပဲ၊ စိတ်အေးချမ်းမှုလေးနဲ့ နေချင်လိုက်တာ” လို့ တွေးတောနေကြတဲ့သူတိုင်း ဒီစာအုပ်ကို မဖြစ်မနေ ဖတ်ရှုနားဆင်သင့်ပါတယ်။ ဒီစာအုပ်လေးကို နားထောင်ပြီးသွားတဲ့အခါ ဘာကြောင့် ကျွန်မတို့မှာ ဒီလို စိတ်ပူလောင်မှုတွေ ဖြစ်ပေါ်နေရတာလဲဆိုတဲ့ အကြောင်းရင်းကို သိရှိသွားမယ့်အပြင်၊ ဘယ်လို ပုံစံမျိုးနဲ့ နေထိုင်သွားမယ်ဆိုရင် နေ့စဉ်ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းသွားနိုင်မလဲဆိုတာကို သေချာပေါက် သိရှိနားလည်သွားမှာ ဖြစ်ပါတယ်။

စာအုပ်အကြောင်းကို အသေးစိတ် မပြောခင်မှာ စာရေးဆရာကြီး Eckhart Tolle အကြောင်းကို အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးဆရာကြီးက သူ့ရဲ့ ဘဝအတွေ့အကြုံတွေကို အခြေခံပြီး ရေးသားထားတာ ဖြစ်တာကြောင့် သူ့အကြောင်းကို သိထားရင် စာအုပ်ကို ပိုမို နားလည်သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။

စာရေးဆရာကြီး Eckhart Tolle ဟာ ကမ္ဘာကျော် စိတ်ဝိညာဉ်ရေးရာ လမ်းပြဆရာ (Spiritual Teacher) တစ်ဦး ဖြစ်ပါတယ်။ သူဟာ ၁၉၄၈ ခုနှစ်မှာ ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့ပြီး အသက် ၂၀ ကျော် အရွယ်မှာ အင်္ဂလန်နိုင်ငံကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကနေဒါနိုင်ငံမှာ အခြေစိုက် နေထိုင်လျက် ရှိပါတယ်။

Eckhart Tolle ဟာ ငယ်စဉ်ဘဝတုန်းက ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားခဲ့ရသူ ဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှုတွေ လွန်ကဲခဲ့ပြီး တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့အထိတောင် အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို မျှော်လင့်ချက် လုံးဝ ကင်းမဲ့နေတဲ့ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေချိန်မှာပဲ မမျှော်လင့်တဲ့ အတွင်းစိတ် နိုးထမှု အတွေ့အကြုံတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ အတွေ့အကြုံကနေတစ်ဆင့် သူ့ရဲ့ ဘဝတစ်ခုလုံးဟာ အံ့ဩဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူ ကြုံတွေ့ခဲ့ရတဲ့ နိုးထမှု အတွေ့အကြုံတွေ၊ ပြင်းထန်တဲ့ စိတ်ကျရောဂါနဲ့ မိမိကိုယ်ကိုယ် အဆုံးစီရင်ချင်တဲ့ စိတ်အခြေအနေဆိုးတွေကနေ ဘယ်လို လွတ်မြောက်ခဲ့တယ်ဆိုတဲ့ နည်းလမ်းတွေကို လူသားတွေထံ ပြန်လည် မျှဝေဖို့အတွက် သူ့ရဲ့ ဘဝကို မြှုပ်နှံခဲ့ပါတယ်။ လက်ရှိမှာတော့ သူဟာ ကမ္ဘာတစ်ဝန်းမှာ ဟောပြောပွဲတွေ စဉ်ဆက်မပြတ် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

သူ့ရဲ့ သင်ကြားပြသမှုတွေမှာ ရိုးရှင်းပြီး နားလည်လွယ်တဲ့ စကားလုံးတွေနဲ့ အမြဲ သွန်သင်လေ့ရှိတာကတော့ “ကျွန်တော်တို့ အားလုံးဟာ စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားရမှုတွေကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် လုပ်ဆောင်နိုင်ပြီး အတွင်းစိတ်ရဲ့ နက်ရှိုင်းတဲ့ ငြိမ်းချမ်းမှု ကမ္ဘာထဲကို ဝင်ရောက်သွားနိုင်ပါတယ်” ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

Eckhart Tolle ရဲ့ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေကနေ မြစ်ဖျားခံ ထွက်ပေါ်လာတဲ့ The Power of Now ဆိုတဲ့ ဒီစာအုပ်ဟာ ခေတ်အဆက်ဆက် လက်စွဲပြုရမယ့် ဂန္ထဝင် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဦးနှောက်နဲ့ စိတ် (Mind) ရဲ့ ချုပ်ကိုင်မှုကို ခံနေရတာကြောင့် နာကျင်မှုတွေ၊ ပူလောင်မှုတွေကို ခံစားနေရပြီး အမြဲတမ်း စိုးရိမ်သောကတွေနဲ့ ရှင်သန်နေရတယ်ဆိုတာကို ဒီစာအုပ်ကနေတစ်ဆင့် ရှင်းလင်းစွာ လေ့လာသိရှိရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ YouTube ပေါ်မှာ စာရေးဆရာကြီး Eckhart Tolle ရဲ့ Channel နဲ့ ဗီဒီယိုတွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီမှာ သွားရောက် နားထောင်ကြည့်ရင် လူတစ်ယောက်ရဲ့ အတွင်းစိတ် ငြိမ်းချမ်းနေတဲ့အခါ သူ့ရဲ့ မျက်နှာသွင်ပြင်နဲ့ စကားပြောဟန်မှာ အရှိန်အဝါ (Aura) တစ်ခုအနေနဲ့ ဘယ်လို ပေါ်လွင်နေသလဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။ သူ့ကို ကြည့်လိုက်တာနဲ့ ဘေးလူတွေပါ စိတ်အေးချမ်းမှု ခံစားရစေပါတယ်။ သူ့ရဲ့ စကားပြောတဲ့ လေယူလေသိမ်းဟာ အရမ်း အေးဆေးတည်ငြိမ်ပြီး ဝိပဿနာ တရားစခန်းတွေမှာ ဆရာတော်တွေ တရားဟောကြားနေတဲ့ အသံလိုမျိုး အေးချမ်းလှပါတယ်။ စိတ်ဝင်စားပါက သူ့ရဲ့ ဗီဒီယိုလေးတွေကိုလည်း သွားရောက် နားဆင်ကြည့်ရှုနိုင်ပါတယ်။

ကျွန်မတို့ အတိတ်နဲ့ အနာဂတ်ဆိုတဲ့ အချိန်ကာလဆိုင်ရာ အယူအဆတွေထဲမှာ မျောပါရင်း အတိတ်ကို ပြန်ပြောင်းတသသ ဖြစ်နေတတ်သလို၊ အနာဂတ်အတွက်လည်း ကြိုတင်စိုးရိမ်ပူပန်နေတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အရာအားလုံးဟာ “အခု” (Now) လို့ခေါ်တဲ့ ပစ္စုပ္ပန်တည့်တည့်မှာသာ တည်ရှိနေပြီး၊ ဒီပစ္စုပ္ပန် အခိုက်အတန့်ဟာ ကျွန်မတို့ အမှန်တကယ် ပိုင်ဆိုင်ရတဲ့ တစ်ခုတည်းသော အရာ ဖြစ်ပါတယ်။ ပစ္စုပ္ပန်ကို အာရုံစိုက်ခြင်းအားဖြင့် စိတ်ပူလောင်မှုတွေ၊ နာကျင်မှုတွေကနေ ကင်းဝေးပြီး အတွင်းစိတ် ငြိမ်းချမ်းမှုကို ဘယ်လို ရယူနိုင်မလဲဆိုတာကို ဒီစာအုပ်ထဲမှာ လေ့လာသွားကြရမှာပါ။

ဒီစာအုပ်ကို အပိုင်း ၃ ပိုင်း ခွဲခြားပြီး အနှစ်ချုပ် တင်ပြပေးသွားပါမယ်။

အပိုင်း (၁) - လူတွေ ဘာကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို ခံစားနေရသလဲ။

အပိုင်း (၂) - ပစ္စုပ္ပန်ထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခြင်းက စိတ်ဒဏ်ရာတွေကို ဘယ်လို သက်သာစေသလဲ။

အပိုင်း (၃) - လက်တွေ့ ပစ္စုပ္ပန်မှာ ရှင်သန်နိုင်ဖို့ ဘယ်လို လေ့ကျင့်ရမလဲ။

ပထမဆုံးအနေနဲ့ လူတွေ ဘာကြောင့် နာကျင်ပူလောင်မှုတွေကို ခံစားနေရသလဲဆိုတဲ့ အကြောင်းရင်းကို စတင် ကြည့်ကြပါစို့။

ကမ္ဘာကျော် စာရေးဆရာ Yuval Noah Harari ရဲ့ Homo Deus: A Brief History of Tomorrow စာအုပ်ထဲမှာ ဖော်ပြထားတဲ့ အချက်တစ်ခု ရှိပါတယ်။ ကျွန်မတို့ လူသားတွေရဲ့ ဆင့်ကဲဖြစ်စဉ် မျိုးဆက်ပေါင်းများစွာတစ်လျှောက်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မစနစ်နဲ့ ဦးနှောက် ဖွဲ့စည်းပုံဟာ အသက်ရှင်သန်နိုင်စွမ်းနဲ့ မျိုးပွားနိုင်စွမ်း မြင့်မားဖို့အတွက်သာ အသားကျ ပြောင်းလဲလာခဲ့တာ ဖြစ်ပြီး၊ ပျော်ရွှင်မှု ရရှိဖို့အတွက် ပုံစံပြောင်းလာခဲ့တာ မဟုတ်ပါဘူး။

လူသားတွေရဲ့ သမိုင်းဦးကာလမှာ အသက်ရှင်သန်ဖို့အတွက် သားရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်၊ အစားအစာ ပြတ်လပ်မှုတွေကို အမြဲတမ်း စိုးရိမ် သတိထားနေရပါတယ်။ အဲဒီတုန်းက ဂူတွေထဲမှာ နေထိုင်ခဲ့ရတာမို့ ဒီလို စိုးရိမ်သောက မရှိခဲ့ရင် အသက်ရှင် ကျန်ရစ်မှာ မဟုတ်ပါဘူး။ ဦးနှောက်က အသက်ရှင်ဖို့အတွက် သတိဝီရိယ အမြဲ ထားရှိနေရတဲ့ စနစ်ကို တည်ဆောက်ခဲ့ပြီး၊ ခေတ်တွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ အဲဒီ မူလစနစ်ကြီးက မျက်မှောက်ခေတ်အထိ လူသားတွေဆီ ဆက်လက် ပါလာခဲ့ပါတယ်။

ဒါကြောင့် ဦးနှောက်ဟာ သတိကပ်ဖို့၊ ဆုံးဖြတ်ဖို့နဲ့ အန္တရာယ်ကို ကာကွယ်ဖို့အတွက်သာ အမြဲ အလုပ်လုပ်နေပြီး၊ ရေရှည် ပျော်ရွှင်မှုအတွက် တည်ဆောက်ထားတာ မဟုတ်တာကြောင့် စိတ်ချမ်းသာမှုဆိုတာ ခဏတာသာ ခံစားရလေ့ ရှိပါတယ်။ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရရှိဖို့ဆိုတာ အိုမင်းခြင်းနဲ့ သေဆုံးခြင်းကို နည်းပညာနဲ့ တားဆီးဖို့ ကြိုးစားတာထက်တောင် ပိုမို ခက်ခဲပါတယ်။ နည်းပညာနဲ့ ဆေးဝါးတွေက အသက်ကို ဆွဲဆန့်ပေးနိုင်ပေမဲ့ စိတ်ပျော်ရွှင်မှုကိုတော့ နည်းပညာနဲ့ အချိန်ပြည့် ဖန်တီးပေးလို့ မရပါဘူး။ ဒါကြောင့် နေ့စဉ်ဘဝမှာ အမြဲတမ်း ပျော်ရွှင်နေတဲ့သူဆိုတာ မရှိသလောက် ရှားပါးပြီး စိတ်ဆင်းရဲမှုတွေကို မကြာခဏ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒါဆို ကျွန်မတို့ ဘာကြောင့် စိတ်ဆင်းရဲ နာကျင်မှုတွေကို ခံစားနေရတာလဲ။

တကယ်တော့ နာကျင်မှုဆိုတာ စိတ်အခြေအနေ (State of Mind) တစ်ခုကြောင့်သာ ဖြစ်ပေါ်လာရတာပါ။ စိတ်ဆိုတာ ဦးနှောက်က ဖန်တီးထားတဲ့ ကိရိယာ (Tool) တစ်ခုသာ ဖြစ်ပါတယ်။ အလုပ်တွေ ပြီးမြောက်အောင် တွေးခေါ် ဆင်ခြင်ဖို့အတွက် ဦးနှောက်က ဖန်တီးပေးထားတဲ့ ကိရိယာကို ကျွန်မတို့က သေချာ ထိန်းချုပ် အသုံးချနိုင်ရင် အကျိုးရှိပေမဲ့၊ အဲဒီ ကိရိယာက ကျွန်မတို့ကို ပြန်လည် လွှမ်းမိုး ချုပ်ကိုင်သွားတဲ့အခါ စိတ်ပိုင်းဆိုင်ရာ နာကျင်ပူလောင်မှုတွေကို စတင် ခံစားရတော့တာပါပဲ။

စိတ်ရဲ့ ချုပ်ကိုင်မှုကို ခံရခြင်းနဲ့ ပတ်သက်ပြီး အချက် ၃ ချက် ရှိပါတယ်။

ပထမအချက် - စိတ်က ကျွန်မတို့ကို ပြန်လည် ချုပ်ကိုင်ထားခြင်းပါ။

ကျွန်မတို့ရဲ့ စိတ်ဟာ နှိုင်းယှဉ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ အဆုံးအဖြတ်ပေးခြင်းတွေကနေတစ်ဆင့် အတွေးပေါင်းများစွာကို အဆက်မပြတ် ဖန်တီးတဲ့နေရာမှာ အလွန် ကျွမ်းကျင်ပါတယ်။ လမ်းပေါ်မှာ တစ်ယောက်တည်း စကားတွေ တတွတ်တွတ် ပြောပြီး လမ်းလျှောက်နေတဲ့သူကို တွေ့ရင် “သူ စိတ်မနှံ့ဘူးလား” လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ သေချာ စဉ်းစားကြည့်ရင် ကျွန်မတို့လည်း အဲဒီလူနဲ့ သိပ်မကွာခြားပါဘူး။ မနက် မိုးလင်း အိပ်ရာနိုးချိန်ကနေ ည အိပ်တဲ့အထိ ဦးနှောက်ထဲမှာ ထိန်းချုပ်လို့မရတဲ့ အတွေးပေါင်း ထောင်သောင်းချီ ဝင်ရောက်နေပြီး အတွင်းစိတ်ထဲမှာ တစ်ယောက်တည်း စကားတွေ အဆက်မပြတ် ပြောနေကြတာ ဖြစ်ပါတယ်။

ပိုပြီး စိုးရိမ်စရာ ကောင်းတာက အဲဒီလို ဝင်လာသမျှ အတွေးတွေနဲ့ မိမိရဲ့ မသိစိတ်က တစ်ထပ်တည်း ကျသွားတဲ့အခါ စိတ်နဲ့ အတွေးတွေရဲ့ လုံးဝ ချုပ်ကိုင်မှုကို ခံလိုက်ရပါတော့တယ်။

ဒီနေရာမှာ “ငါ တွေးနေတဲ့ အတွေးတွေက ငါ ကိုယ်တိုင် မဟုတ်ဘူးလား၊ ငါ့ရဲ့ အကြိုက်တွေ၊ အမုန်းတွေကို စဉ်းစားနေတာ ငါ မဟုတ်ဘူးလား” လို့ မေးစရာ ရှိလာနိုင်ပါတယ်။ တကယ်တော့ အဲဒါဟာ မွေးဖွားလာကတည်းက စိတ်ထဲမှာ ပုံဖော် ရှုမြင်ထားတဲ့ မိမိကိုယ်ကိုယ် ထင်မှတ်ထားသည့် ပုံရိပ် (Self-image) သက်သက်သာ ဖြစ်ပါတယ်။

ဦးနှောက်ရဲ့ စိတ်က ဖန်တီးထားတဲ့ အတုအယောင် ဖြစ်တည်မှုကို “Ego” လို့ခေါ်တဲ့ အတ္တလို့ ခေါ်ပါတယ်။ ဒီအတ္တဆိုတာ အတုအယောင် ဖြစ်တဲ့အတွက် အမြဲတမ်း ကြောက်ရွံ့မှုတွေ၊ မပြည့်စုံတဲ့ လိုအပ်ချက်တွေ ကြားထဲမှာပဲ ရှင်သန်နေရတာပါ။ ဒါကြောင့်လည်း ကျွန်မတို့ဟာ တစ်စုံတစ်ယောက်ကို ဆုံးရှုံးရမှာ၊ တစ်ခုခုကို ကျရှုံးသွားမှာ၊ ဒါမှမဟုတ် ထိခိုက်နစ်နာသွားမှာကို ကြောက်တဲ့စိတ်တွေ ဖြစ်နေရတာပါ။ အဲဒီလို ခံစားချက်တွေ ဖြစ်နေရတာဟာ ဒီအတ္တရဲ့ အတွင်းထဲမှာ ဆာလောင်မွတ်သိပ်နေတဲ့ သဘောသဘာဝကြောင့်ပဲ ဖြစ်ပါတယ်။ အတွင်းထဲက အတ္တကနေ ကျွန်မတို့ကို ဒီလိုတွေ ခံစားရအောင် ဖန်တီးပေးနေတာပါ။

အဲဒီလိုနဲ့ပဲ လူတွေဟာ အတ္တရဲ့ ဆာလောင်မှုနောက်ကို လိုက်ရင်း လိုချင်တပ်မက်မှုတွေ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေနောက်ကို မျက်စိစုံမှိတ် လိုက်မိကြပါတယ်။ အပြင်လောကမှာ စည်းစိမ်ဥစ္စာတွေ၊ ရာထူးဂုဏ်ဒြပ်တွေနောက်ကို အသည်းအသန် လိုက်ရင်းနဲ့ပဲ ကိုယ့်ရဲ့ စစ်မှန်တဲ့ ပုံရိပ် (True Self) ဟာ တဖြည်းဖြည်း ပျောက်ဆုံးလာရပါတယ်။ ဒီလိုနဲ့ပဲ တစ်ယောက်တည်း အထီးကျန်လာရသလို ဘဝမှာ လမ်းပျောက်တဲ့ ခံစားချက်တွေ ဝင်လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အတ္တက ဖြစ်ချင်တဲ့ ဆန္ဒတွေကြောင့် ကိုယ်တကယ် လုပ်ချင်တဲ့ ဝါသနာတွေ၊ ကိုယ့်ရဲ့ စိတ်ဆန္ဒ အမှန်တွေကို မေ့လျော့လာရလို့ပါ။ အပြင်လောကရဲ့ လိုအင်ဆန္ဒတွေနောက် လိုက်နေရင်းနဲ့ ကိုယ်ချစ်တဲ့သူတွေနဲ့ ဝေးကွာလာတယ်၊ ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးလာရပြီး နောက်ဆုံးမှာတော့ ကိုယ်တိုင် ဖန်တီးလိုက်တဲ့ အထီးကျန်မှုထဲမှာ ပိတ်မိသွားရပါတယ်။

“ငါ့မှာ အပြင်ပန်း ငွေကြေးဥစ္စာတွေ ပြည့်စုံနေပါရက်နဲ့ ဘာလို့ ပျော်ရွှင်အေးချမ်းမှုကို မခံစားရတာလဲ၊ ဘာကြောင့် ဒီလောက်တောင် ပူလောင်နေရတာလဲ” ဆိုပြီး မွန်းကျပ်လာရတာပါ။ ဒါကြောင့် စိတ်က ဖန်တီးထားတဲ့ အတ္တနဲ့ ကိုယ့်ကိုယ်ကိုယ် ထပ်တူကျလေလေ၊ စိတ်ပူလောင်မှုတွေကို ပိုပြီး ခံစားရလေလေပါပဲ။ ဒါကတော့ ကျွန်မတို့ကို စိတ်ကနေ ပြန်လည် ထိန်းချုပ် (Control) သွားလို့ ဖြစ်ရတဲ့ ပထမအချက် ဖြစ်ပါတယ်။

ဒုတိယ အကြောင်းရင်းကတော့ ကျွန်မတို့ရဲ့ စိတ်က အဆိုးမြင် စိတ်ခံစားချက်တွေကို ဖန်တီးနေလို့ ဖြစ်ပါတယ်။

စိတ်ခံစားမှု (Emotion) တစ်ခု ဖြစ်ပေါ်လာပြီဆိုရင် အတွင်းစိတ်တစ်ခုတည်း နာကျင်တာ မဟုတ်ဘဲ အပြင်ဘက်က ခန္ဓာကိုယ် (Physical Body) ပါ လိုက်ပြီး နာကျင်လာရပါတယ်။ စိတ်ညစ်သွားတဲ့အခါ အသက်ရှူကျပ်လာတယ်၊ ပင်ပန်းနွမ်းနယ်လာတယ်၊ ရင်ဘတ်ထဲက အောင့်လာတယ်၊ မျက်ရည်တွေ ကျလာတတ်ပါတယ်။ စိတ်ခံစားမှုဆိုတာ ခန္ဓာကိုယ်ပေါ်မှာ လာပြီး ထင်ဟပ်ပြတဲ့ စိတ်ရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုပါပဲ။

ဥပမာ - ရန်လိုတဲ့ အတွေးတစ်ခု ဝင်လာပြီဆိုတာနဲ့ ဒေါသထွက်လာပြီး အပြင်မှာ ချက်ချင်း တိုက်ခိုက်ဖို့ အသင့်ဖြစ်တဲ့ အနေအထား ရောက်သွားပါတယ်။ ကြောက်စရာတစ်ခုခု ဝင်လာရင်လည်း ခန္ဓာကိုယ်က ကျုံ့ဝင်သွားတတ်ပါတယ်။ ဒါဟာ စိတ်ထဲက အတွေးလေးတစ်ခုကြောင့် ခန္ဓာကိုယ်က ချက်ချင်း တုံ့ပြန်လိုက်တာပါ။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို သတိမထားမိဘဲ စိတ်ရဲ့ လှည့်စားမှုကို အလူးအလဲ ခံနေရတာက ကျွန်မတို့ကို ပိုပြီး နာကျင်ဆင်းရဲစေပါတယ်။

ဒီ အဆိုးမြင် စိတ်ခံစားချက်တွေကြောင့် ဖြစ်ရတဲ့ နာကျင်မှုကိုတော့ “ပစ္စုပ္ပန်ကြောင့် နာကျင်ရမှု” (Pain of the Present) နဲ့ “အတိတ်ကြောင့် နာကျင်ရမှု” (Pain of the Past) ဆိုပြီး နှစ်မျိုး ခွဲကြည့်လို့ ရပါတယ်။

ပစ္စုပ္ပန်ကြောင့် နာကျင်ရမှုဆိုတာ လက်ရှိ ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လက်မခံနိုင်ဘဲ ငြင်းဆန်တွန်းလှန် (Resist) နေတာကြောင့် ဖြစ်ပါတယ်။ ဥပမာ - ချစ်သူနှစ်ယောက် လမ်းခွဲကြတဲ့အခါ လမ်းခွဲမှုကို လက်မခံနိုင်တဲ့သူက ပိုပြီး နာကျင်ရပါတယ်။ “ငါတို့နှစ်ယောက်ရဲ့ ဇာတ်လမ်း ပြီးသွားပြီ” ဆိုပြီး အရှိကို အရှိအတိုင်း လက်ခံ လွှတ်ချလိုက်နိုင်တဲ့သူက အချိန်တိုအတွင်း စိတ်သက်သာရာရပြီး အေးချမ်းသွားနိုင်ပေမဲ့၊ “ငါက ဘာလို့ သူနဲ့ လမ်းခွဲရတာလဲ၊ ငါ သူ့အပေါ် ဒီလောက် ကောင်းခဲ့တာကို” ဆိုပြီး တွေးတောကာ လက်ရှိ အရှိတရားကို ငြင်းဆန်နေတဲ့သူကတော့ ပိုပြီး နာကျင်ရတာပါပဲ။

ဒီလို ပစ္စုပ္ပန်ရဲ့ နာကျင်မှုကို အချိန်မီ မလွှတ်ချနိုင်တဲ့အခါ အဲဒီ နာကျင်မှုက ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်ခဲ့ပြီး အတိတ်က နာကျင်မှုတွေနဲ့ ပေါင်းစည်းကာ အဆိုးမြင် စွမ်းအင်စက်ဝန်းတစ်ခု ဖြစ်လာပါတယ်။ ဒါကို Eckhart Tolle က “နာကျင်မှု အစုအဝေး ခန္ဓာ” (Pain-body) လို့ ခေါ်ပါတယ်။

ပုံမှန် အခြေအနေတွေမှာတော့ ဒီ Pain-body ကြီးက ခန္ဓာကိုယ်ထဲမှာ ငြိမ်သက်ပြီး အိပ်ပျော်နေတတ်ပါတယ်။ အချိန်တွေ ကုန်လွန်သွားလို့ နာကျင်မှုတွေ လျော့ပါးသွားပြီ ထင်ရပေမဲ့ တကယ်တော့ ပျောက်သွားတာ မဟုတ်ဘဲ ပုန်းအောင်းနေတာပါ။ လက်ရှိ ပစ္စုပ္ပန်မှာ အတိတ်က နာကျင်မှုနဲ့ ဆင်တူတဲ့ အခြေအနေတစ်ခုခုနဲ့ ကြုံလိုက်ရတဲ့အခါ အဲဒီ Pain-body က ရုတ်တရက် ပြန်နိုးထလာတတ်ပါတယ်။ သူ့ကို လှုံ့ဆော် (Trigger) လိုက်တဲ့အရာက အတွေးလေးတစ်ခု၊ လူတစ်ယောက်ရဲ့ အကြည့်တစ်ချက် ဒါမှမဟုတ် စကားလုံးလေး တစ်လုံးလည်း ဖြစ်နိုင်ပါတယ်။ အဲဒါလေး သွားထိလိုက်တာနဲ့ အတွင်းထဲက နာကျင်မှုတွေ အုံကြွလာပြီး ရန်လိုတဲ့စိတ်တွေ ဖြစ်လာမယ်၊ ဒေါသထွက်မယ်၊ ငိုကြွေးမယ် စသဖြင့် ပုံမှန် မဟုတ်တဲ့ အပြုအမူတွေ ချက်ချင်း ပြောင်းလဲ လုပ်မိသွားတတ်ပါတယ်။ အဲဒီအခါ ကိုယ်တိုင်လည်း နာကျင်ရသလို ကိုယ့်ဘေးကလူတွေကိုပါ ဝမ်းနည်းပူဆွေးအောင် လုပ်မိတတ်ပါတယ်။

ဥပမာ - ဇနီးမောင်နှံတွေ ရန်ဖြစ်ကြတဲ့အခါ အတိတ်က တစ်ဖက်လူ မှားခဲ့ဖူးတဲ့ အမှားဟောင်းတွေကို လက်ရှိ ပြဿနာထဲ ဆွဲထည့်လာတတ်ကြပါတယ်။ “အရင်တုန်းက နင် ဘယ်လို လုပ်ခဲ့တာ၊ ဟိုတုန်းက ဘာဖြစ်ခဲ့တာ” ဆိုပြီး အတိတ်က ကိစ္စတွေကို ဆွဲထုတ် စကားနာထိုးရင်း နောက်ဆုံး လင်မယား ကွဲတဲ့အထိ ဖြစ်သွားတတ်ကြပါတယ်။ ဒါဟာ လက်ရှိ အခြေအနေကို လက်မခံဘဲ နာကျင်မှုတွေကို စိတ်ထဲ သိမ်းဆည်းထားတာကြောင့် စိတ်ရော ခန္ဓာပါ လိုက်ပါ နာကျင်ရတဲ့ သဘောပါပဲ။

နောက်ဆုံး တတိယ အချက်ကတော့ ကျွန်မတို့ဟာ အချိန်ရဲ့ ထောင်ချောက်ထဲမှာ ပိတ်မိနေတာကြောင့် ဖြစ်ပါတယ်။

ကိုယ့်ခေါင်းထဲက အတွေးတွေကို သေသေချာချာ စောင့်ကြည့်ကြည့်ရင် အတွေးအများစုဟာ အတိတ်က အမှတ်တရတွေ ဒါမှမဟုတ် အနာဂတ်အပေါ် မျှော်လင့်ချက်၊ စိုးရိမ်ပူပန်မှုတွေချည်း ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ “မနေ့ကတော့ ငါ့သူငယ်ချင်းဟောင်းနဲ့ တွေ့ခဲ့တယ်” ဆိုတာမျိုးက အတိတ်ကို ပြန်တွေးနေတာ ဖြစ်ပြီး၊ “မနက်ဖြန်ကျရင်တော့ Client တစ်ယောက်နဲ့ သွားတွေ့ရမယ်၊ နောင်ကျလို့ ငါ ပိုက်ဆံတွေ အများကြီး ရှိလာရင်တော့ တစ်ကမ္ဘာလုံး လှည့်ပြီး ခရီးသွားမယ်၊ ကလေးတွေ ကြီးလာရင်တော့ အေးအေးဆေးဆေး နေတော့မယ်” ဆိုတာမျိုးတွေကတော့ အနာဂတ်အတွက် ကြိုတင် တွေးတောနေတာတွေ ဖြစ်ပါတယ်။

အတိတ်က အကြောင်းအရာတွေနဲ့ အဲဒီအတွေးတွေကြောင့်ပဲ ကျွန်မတို့မှာ စိတ်ပူလောင်မှုတွေ၊ နာကျင်မှုတွေ ဖြစ်နေရတာပါ။ စိတ်ဟာ မသိစိတ်ထဲကနေ အတိတ်နဲ့ အနာဂတ်အပေါ်မှာပဲ အမြဲတမ်း အာရုံစိုက်နေတတ်ပါတယ်။ ကျွန်မတို့က စိတ်နဲ့ တစ်ထပ်တည်း ကျနေတဲ့အခါ အတိတ်နဲ့ အနာဂတ်ထဲမှာပဲ နစ်မျောရင်း အချိန်ရဲ့ ထောင်ချောက်ထဲ ပိတ်မိနေတတ်ကြပါတယ်။

ကျွန်မတို့ရဲ့ အဆိုးမြင် စိတ်ခံစားချက်တွေဟာ လက်ရှိ ပစ္စုပ္ပန်ကို အာရုံမစိုက်ဘဲ အချိန်ကာလတွေထဲ ပိတ်မိနေလို့ ဖြစ်လာတဲ့ ရလဒ်တွေပါပဲ။ စိုးရိမ်ပူပန်တာ၊ စိတ်တင်းကျပ်တာ၊ စိတ်ဖိစီးပြီး မအီမသာ ဖြစ်ရတာတွေဟာ စိတ်က အနာဂတ်အပေါ်မှာပဲ အာရုံစိုက်လွန်းနေလို့ ဖြစ်ရတာပါ။ တစ်ဖက်မှာလည်း အပြစ်ရှိသလို ခံစားရတာ၊ နောင်တရတာ၊ ဝမ်းနည်းတာနဲ့ နာကြည်းတာတွေကတော့ အတိတ်အပေါ်မှာပဲ စိတ်က သွားပြီး အာရုံစိုက်လွန်းနေလို့ ဖြစ်ရတာပါ။

အတိတ်က ဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းစရာ အကြောင်းတွေကို တွေးလိုက်တာနဲ့ ခန္ဓာကိုယ်ကြီးကပါ စိတ်ခံစားမှုတွေ ဖြစ်လာပြီး ရင်ဘတ်ထဲ တင်းကျပ်လာတယ်၊ မျက်ရည်တွေ ကျလာတယ်၊ ဝမ်းနည်းလာရပါတယ်။ ဒါက အတိတ်ကို တွေးမိတဲ့အခါ ကြုံရတာပါ။ အနာဂတ် အကြောင်းကို တွေးမိရင်လည်း “ငါ့အနာဂတ် ဘဝက အဆင်ပြေ တည်ငြိမ်ပါ့မလား” ဆိုပြီး အားနေရင် နဖူးပေါ် လက်တင် စဉ်းစားတတ်ကြပါတယ်။ မဖြစ်သေးတဲ့ အရာတွေကို တွေးပြီး “ငါ အခုပုံစံအတိုင်းဆို အဆင်ပြေပါ့မလား၊ ဘဝအတွက် ဘယ်လောက်တောင် ရုန်းကန်ရဦးမလဲ” ဆိုပြီး မဖြစ်သေးတာကို ကြိုတွေးပူနေကြတာပါ။

လက်ရှိ ပစ္စုပ္ပန်မှာ ကိုယ် လုပ်သင့်တဲ့အလုပ်၊ ကိုယ် အာရုံစိုက်ရမယ့် အရာကို အာရုံမစိုက်ဘဲ အတိတ်နဲ့ အနာဂတ်ဆိုတဲ့ အချိန်ထောင်ချောက်ထဲ ပိတ်မိနေတာကြောင့် စိတ်ရော ခန္ဓာပါ လိုက်ပြီး နာကျင်ပူလောင်ရတာ ဖြစ်ပါတယ်။ အတိတ်ဆိုတာ ပြီးသွားခဲ့ပြီမို့ ဘယ်တော့မှ ပြန်မလာတော့သလို၊ အနာဂတ်ဆိုတာလည်း မရောက်သေးဘဲ စိတ်ကူးယဉ်မှု သက်သက်သာ ရှိပါသေးတယ်။ ကျွန်မတို့ အမှန်တကယ် ပိုင်ဆိုင်ပြီး လက်ဆုပ်လက်ကိုင် ပြုနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ အခု လက်ရှိ ပစ္စုပ္ပန်ပဲ ဖြစ်ပါတယ်။

အနှစ်ချုပ် ပြန်ပြောရရင် စိတ်က အဆုံးမရှိတဲ့ အတွေးတွေကတစ်ဆင့် အတုအယောင် အတ္တကို ဖန်တီးပြီး ကျွန်မတို့ကို ထိန်းချုပ်ထားပါတယ်။ အဲဒီကနေတစ်ဆင့် အဆိုးမြင် စိတ်ခံစားချက်တွေ ဖြစ်လာပြီး နာကျင်မှုတွေကို ဆောင်ကြဉ်းပေးနေတာပါ။ ဒါ့အပြင် အတိတ်နဲ့ အနာဂတ်ထဲမှာပဲ စိတ်ရောက်နေတဲ့အတွက် အချိန်ထောင်ချောက်ထဲ ပိတ်မိနေရပါတယ်။ ဒါကြောင့် စိတ်ရဲ့ အလိုဆန္ဒနောက်ကို လိုက်နေသရွေ့ အမြဲတမ်း ပူလောင်နာကျင်နေရမှာပါပဲ။

ဒီတော့ အဲဒီ နာကျင်မှုတွေကနေ ဘယ်လို ရုန်းထွက်ကြမလဲ။

အပိုင်း (၂) မှာတော့ လက်ရှိ ပစ္စုပ္ပန်ကို အာရုံစိုက် နေထိုင်ခြင်းအားဖြင့် စိတ်ရဲ့ အတ္တအလိုတွေကြောင့် ပူလောင်ရတာတွေ၊ အတိတ်နဲ့ အနာဂတ်ကို တွေးပြီး စိုးရိမ်သောကရောက်ရတာတွေကို ဘယ်လို သက်သာငြိမ်းချမ်းစေမလဲဆိုတာကို အချက် ၃ ချက်နဲ့ ဆက်လက် ကြည့်ကြပါစို့။ ပထမပိုင်းမှာ ပြောခဲ့တဲ့ စိတ်ဒုက္ခတွေကို မဖြစ်စေဘဲ ပစ္စုပ္ပန်မှာပဲ အာရုံစိုက် နေထိုင်မယ်ဆိုရင် စိတ်ဆင်းရဲမှုတွေက အံ့ဩစရာကောင်းလောက်အောင် လျော့ပါးသွားမှာပါ။

ပထမ အချက်ကတော့ စိတ်ရဲ့ အနှောင်အဖွဲ့တွေကနေ လွတ်မြောက်အောင် နေထိုင်ခြင်းပါပဲ။

စိတ်က ကိုယ့်ကို ပြန်ထိန်းချုပ်နေတာမျိုး မဟုတ်ဘဲ သတိလေးကပ်ပြီး ကိုယ်က စိတ်ကို ပြန်ထိန်းချုပ်လိုက်မယ်ဆိုရင် နာကျင်မှုတွေက အလိုလို လျော့ပါးသွားပါလိမ့်မယ်။ ပစ္စုပ္ပန်ထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လိုက်တာဟာ စိတ်ရဲ့ ချုပ်ကိုင်မှုအောက်ကနေ လွတ်မြောက်စေပါတယ်။ စိတ်က အဆက်မပြတ် တွေးတောနေတဲ့ အကြံအစည်တွေနဲ့ အတွေးတွေကနေတစ်ဆင့် အတုအယောင် အတ္တကို ဖန်တီးပြီး ကိုယ့်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ထားတာပါ။ အဲဒီ အတ္တနဲ့ ကိုယ့်ကိုယ်ကိုယ် မသိစိတ်ကနေ ထပ်တူပြုနေသရွေ့ စိတ်ရဲ့ ကျွန် ဖြစ်နေရမှာပါပဲ။

ဒါပေမဲ့ “ဒီတွေးနေတဲ့ အရာတွေဟာ ငါ့ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှု မဟုတ်ဘူး” ဆိုတာကို သတိပြုမိလိုက်တာနဲ့ မကောင်းတဲ့ အတွေးဆိုးတွေဆီကနေ စတင် လွတ်မြောက်လာပါလိမ့်မယ်။

ဒါကို ဘယ်လို လေ့ကျင့်ရမလဲဆိုရင် စိတ်ထဲကို ဝင်လာတဲ့ အတွေးတွေကို ဘာ အဆုံးအဖြတ်၊ အကဲဖြတ်မှုမှ မလုပ်ဘဲ အဝေးကနေ ငြိမ်ငြိမ်လေး စောင့်ကြည့်ပေးရပါမယ်။ ဥပမာ - ခေါင်းထဲမှာ စိုးရိမ်စိတ်တွေ ပြည့်လာတဲ့အခါ အဲဒီ စိုးရိမ်စိတ်တွေကို “ငါ့ခေါင်းထဲမှာ အသံတစ်ခုက စကားတွေ လာပြောနေတယ်၊ ငါက အဲဒီ အသံကို နားထောင်နေတဲ့သူပဲ” ဆိုပြီး ကိုယ့်အတွေးတွေကို အနောက်ကနေ ရပ်ကြည့်နေတဲ့ ဘေးလူတစ်ယောက်လိုမျိုး သဘောထားလိုက်တာပါ။

မဖြစ်သေးတဲ့ မကောင်းတဲ့ အတွေးတစ်ခု ဝင်လာပြီဆိုပါစို့။ “ငါ မနက်ဖြန် လူတွေ အများကြီးရှေ့မှာ စကားပြောရတဲ့အခါ တစ်ခုခု အမှားပြောမိပြီး အရှက်ကွဲသွားမလား၊ ဒါကို ငါ ကောင်းကောင်း လုပ်နိုင်ပါ့မလား” စသဖြင့် မနက်ဖြန် ကိစ္စက မဖြစ်သေးဘဲ ကြိုတင် စိုးရိမ်နေတာမျိုးပါ။ အဲဒီ အတွေးတွေကို အဟုတ်မှတ်ပြီး လက်ခံလိုက်တာနဲ့ ခန္ဓာကိုယ်မှာ စွမ်းအင်တွေ ချက်ချင်း ကျဆင်းသွားပြီး ဘာမှ မလုပ်ချင်တော့လောက်အောင် အားအင်တွေ ကုန်ခမ်းသွားတတ်ပါတယ်။ တခြားသူတွေနဲ့လည်း ကောင်းကောင်း မဆက်ဆံနိုင်တော့ဘဲ မဖြစ်သေးတဲ့ အရာကို ကြိုတွေးရင်း ကိုယ့်အတွေးနဲ့ကိုယ် ပူလောင်နေရပါတယ်။ ပိုဆိုးတာက မဖြစ်သေးတာကို ကြိုတွေးပူရင်းနဲ့ အဲဒီ အတွေးဆိုးတွေက တကယ် လက်တွေ့ ဖြစ်လာအောင် ဖိတ်ခေါ်လိုက်သလိုတောင် ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် ခေါင်းထဲကို မကောင်းတဲ့ အတွေးဆိုးတွေ ဝင်လာပြီဆိုတာနဲ့ အဲဒီ အတွေးတွေကို အမှား၊ အမှန် ဝေဖန်မနေဘဲ ရုပ်ရှင်ပိတ်ကားပေါ်က ဇာတ်လမ်းကို ကြည့်နေတဲ့ ရုပ်ရှင်ကြည့် ပရိသတ်တစ်ယောက်လိုမျိုး အဝေးကနေ စောင့်ကြည့်သူအဖြစ် ပြောင်းလဲလိုက်ပါ။ အဲဒီလို လိုက်မခံစားဘဲ ကြည့်နေလိုက်တာနဲ့ အဲဒီ အတွေးဆိုးတွေက ခေါင်းထဲကနေ ချက်ချင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

ဒါဟာ အခု ချက်ချင်းတောင် စမ်းသပ်ကြည့်လို့ရတဲ့ နည်းလမ်းလေးပါ။ လူ့ဦးနှောက်က တစ်ပြိုင်နက်တည်း အများကြီး မတွေးနိုင်ပါဘူး။ မကောင်းတာတွေ ခေါင်းထဲ ရောက်လာတဲ့အခါ “ဟာ… ငါ ပေါက်ကရတွေ တွေးနေပြန်ပြီ၊ မဖြစ်သေးတာကို စိုးရိမ်နေပြန်ပြီ” လို့ သတိလေး ပြန်ကပ်လိုက်တာနဲ့ ခုနက ဝင်လာတဲ့ အတွေးဆိုးတွေက ချက်ချင်း လွင့်ပြယ်သွားတတ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒါတွေက တကယ် မဖြစ်သေးတဲ့ အရာတွေမို့လို့ပါ။ လက်တွေ့ ပစ္စုပ္ပန်မှာတော့ ကိုယ်ဟာ အိပ်ရာပေါ်မှာ သက်တောင့်သက်သာ လှဲနေတာ ဒါမှမဟုတ် ကုလားထိုင်ပေါ်မှာ အေးအေးဆေးဆေး ထိုင်နေတာပဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် “မဖြစ်သေးတဲ့ အရာတွေကို ငါ လျှောက်တွေးနေပြန်ပြီ၊ အခု ငါ့ပစ္စုပ္ပန်က အေးအေးဆေးဆေး ရှိနေတာပဲ၊ မနက်ဖြန်လည်း အဆင်ပြေသွားမှာပါ” ဆိုပြီး သတိလေးနဲ့ ပြန်လည် ထိန်းကျောင်းပေးဖို့ လိုပါတယ်။

အတွေးတွေကို နောက်ကနေ အကဲခတ် စောင့်ကြည့်နေတဲ့သူလိုမျိုး သဘောထားလိုက်မယ်ဆိုရင် စိတ်ရဲ့ ချုပ်ကိုင်မှုတွေကနေ လွတ်မြောက်ပြီး တည်ငြိမ်အေးချမ်းမှုကို ခံစားရမှာ ဖြစ်ပါတယ်။

ဒုတိယ အချက်ကတော့ လက်ရှိ ပစ္စုပ္ပန်ကို အပြည့်အဝ လက်ခံလိုက်ခြင်းပါပဲ။

ကျွန်မတို့ စိတ်ပူလောင်ရတာတွေ၊ ဝေဒနာတွေ ခံစားရတာတွေဟာ အပိုင်း (၁) မှာ ပြောခဲ့သလိုပဲ တကယ့် လက်တွေ့ အခြေအနေကို လက်မခံဘဲ ငြင်းဆန်တွန်းလှန်နေလို့ ဖြစ်ရတာပါ။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မငြင်းဆန်ဘဲ အရှိကို အရှိအတိုင်း လက်ခံလိုက်နိုင်ရင် စိတ်ဆင်းရဲစရာ မလိုတော့ပါဘူး။ ဒီနေရာမှာ လက်ခံတယ်ဆိုတာ တစ်ခုခုဆို လက်မြှောက် အရှုံးပေးလိုက်တာမျိုး မဟုတ်ပါဘူး။ လက်ရှိ ကြုံတွေ့နေရတဲ့ အရှိတရားကို အရှိအတိုင်း အရင်ဆုံး အသိအမှတ်ပြု လက်ခံတာကို ပြောတာပါ။

ဥပမာ - လမ်းလျှောက်ရင်း ရွှံ့ဗွက်တစ်ခုထဲကို ခြေချော် ကျွံကျသွားတယ်ဆိုပါစို့။ ရွှံ့ထဲ ရောက်သွားပြီဆိုရင် ဒီထဲကနေ ပြန်ရုန်းထွက်ရမှာ ဖြစ်ပေမဲ့ အဲဒီအချိန်မှာ မလိုလားအပ်တဲ့ အတွေးတွေ တရစပ် ဝင်လာတတ်ပါတယ်။ “ငါ့ကျမှ ဘာလို့ ကံဆိုးပြီး ရွှံ့ထဲ ကျွံရတာလဲ၊ ဒီလမ်းကို မရွေးခဲ့မိရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး” စသဖြင့် အခက်အခဲတစ်ခု ကြုံတာနဲ့ မကောင်းတဲ့ အတွေးတွေ အများကြီး ဝင်လာတတ်ပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်က ရွှံ့ထဲ ကျွံနေတဲ့ ဒုက္ခအပြင်၊ အဲဒီ အတွေးတွေကြောင့် စိတ်ဆင်းရဲမှုပါ ထပ်ဆင့် ဖန်တီးလိုက်သလို ဖြစ်သွားပါတယ်။

တကယ်တော့ အဲဒီ ရွှံ့ဗွက်ထဲကနေ အားအင်အပြည့်နဲ့ ရုန်းထွက်လိုက်ရင် လွတ်မြောက်သွားနိုင်ပေမဲ့၊ အတွေးတွေ ဆင့်ပွားပြီး စိတ်ညစ်နေတဲ့အတွက် စွမ်းအင်တွေ အကုန် ကုန်ခမ်းသွားရပါတယ်။ စိတ်ဓာတ်ကျပြီး အားအင်မရှိတော့တဲ့အခါ ရွှံ့ထဲက ရုန်းထွက်ဖို့ ခွန်အားပါ ပျောက်ကွယ်သွားတတ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်မှာ “ငါတော့ ရွှံ့ထဲ ကျွံသွားပြီ” ဆိုတဲ့ အရှိတရားကို ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ လက်ခံလိုက်ခြင်းကသာ ပြန်လည် ရုန်းထွက်ဖို့ ခွန်အားကို ပေးနိုင်မှာပါ။ အခြေအနေကို လက်ခံလိုက်တဲ့အတွက် စိတ်ထဲမှာ နာကျင်မှု အသစ်တွေကို ထပ်မဖန်တီးတော့ဘဲ အေးအေးဆေးဆေးနဲ့ အကောင်းဆုံး ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်ပူလောင်မှုတွေကနေ လွတ်မြောက်ဖို့ဆိုရင် ပြင်ဆင်လို့ မရတော့တဲ့ အတိတ်က ကိစ္စတွေကို လက်ခံလိုက်ရပါမယ်။ ဥပမာ - စာမေးပွဲ ကျသွားပြီဆိုပါစို့။ ကျသွားတဲ့ စာမေးပွဲအတွက် ပူဆွေးဝမ်းနည်းနေရုံနဲ့ ပြန်အောင်လာမှာ မဟုတ်ပါဘူး။ “နောက်တစ်ခါ မကျအောင် ငါ ဘာတွေ ပြင်ဆင်ရမလဲ၊ ဘာတွေ အားနည်းနေခဲ့တာလဲ” ဆိုပြီး အရှိတရားကို အရင် လက်ခံကာ ပြန်လည် အားယူ ကြိုးစားရပါမယ်။ အဲဒီလို မဟုတ်ဘဲ “ငါတော့ ညံ့လိုက်တာ” ဆိုပြီး စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေထဲ နစ်မျောနေမယ်ဆိုရင် ပြန်ထူထောင်ဖို့ အရမ်း ကြာသွားနိုင်ပါတယ်။ ဒါကြောင့် အခြေအနေဆိုးတစ်ခု ကြုံလာတိုင်း သတိလေးကပ်ပြီး “အခု ဖြစ်နေတာကို ငါ အရှိအတိုင်း လက်ခံလိုက်ပြီ” လို့ နှလုံးသွင်းလိုက်တာနဲ့ စိတ်ပူလောင်မှုတွေ လျော့ပါးသွားပြီး ပြန်လည် စတင်နိုင်မယ့် အင်အားကို ရရှိမှာ ဖြစ်ပါတယ်။

တတိယ အချက်ကတော့ အချိန်ရဲ့ ထောင်ချောက်ထဲကနေ ရုန်းထွက်ခြင်းပါပဲ။

ကျွန်မတို့ရဲ့ အတွေးအများစုဟာ အတိတ်က အမှတ်တရတွေ ဒါမှမဟုတ် အနာဂတ်က မျှော်လင့်ချက်၊ စိုးရိမ်မှုတွေ ဖြစ်နေတတ်ပါတယ်။ စိတ်ရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရတဲ့အခါ အတိတ်နဲ့ အနာဂတ်ထဲမှာပဲ နစ်မျောရင်း အလွန် အဖိုးတန်တဲ့ ပစ္စုပ္ပန် အခိုက်အတန့်ကို မေ့လျော့သွားတတ်ကြပါတယ်။

မြူတွေ ထူထပ်နေတဲ့ ညဘက်မှာ လက်နှိပ်ဓာတ်မီးလေး ကိုင်ပြီး လမ်းလျှောက်နေတာကို မြင်ယောင်ကြည့်ပါ။ မြူတွေ ဆိုတာက မမြင်ရသေးတဲ့ အနာဂတ်က ပြဿနာတွေ၊ အခက်အခဲတွေ ဖြစ်ပြီး၊ လက်ထဲက မီးရောင်လေးကတော့ ကိုယ့်ရဲ့ သတိတရား ဖြစ်ပါတယ်။ မီးရောင် ထိုးထားတဲ့ နေရာလေးကတော့ လက်ရှိ လျှောက်လှမ်းနေတဲ့ ပစ္စုပ္ပန် လမ်းကြောင်းလေးပေါ့။ မြူတွေ ဘယ်လောက်ပဲ ထူနေပါစေ၊ မီးရောင်က လမ်းဆုံးအထိ မမြင်ရဘဲ ရှေ့ ခြေလှမ်း အနည်းငယ်လောက်ပဲ မြင်ရမှာပါ။ ဒါကြောင့် အဝေးကြီးမှာ ရှိတဲ့ မမြင်ရတဲ့ လမ်းကို ကြိုတွေးပူမနေဘဲ၊ မီးရောင် အလင်းပေးထားတဲ့ မျက်စိရှေ့က လမ်းကြောင်းလေးကိုပဲ အပြည့်အဝ အာရုံစိုက်ပြီး တစ်လှမ်းချင်းစီ လျှောက်သွားမယ်ဆိုရင် စိတ်ပူလောင်မှုတွေ ကင်းဝေးသွားပါလိမ့်မယ်။

ပစ္စုပ္ပန်မှာ အပြည့်အဝ အာရုံစိုက် နေထိုင်နိုင်ဖို့အတွက် ကိုယ့်ရဲ့ အာရုံငါးပါး (အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့) ကို အသုံးချရပါမယ်။ အလင်းရောင်၊ ပုံသဏ္ဌာန်နဲ့ အရောင်အသွေးတွေကို သေသေချာချာ ကြည့်ရှုပါ၊ အသံတွေရဲ့ အနိမ့်အမြင့်ကို နားထောင်ပါ၊ အရာဝတ္ထုတွေကို ကိုင်တွယ်တဲ့အခါ အပူအအေးနဲ့ အထိအတွေ့ကို သတိထား ခံစားကြည့်ပါ။ ဒီလို လုပ်ဆောင်ခြင်းအားဖြင့် အတိတ်က နောင်တတွေနဲ့ အနာဂတ်က စိုးရိမ်သောကတွေကနေ လွတ်မြောက်သွားနိုင်ပါတယ်။

ဥပမာ - ကော်ဖီတစ်ခွက် သောက်တဲ့အခါ ကော်ဖီရဲ့ သင်းပျံ့တဲ့ အနံ့လေးကို ခံစားမယ်၊ လျှာပေါ်က ခါးသက်သက် အရသာလေးကို သတိပြုမယ်၊ ကိုင်ထားတဲ့ ကော်ဖီခွက်လေးရဲ့ နွေးထွေးတဲ့ အထိအတွေ့ကို အာရုံစိုက်မယ်ဆိုရင် တခြား မလိုလားအပ်တဲ့ အတွေးတွေ ခေါင်းထဲ ဝင်လာတော့မှာ မဟုတ်ပါဘူး။ သတိတရားလေး ကပ်ပြီး ကိုယ် လုပ်ဆောင်နေတဲ့ အရာတိုင်းကို အာရုံငါးပါးနဲ့ အပြည့်အဝ ခံစား နေထိုင်သွားမယ်ဆိုရင် စိတ်ရဲ့ စစ်မှန်တဲ့ အေးချမ်းမှုကို ရရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် အပိုင်း (၂) ရဲ့ အနှစ်ချုပ်ကို ပြန်ပြောရရင် - ၁။ အတ္တကြောင့် ဖြစ်လာတဲ့ အတွေးဆိုးတွေကို ဘေးလူတစ်ယောက်လို အကဲခတ် စောင့်ကြည့်ခြင်းဖြင့် ဖယ်ရှားပစ်ပါ။

၂။ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မငြင်းဆန်ဘဲ အရှိကို အရှိအတိုင်း လက်ခံခြင်းဖြင့် ထပ်ဆင့် စိတ်ဆင်းရဲမှုတွေကို ရပ်တန့်ပါ။

၃။ အာရုံငါးပါးကို အသုံးချပြီး လက်ရှိ ပစ္စုပ္ပန်မှာ သတိကပ် နေထိုင်ခြင်းဖြင့် အတိတ်နဲ့ အနာဂတ်ဆိုတဲ့ အချိန်ထောင်ချောက်ကနေ လွတ်မြောက်အောင် နေထိုင်ပါ။

ကျွန်မတို့ ဘာကြောင့် စိတ်ဆင်းရဲရတာလဲ၊ စိတ်ဆင်းရဲမှုကနေ လွတ်မြောက်အောင် ပစ္စုပ္ပန်မှာ ဘယ်လို နေထိုင်ရမလဲဆိုတာကို သိရှိပြီးပြီဖြစ်လို့ အပိုင်း (၃) ဖြစ်တဲ့ ပစ္စုပ္ပန်ထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်မယ့် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ဆက်လက် လေ့လာကြည့်ကြပါစို့။

ဒီအပိုင်းမှာတော့ နေ့စဉ်ဘဝထဲမှာ လက်တွေ့ အသုံးချနိုင်မယ့် နည်းလမ်း ၃ ခုကို လမ်းညွှန်ပေးထားပါတယ်။

ပထမ နည်းလမ်းကတော့ စိတ်ကို အကဲခတ် စောင့်ကြည့်ပြီး ပစ္စုပ္ပန်မှာ နေထိုင်ခြင်း ဖြစ်ပါတယ်။

မကောင်းတဲ့ အတွေးတွေ၊ စိုးရိမ်စိတ်တွေ ဝင်လာတိုင်း စိတ်ထဲက အတွေးတွေကို ကိုယ်တိုင် လိုက်ပါ မခံစားဘဲ ဘေးကနေ ငြိမ်ငြိမ်လေး စောင့်ကြည့်နေတဲ့သူအဖြစ် ပြောင်းလဲ လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။

ပစ္စုပ္ပန်တည့်တည့်ဆီ နက်နက်ရှိုင်းရှိုင်း ရောက်ရှိသွားဖို့အတွက် အတွေးတွေကို ဒီလိုမျိုး စောင့်ကြည့်ပေးရမယ်လို့ စာရေးဆရာက ထပ်ခါတလဲလဲ အကြံပြုထားပါတယ်။ စိတ်ကို အကဲခတ် စောင့်ကြည့်တဲ့ နည်းလမ်းဟာ စိတ်ရဲ့ ကျွန်ဘဝကနေ လွတ်မြောက်စေပြီး စစ်မှန်တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် တွေ့ရှိစေပါတယ်။

Tolle ကိုယ်တိုင် ဘယ်လို လွတ်မြောက်ခဲ့ရသလဲဆိုရင် သူ အသက် ၂၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားဘဝတုန်းက အလွန် ပြင်းထန်တဲ့ စိတ်ကျဝေဒနာကို ခံစားခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်တဲ့ စိတ်တွေ မကြာခဏ ပေါ်လာခဲ့ပြီး တစ်နေ့မှာတော့ စိတ်ဆင်းရဲမှု အစွန်းဆုံးကို ရောက်သွားတဲ့အခါ သူ့ခေါင်းထဲမှာ “ငါ့ကိုယ်ငါနဲ့ ငါ ဆက်ပြီး အတူမနေနိုင်တော့ဘူး” ဆိုတဲ့ အတွေးတစ်ခု ထပ်ခါထပ်ခါ ပေါ်လာပါတယ်။

အဲဒီလို ပေါ်လာတဲ့အချိန်မှာ သူက စဉ်းစားမိသွားပါတယ်။ “ငါ့ကိုယ်ငါနဲ့ ငါ ဆက်မနေနိုင်ဘူးဆိုရင် ငါက လူနှစ်ယောက် ဖြစ်နေတာလား” ဆိုပြီး သတိပြုမိလိုက်ပါတယ်။ အဲဒီလို တွေးလိုက်မိတဲ့ အခိုက်အတန့်မှာပဲ ခေါင်းထဲ ဝင်နေတဲ့ အတွေးတွေက ချက်ချင်း ရပ်တန့်သွားပြီး အတွေး လုံးဝ ကင်းစင်သွားတဲ့ ကာလတိုလေးတစ်ခုထဲကို ရောက်သွားပါတယ်။ “ငါ့ကိုယ်ငါနဲ့ ငါသာ လူနှစ်ယောက် ဖြစ်နေတယ်ဆိုရင် အခု ဒီနေရာမှာ ထိုင်နေတဲ့ ငါ့ဘေးမှာ နောက်ထပ် လူတစ်ယောက် ရှိနေရမှာပေါ့၊ အခုက ငါ တစ်ယောက်တည်း ရှိနေတာလေ၊ ဘာလို့ ငါက လူနှစ်ယောက်လို တွေးနေရတာလဲ” ဆိုပြီး သဘောပေါက်သွားတာပါ။ အဲဒီ သတိပြုမိမှုကြောင့် အတွေးတွေ အကုန် ရပ်တန့်သွားပြီး စိတ်က ဖန်တီးထားတဲ့ ကြောက်စရာကောင်းတဲ့ အတွေးဆိုးတွေ ပျောက်ကွယ်သွားကာ အရာအားလုံး အသစ်စက်စက် လှပနေတာကို သူ စတင် သတိပြုမိသွားပါတယ်။ အတွေးတွေ မရှိတော့တဲ့အခါ လုံးဝ အေးချမ်းတဲ့ ခံစားချက်ကို သူ အပြည့်အဝ ခံစားလိုက်ရတာပါ။

အဲဒီလို ဖြစ်အောင် ကျွန်မတို့ ဘယ်လို လေ့ကျင့်ယူလို့ ရမလဲဆိုရင် သက်တောင့်သက်သာရှိတဲ့ အနေအထားနဲ့ ထိုင်ပြီး စိတ်ကို လျှော့ထားရပါမယ်။ ပြီးရင် ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေကို ကြွက်တွင်းဝကို စောင့်ကြည့်နေတဲ့ ကြောင်တစ်ကောင်လိုမျိုး အလွန် သတိထားပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကြွက်တွင်းဝမှာ စောင့်နေတဲ့ ကြောင်တစ်ကောင်ဟာ လုံးဝ မလှုပ်မယှက်ဘဲ အသက်ရှူနေတာတောင် မသိသာလောက်အောင် အာရုံစူးစိုက်မှု အပြည့်နဲ့ ငြိမ်ပြီး စောင့်နေတတ်ပါတယ်။ အဲဒီလိုပုံစံမျိုးပဲ ခေါင်းထဲ ဝင်လာတဲ့ အတွေးတွေကို ဘာ အဆုံးအဖြတ်မှ မပေးဘဲ စောင့်ကြည့်ပေးရပါမယ်။

အတွေးတွေ ဝင်လာတယ်၊ ဘယ်လောက်ကြာအောင် ရှိနေသလဲ၊ ပြီးတော့ ဘယ်အချိန်မှာ ပြန်ပျောက်သွားသလဲဆိုတာကို အတွေးတွေရဲ့ နောက်ကနေ ရပ်ကြည့်နေတဲ့ ဘေးလူတစ်ယောက်လိုမျိုး စောင့်ကြည့်ရမှာပါ။ အဲဒီလို စောင့်ကြည့်နိုင်ဖို့အတွက် အသံဗလံတွေ မရှိဘဲ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာလေးမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး အသက်ကို မှန်မှန်လေး ရှူနေရပါမယ်။ အဲဒီလို စောင့်ကြည့်ရင်းကနေ အာရုံလွင့်သွားခဲ့ရင်လည်း စိတ်မပျက်ဘဲ သတိလေး ပြန်ကပ်ပြီး ဆက်လက် စောင့်ကြည့်ရပါမယ်။ ဒီလို လေ့ကျင့်ပေးခြင်းအားဖြင့် အတွေးတွေ ကင်းစင်ပြီး စိတ်အေးချမ်းမှုကို တဖြည်းဖြည်း ပိုမို ခံစားလာရမှာ ဖြစ်ပါတယ်။

ဘာ အဆုံးအဖြတ်မှ မပေးဘဲ “ဟာ… ငါ အတွေးတွေ တွေးနေပြန်ပြီ” လို့ သတိလေး ပြန်ကပ်လိုက်တာနဲ့ အဲဒီ အတွေးတွေက ချက်ချင်း ပျောက်သွားတတ်ပါတယ်။ အဲဒါကို စွဲစွဲမြဲမြဲ လေ့ကျင့်သွားမယ်ဆိုရင် အတွေးတွေ ကင်းစင်ပြီး ကြာရှည် ငြိမ်းချမ်းတဲ့ စိတ်အခြေအနေတစ်ခုကို ပိုင်ဆိုင်လာနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယ နည်းလမ်းကတော့ ဝင်သက်ထွက်သက်ကို စောင့်ကြည့်ပြီး အတွင်းခန္ဓာနဲ့ ချိတ်ဆက်ခြင်း ဖြစ်ပါတယ်။

ဒါဟာ အသိစိတ်နဲ့ သတိပြုပြီး အသက်ရှူတဲ့ နည်းလမ်းဖြစ်ပြီး ရှေးကျပေမဲ့ အလွန် ထိရောက်တဲ့ တရားထိုင် နည်းလမ်းတစ်ခုပါပဲ။ ဒါဟာ စိတ်ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်စေရုံသာမက အတွင်းခန္ဓာနဲ့ပါ ပြန်လည် ချိတ်ဆက်ပေးပါတယ်။

လက်တွေ့ လုပ်ဆောင်မယ်ဆိုရင် မျက်လုံးလေးမှိတ်ပြီး အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းမယ်၊ ခဏလေး အောင့်ထားပြီး ပြန်ရှူထုတ်မယ်။ အသက်ရှူသွင်းလိုက်တဲ့အခါ ဗိုက်လေး ဖောင်းလာပြီး၊ အသက်ရှူထုတ်လိုက်တဲ့အခါ ဗိုက်လေး ပြန်ပိန်သွားတဲ့ ဖြစ်စဉ်ကို အာရုံစိုက်ရပါမယ်။ အသိစိတ်လေးနဲ့ အသက်ရှူသွင်း၊ ရှူထုတ် လုပ်ပေးခြင်းအားဖြင့် အာရုံကို ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီ ပြောင်းလဲပေးလိုက်တာ ဖြစ်ပါတယ်။ လက်ဖျား၊ ခြေဖျားတွေမှာ ခံစားရတဲ့ အထိအတွေ့ သေးသေးလေးတွေကိုပါ သတိထားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို စွမ်းအင်တွေ စီးဆင်းနေတဲ့ စက်ဝန်းကြီးတစ်ခုလို ခံစားကြည့်ရပါမယ်။

ခန္ဓာကိုယ်ထဲကို သတိတရား များများ ထည့်ပေးလေလေ၊ အတွင်းထဲက စွမ်းအင်လှိုင်းတွေ ပိုမို မြင့်တက်လာလေလေ ဖြစ်ပြီး ဒါဟာ အိုမင်းရင့်ရော်မှုကို နှေးကွေးစေသလို ကိုယ်ခံအား စနစ်ကိုလည်း ပိုမို ကောင်းမွန်စေပါတယ်။ စိတ်ထဲကို မကောင်းတဲ့ အတွေးတွေ ဝင်လာတဲ့အခါ အသက်ရှူသွင်း၊ ရှူထုတ်တဲ့ လေ့ကျင့်ခန်းလေးနဲ့ အာရုံကို ချက်ချင်း ပြောင်းလဲပစ်နိုင်ပါတယ်။ တစ်ခုခုကြောင့် စိတ်အရမ်း ပူလောင်လာပြီဆိုရင် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းပြီး ပါးစပ်ကနေ လေကို ဖြည်းညင်းစွာ ပြန်ထုတ်ပေးလိုက်ရုံပါပဲ။

ဒီလို လုပ်ဆောင်လိုက်တာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝဓာတု ဖြစ်စဉ်တွေမှာပါ သိပ္ပံနည်းကျ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ မကောင်းတဲ့ အတွေးတွေနဲ့ စိုးရိမ်ပူပန်မှုတွေ ဝင်လာတဲ့အခါ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ဓာတ်တွေကြောင့် ရင်ဘတ်တွေ တင်းကျပ်လာပြီး ခန္ဓာကိုယ်ပါ ပူလောင်လာရတာပါ။ အသက်ကို သတိနဲ့ ရှူသွင်း၊ ရှူထုတ် လုပ်လိုက်တဲ့အခါ အဲဒီ စိတ်ဖိစီးမှု ဓာတ်တွေက ချက်ချင်း ပြန်လည် ကျဆင်းသွားပါတယ်။

ကျွန်မတို့ ခန္ဓာကိုယ်မှာ အာရုံကြော စနစ်ကြီး နှစ်ခု ရှိပါတယ်။ ပထမ စနစ်ကတော့ အရေးကြုံလာတဲ့အခါ “တိုက်ခိုက်မလား၊ ဒါမှမဟုတ် ထွက်ပြေးမလား” ဆိုတာကို အရေးပေါ် တုံ့ပြန် လုပ်ဆောင်ပေးတဲ့ အာရုံကြော စနစ် ဖြစ်ပါတယ်။ အခြေအနေတစ်ခုခုကို စိုးရိမ်ပူပန်လာပြီဆိုရင် စိတ်ဖိစီးမှုတွေ မြင့်တက်လာပြီး အဲဒီ အရေးပေါ်တုံ့ပြန်တဲ့ အာရုံကြောစနစ်က ချက်ချင်း ပွင့်လာပါတယ်။ အဲဒီအခါ ကိုယ့်ရဲ့ အတွေးကြောင့်ပဲ စိတ်ဖိစီးမှုတွေ ချက်ချင်း ဖြစ်ပေါ်လာပြီး ဒေါသထွက်တဲ့အခါ သွေးတိုးလာသလို လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတာမျိုး ခန္ဓာကိုယ်မှာပါ လိုက်ပါ ပြောင်းလဲလာရပါတယ်။ အဲဒီလို ခန္ဓာကိုယ်မှာပါ ပြောင်းလဲသွားရတာဟာ စိုးရိမ်စိတ်ကြောင့် ဒီအာရုံကြောစနစ် ပွင့်သွားလို့ ဖြစ်ပါတယ်။

အဲဒီ အာရုံကြောစနစ် ပွင့်သွားတာနဲ့တစ်ပြိုင်နက် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က အလုပ်လုပ်တာကို ရပ်တန့်ပစ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်က အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီလို့ ထင်မှတ်သွားပြီး စွမ်းအင် ချွေတာတဲ့အနေနဲ့ ခုခံအားစနစ် အလုပ်လုပ်တာကို ခေတ္တ နားထားလိုက်လို့ပါ။ အဲဒီလို ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ရပ်တန့်သွားပြီဆိုရင် အပြင်က ရောဂါပိုးတွေ၊ ကူးစက်ပိုးတွေ ဝင်ရောက်လာတဲ့အခါ ခန္ဓာကိုယ်က ပြန်လည် မတိုက်ထုတ်နိုင်တော့ပါဘူး။ အဲဒီအခါ ခန္ဓာကိုယ်ထဲကို ရောဂါမျိုးစုံနဲ့ ကူးစက်ပိုးတွေ အလွယ်တကူ ဝင်ရောက်လာတတ်ပါတယ်။

ဥပမာ - အလုပ်ခွင်ကနေ ရတဲ့ စိတ်ဖိစီးမှုတွေ အမြဲတမ်း ဖြစ်နေမယ်၊ အလုပ်မှာ အမြဲ စိတ်ဆင်းရဲပြီး ဖိအားတွေကို စဉ်ဆက်မပြတ် ခံစားနေရမယ်ဆိုရင် ကာလကြာရှည် စိတ်ဖိစီးမှုအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီလို နာတာရှည် စိတ်ဖိစီးမှု ဖြစ်လာတဲ့အခါ ခန္ဓာကိုယ် အတွင်းပိုင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး ဆဲလ်တွေ သေဆုံးမှု ပိုမို မြန်ဆန်လာပါတယ်။ ဆဲလ်တွေ သေဆုံးမှု များလာတဲ့အခါ အရေပြားတွေ တဖြည်းဖြည်း တွန့်လက္ခဏာပြပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်လာတတ်ပါတယ်။

ဒါ့အပြင် မျိုးရိုးဗီဇကြောင့် မဟုတ်ဘဲ အသက်အရွယ် ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာတင် အလုပ်ဖိစီးမှုကြောင့် ဆံပင်တွေ ချက်ချင်း ဖြူသွားတာမျိုးတွေဟာလည်း စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲ ရလဒ်တွေပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပြောင်းလဲသွားရတာပါ။

ဒါကြောင့် နာတာရှည် စိတ်ဖိစီးမှု ဖြစ်လာတာဟာ ကိုယ့်အတွက် အရမ်းကို ဆိုးရွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစိတ်ဖိစီးမှုကနေတစ်ဆင့် နာတာရှည် ရောဂါဆိုးတွေ ဝင်လာနိုင်လို့ပါ။ စိတ်ထဲမှာ အမြဲ တင်းကျပ်ပြီး ဖိအားတွေ ခံစားနေရတဲ့အခါ ရောဂါတိုက်ဖျက်ပေးတဲ့ ခုခံအားစနစ်က ပိတ်သွားတာကြောင့် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်လာနိုင်သလို၊ အမြဲတမ်း စိတ်ဖိစီးနေတဲ့အတွက် သွေးပေါင်ချိန်တွေ အမြဲ မြင့်တက်ပြီး သွေးတိုးရောဂါနဲ့ ဆီးချို၊ သွေးချိုရောဂါတွေ ဝင်ရောက်လာတတ်ပါတယ်။

ဒီနေရာမှာ အစားအသောက် မှန်ရုံ၊ အစားအသောက် ကောင်းတာတွေ စားရုံနဲ့တင် ဒီရောဂါတွေကို မကာကွယ်နိုင်ပါဘူး။ စိတ်ဖိစီးမှုကိုပါ လျှော့ချနိုင်မှသာ ဒီလို ရောဂါဆိုးတွေကနေ ကာကွယ်နိုင်မှာပါ။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ ပြောင်းလဲနေတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချဖို့အတွက် အလွယ်ကူဆုံး လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်းကတော့ သတိနဲ့ အသက်ရှူသွင်း၊ ရှူထုတ်တဲ့ လေ့ကျင့်ခန်းပါပဲ။ အသက်ကို သေချာ ရှူသွင်းပြီး ပြန်လည် ရှူထုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်က အန္တရာယ်ရှိနေတဲ့ အခြေအနေ မဟုတ်တော့ဘဲ “ခန္ဓာကိုယ်က အနားယူနေပြီ၊ စိတ်အေးချမ်းသွားပြီ၊ အန္တရာယ် ကင်းသွားပြီ” ဆိုတဲ့ သတင်းစကားကို ဦးနှောက်ဆီ ပို့ဆောင်ပေးလိုက်ပါတယ်။ အဲဒီအခါ ဦးနှောက်က စိတ်ဖိစီးမှု ဟော်မုန်းတွေ ထုတ်လုပ်တာကို အလိုလို ရပ်တန့်ပစ်လိုက်ပါတယ်။

စိတ်ဖိစီးမှု ဟော်မုန်းတွေ ကျဆင်းသွားတဲ့အတွက် သွေးလည်ပတ်မှုတွေ ပြန်လည် ကောင်းမွန်လာပြီး အတွင်းက ခုခံအားစနစ်ကလည်း ပုံမှန်အတိုင်း ပြန်လည် အလုပ်လုပ်လာပါတယ်။ အပြင်က ရောဂါပိုးတွေ ဝင်လာရင်လည်း ခန္ဓာကိုယ်က ကောင်းကောင်း ပြန်လည် တိုက်ထုတ်နိုင်စွမ်း ရှိလာပါတယ်။ ဒါကြောင့် တရားထိုင်လေ့ရှိသူတွေရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တဲ့အခါ သူတို့ရဲ့ ခုခံအားစနစ်ဟာ သာမန်ထက် ပိုမို အားကောင်းနေတာကို တွေ့ရှိရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အသက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်တာကြောင့် အောက်ဆီဂျင်ဟာ သွေးကြောတွေကတစ်ဆင့် ခြေဖျား၊ လက်ဖျားတွေမှာ ရှိတဲ့ ဆဲလ်တွေဆီအထိ အပြည့်အဝ ရောက်ရှိသွားပါတယ်။ ပုံမှန်အားဖြင့် စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ထဲက ဆဲလ်တွေဟာ နေ့စဉ် သန်းနဲ့ချီ ပျက်စီးနေရတာပါ။ အခုလို အောက်ဆီဂျင် အပြည့်အဝ ရောက်ရှိသွားတဲ့အခါ ဆဲလ်အသစ်တွေကို သန့်စင်ပေးသလို ဖြစ်သွားပြီး ဆဲလ်တွေကို သစ်ပင် ရေလောင်းလိုက်သလို လန်းလန်းဆန်းဆန်းနဲ့ ပြန်လည် ရှင်သန်လာစေပါတယ်။

အဲဒီလို အတွင်းခန္ဓာရဲ့ ပြောင်းလဲမှုတွေကြောင့် အပြင်ဘက် ရုပ်သွင်မှာလည်း အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာတွေ မဖြစ်တော့ဘဲ အရေးအကြောင်းတွေ လျော့ပါးကာ မျက်နှာလေးပါ ကြည်လင်လာစေပါတယ်။ စိတ်အေးချမ်းတဲ့သူတွေကို ကြည့်လိုက်ရင် မျက်နှာလေးက အလှကုန်ပစ္စည်းတွေ မလိုဘဲ အလိုလို ကြည်လင်ဝင်းပနေတာကို တွေ့ရတတ်ပါတယ်။ ဒါဟာ ပါးစပ်ပြော သက်သက် မဟုတ်ဘဲ ခန္ဓာကိုယ် အတွင်းပိုင်းမှာ တကယ့် သိပ္ပံနည်းကျ ဇီဝကမ္မ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေလို့ပါပဲ။ ဒါကတော့ သတိနဲ့ အသက်ရှူခြင်းအားဖြင့် စိတ်အေးချမ်းမှုကို ရရှိစေမယ့် ဒုတိယ နည်းလမ်း ဖြစ်ပါတယ်။

တတိယ အချက်ကတော့ အတွင်း စွမ်းအင်နယ်ပယ်ကို စောင့်ကြည့်ပြီး ရုပ်လွန်နယ်ပယ်ထဲကို ဝင်ရောက်ခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ ရုပ်လွန်နယ်ပယ်ဆိုတာ ဘာကို ပြောတာလဲဆိုရင် ကျွန်မတို့ လက်ရှိ မြင်တွေ့နေရတဲ့ လူတွေ၊ ဖုန်းတွေ၊ သစ်ပင်တွေနဲ့ အရာဝတ္ထုတွေ အားလုံးဟာ ရုပ်ဝတ္ထုနယ်ပယ်ထဲမှာ ရှိနေတာပါ။ ရုပ်လွန်နယ်ပယ်ဆိုတာကတော့ အဲဒီ ရုပ်ဝတ္ထုတွေ ဘာမှ မရှိတော့ဘဲ စွမ်းအင်သက်သက်သာ တည်ရှိနေတဲ့ နယ်ပယ်ကို ဆိုလိုတာပါ။

ဥပမာ - စကြဝဠာ အာကာသထဲကို ရောက်သွားတယ်ဆိုပါစို့။ အာကာသထဲမှာ တွေ့မြင်နေရတဲ့ ကြယ်တွေ၊ ဂြိုဟ်တွေ၊ လကမ္ဘာတွေ အားလုံးကို ဖယ်ရှားလိုက်မယ်ဆိုရင် ဟင်းလင်းပြင်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။ အဲဒီ ဟာလာဟင်းလင်းပြင်ကြီးထဲမှာ ဘာရုပ်ဝတ္ထုမှ မရှိတော့သလို နာမည်တပ်လို့လည်း မရတဲ့ နယ်ပယ်ကြီး ဖြစ်သွားပါတယ်။ အဲဒီ နယ်ပယ်ထဲကို စိတ်အာရုံ ရောက်ရှိသွားတဲ့အခါ အဆုံးစွန်သော စိတ်အေးချမ်းမှုကို ခံစားရမှာ ဖြစ်ပြီး၊ ဒါဟာ အတွင်းခန္ဓာကို စောင့်ကြည့်တာထက် ပိုမို နက်ရှိုင်းတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်။

ဒါဟာ အရာအားလုံးရဲ့ မြစ်ဖျားခံရာ အရင်းအမြစ်ဖြစ်တဲ့ ရုပ်လွန်နယ်ပယ်ဆီကို ဦးတည်သွားတာ ဖြစ်ပါတယ်။ မြင်တွေ့နေရတဲ့ အရာဝတ္ထုတွေရဲ့ နောက်ကွယ်က ဟင်းလင်းပြင်ကြီးလိုမျိုး အရာအားလုံးရဲ့ စွမ်းအင်အရင်းအမြစ်ကြီးထဲကို စိတ်အာရုံ ရောက်ရှိသွားအောင် လေ့ကျင့်ရမှာပါ။

အနှောင့်အယှက် ကင်းတဲ့ နေရာမှာ ထိုင်ပြီး မျက်စိမှိတ်ကာ အသက်ကို ပြင်းပြင်း ရှူသွင်းပါ။ ခန္ဓာကိုယ်တစ်ခုလုံးကို စွမ်းအင်စက်ဝန်း တစ်ခုတည်းအဖြစ် ခံစားကြည့်ပါ။ အတွေးတွေနဲ့ မစဉ်းစားဘဲ အာရုံခံစားကြည့်ရုံပါပဲ။ အဲဒီနောက်မှာတော့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုပါ မေ့ထားလိုက်ပြီး အကန့်အသတ်မရှိတဲ့ အသိစိတ်နယ်ပယ်နဲ့ တစ်သားတည်း ဖြစ်သွားအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

ဆိုလိုတာက အနှောင့်အယှက် ကင်းတဲ့ အခန်းထဲမှာ ထိုင်လိုက်ပြီဆိုတာနဲ့ ပထမဆုံး အသိစိတ်နဲ့ အသက်ရှူသွင်း၊ ရှူထုတ်တာကို သတိပြုရပါမယ်။ မျက်စိမှိတ်ထားပေမဲ့ လက်တွေ၊ ခြေထောက်တွေ ရှိနေတာကို ခံစားမိနေမှာပါ။ ဒါပေမဲ့ အဲဒီ လက်တွေ၊ ခြေထောက်တွေဆိုတဲ့ နာမည်တွေကို မတပ်တော့ဘဲ လက်ချောင်းထိပ်လေးတွေမှာ ခံစားရတဲ့ တုန်ခါမှု စွမ်းအင်လေးတွေ၊ ကြမ်းပြင်နဲ့ ထိတွေ့နေတဲ့ နေရာက ပူနွေးတဲ့ အထိအတွေ့ စွမ်းအင်တွေကိုပဲ အာရုံစိုက် လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ ထိုင်နေတဲ့ ခန္ဓာကိုယ်ကြီးကို ခန္ဓာကိုယ်လို့ မမြင်တော့ဘဲ စွမ်းအင်တုံးကြီးတစ်ခုလို၊ အဲဒီထဲမှာ အသက်ရှင်နေတဲ့ စွမ်းအင်တစ်ခု စီးဆင်းနေသလို ခံစားကြည့်တာပါ။

ဒါက တကယ် မလေ့ကျင့်ဖူးရင် နည်းနည်းတော့ ခက်ခဲပါလိမ့်မယ်။ ပါးစပ်ကနေ ရှင်းပြတာထက် ကိုယ်တိုင် လက်တွေ့ လေ့ကျင့်ကြည့်မှသာ ဒီခံစားချက်ကို နားလည်နိုင်မှာ ဖြစ်ပါတယ်။

လူတိုင်းဟာ စိတ်ပူလောင်မှုတွေကနေ လွတ်မြောက်ချင်ကြပါတယ်။ နေ့စဉ်ဘဝမှာ အပြင်ဘက် ရုပ်ပိုင်းဆိုင်ရာ ရုန်းကန်ရတာထက် အတွင်းစိတ်ရဲ့ ရုန်းကန်ရမှုက ပိုပြီး ပြင်းထန်သလို ပိုပြီးတော့လည်း နာကျင်စေပါတယ်။ စိတ်ပူလောင်မှုကြောင့် ခန္ဓာကိုယ်ကပါ လိုက်ပါ တုံ့ပြန်ပြီး ဝေဒနာ ခံစားရတာ ဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်မှုတွေ၊ မကောင်းတဲ့ အတွေးတွေ ဝင်လာပြီဆိုရင် ဘယ်လို ထိန်းချုပ်ရမလဲ၊ စိတ်အခြေအနေကို ချက်ချင်း ဘယ်လို ပြောင်းလဲပစ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို သိရှိသွားပြီမို့ နေ့စဉ်ဘဝမှာ ကျင့်သုံးပြီး အေးချမ်းတဲ့ စိတ်ကလေးကို တည်ဆောက်ယူနိုင်ပါတယ်။

ဒီလိုမျိုး စွမ်းအင်အဖြစ် ခံစားပြီး လေ့ကျင့်ပြီးသွားတဲ့ အခါမှာတော့ အသိစိတ်ကို ခန္ဓာကိုယ်နဲ့ အသက်ရှူခြင်းဆီ ပြန်လည် ခေါ်ဆောင်လာပြီး မျက်စိ ဖွင့်လိုက်ပါ။ ပြီးရင် ပတ်ဝန်းကျင်ကို ဘာအဆုံးအဖြတ်မှ မပေးဘဲ အေးဆေးစွာ စောင့်ကြည့်လိုက်ပါ။ ဒီလို ရုပ်လွန်နယ်ပယ်ထဲ ရောက်ရှိသွားတဲ့အခါ ကောင်းခြင်း၊ ဆိုးခြင်းဆိုတဲ့ အစွန်းတရားတွေ ကင်းစင်သွားပြီး လုံးဝ အပြည့်အဝ ငြိမ်းချမ်းမှုကို ခံစားရမှာ ဖြစ်ပါတယ်။

ဒါဟာ ကလေးတစ်ယောက် ဘာကိုမှ မမြင်ဖူးသေးဘဲ အရာအားလုံးကို အသစ်အဆန်းအဖြစ် စတင် ကြည့်ရှုသလိုပါပဲ။ မျက်လုံးဖွင့်လိုက်ချိန်မှာ မြင်တွေ့ရတဲ့ အရာအားလုံးကို အမည်နာမ ဘာမှ မတပ်ဘဲ အရှိအတိုင်း ထိုင်ကြည့်နေရင်း စိတ်ကို ငြိမ်းချမ်းအောင် လေ့ကျင့်ယူရတာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ The Power of Now (ပစ္စုပ္ပန်၏ စွမ်းအား) ဆိုတဲ့ စာအုပ်ရဲ့ အနှစ်ချုပ် ပြီးဆုံးသွားပါပြီ။ ပစ္စုပ္ပန်တည့်တည့်မှာ အာရုံစိုက် နေထိုင်ခြင်းက စိတ်ပူလောင်မှုတွေကို ဘယ်လောက်အထိ ငြိမ်းချမ်းစေသလဲဆိုတဲ့ နည်းလမ်းတွေကို အများကြီး လေ့လာ သိရှိခဲ့ရပါတယ်။

ပုံမှန်ဆိုရင် အတွေးတွေ ဝင်လာတာနဲ့ အဲဒီ အတွေးတွေနောက်ကို မျောပါသွားတတ်ပြီး ခန္ဓာကိုယ်ပါ လိုက်ပါ နာကျင်ရသလို ဘေးထွက်ဆိုးကျိုးတွေ အများကြီး ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ဒီစာအုပ်ကတစ်ဆင့် အတွေးတွေကို ကိုယ်တိုင် လိုက်ပါ မခံစားဘဲ ဘေးကနေ စောင့်ကြည့်လိုက်ရုံနဲ့ အဆိုးမြင် စိတ်ခံစားချက်တွေ မဖြစ်ပေါ်တော့ဘူးဆိုတာကို သိရှိခဲ့ရပါပြီ။

ဒါ့အပြင် လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မငြင်းဆန်ဘဲ အရှိကို အရှိအတိုင်း လက်ခံလိုက်တဲ့အတွက် ထပ်ဆင့် ပူလောင်မှုတွေကို မဖန်တီးတော့ဘဲ ပြန်လည် ရုန်းထွက်နိုင်မယ့် ခွန်အားကို ဘယ်လို ယူရမလဲဆိုတာကိုလည်း နားလည်ခဲ့ပါပြီ။

နောက်ဆုံးအနေနဲ့ ထာဝရ ငြိမ်းချမ်းတဲ့ စိတ်ကို ရရှိဖို့အတွက် အသိစိတ်နဲ့ သတိပြု အသက်ရှူတဲ့ လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိစေသလဲဆိုတာကိုပါ တွေ့ရှိခဲ့ရပါတယ်။ ဒီလို နည်းလမ်းလေးတွေနဲ့ လေ့ကျင့်သွားမယ်ဆိုရင် အတွေးတွေကို ထိန်းချုပ်နိုင်လာပြီး ကြုံတွေ့ရတဲ့ ပြဿနာတွေအပေါ် ရှုမြင်တဲ့ စိတ်ထားတွေပါ ပြောင်းလဲကာ တဖြည်းဖြည်း အေးချမ်းလာမှာ ဖြစ်ပါတယ်။

ဘယ်လောက်ပဲ ကောင်းမွန်တဲ့ နည်းလမ်းတွေ ဖြစ်ပါစေ၊ ကိုယ်တိုင် လက်တွေ့ မလေ့ကျင့်ဘူးဆိုရင်တော့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီထဲက အချက်အလက်တွေကို သေချာ စမ်းသပ် လုပ်ဆောင်ကြည့်ပါ။ ကိုယ့်အတွက် အကျိုးရှိမယ့် အရာတွေကို ရွေးထုတ် အသုံးချနိုင်မယ်ဆိုရင် နေထိုင်မှု ပုံစံသစ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စိတ်အေးချမ်းမှုကို ရရှိမှာ အသေအချာပါပဲ။

ဒီစာအုပ်လေးကို နားထောင်ပြီး ဗဟုသုတတွေ အများကြီး ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်အတွက်ရော တခြားသူတွေအတွက်ပါ အကျိုးရှိမယ်လို့ ထင်ရင် ဒီထဲက အကြောင်းအရာတွေကို ကိုယ်ချစ်တဲ့သူတွေဆီကိုလည်း ပြန်လည် မျှဝေပေးပါ။ မျှဝေခြင်းဆိုတာ ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်တာနဲ့ အတူတူပါပဲ။

လူသားတွေရဲ့ စိတ်ဆင်းရဲ ပူလောင်မှု အများစုဟာ ပြင်ပမှာ တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေထက် မိမိတို့ရဲ့ ဦးနှောက်ထဲမှာ အဆက်မပြတ် ဖန်တီးနေတဲ့ အတွေးဆိုးတွေကြောင့်သာ အဓိက ဖြစ်ပေါ်ရတာ ဖြစ်ပါတယ်။ အတိတ်က နာကျင်စရာတွေကို ပြန်တွေးပြီး နောင်တရနေတာ ဒါမှမဟုတ် မရောက်သေးတဲ့ အနာဂတ်အတွက် ကြိုတင် စိုးရိမ်သောကရောက်နေတာတွေဟာ လက်ရှိ ပစ္စုပ္ပန် အခိုက်အတန့်ရဲ့ တန်ဖိုးကို လုံးဝ ပျောက်ကွယ်သွားစေပါတယ်။ Eckhart Tolle ၏ The Power of Now စာအုပ်က ပေးတဲ့ အဓိက အနှစ်သာရကတော့ မိမိတို့ဟာ မိမိတို့ တွေးနေတဲ့ အတွေးတွေ မဟုတ်ဘဲ အဲဒီ အတွေးတွေကို ဘေးကနေ သတိတရားနဲ့ စောင့်ကြည့်နိုင်တဲ့ စစ်မှန်သော အသိစိတ်ပိုင်ရှင် ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ အတွေးတွေနောက်ကို မျက်စိစုံမှိတ် မျောပါမသွားဘဲ သတိတရားလေး ကပ်ပြီး စောင့်ကြည့်ရုံနဲ့တင် မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေကို သိသိသာသာ လျှော့ချပစ်နိုင်ပါတယ်။

ဒါ့အပြင် လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို မငြင်းဆန်ဘဲ အရှိကို အရှိအတိုင်း လက်ခံနိုင်စွမ်းဟာ စိတ်ပိုင်းဆိုင်ရာ ခွန်အားကို အံ့ဩဖွယ် ဖြစ်ပေါ်စေပါတယ်။ အခက်အခဲတွေ ကြုံလာတိုင်း အပြစ်တင် ညည်းတွားနေမယ့်အစား လက်ရှိ အရှိတရားကို အရင်ဆုံး လက်ခံလိုက်ခြင်းကသာ ထပ်ဆင့် စိတ်ဒုက္ခတွေကို မဖန်တီးတော့ဘဲ ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းနိုင်မယ့် အင်အားကို ရရှိစေတာ ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ အသက်ရှူခြင်းကို သတိပြုတာ၊ အာရုံငါးပါးနဲ့ လက်ရှိ အလုပ်ကို အပြည့်အဝ အာရုံစိုက်တာ စတဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေကို စွဲမြဲစွာ လေ့ကျင့်သွားမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မစနစ်တွေ ပြန်လည် ကောင်းမွန်လာမယ့်အပြင် ရေရှည်မှာ ဘယ်တော့မှ မယိမ်းယိုင်တဲ့ အတွင်းစိတ် ငြိမ်းချမ်းမှုကို ခိုင်မာစွာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Keep reading

အချစ်စစ်နဲ့ ဖူးစာရှင်ကို အပြည့်အဝ ယုံကြည်တဲ့ ကောင်လေး Tom နဲ့ ဘယ်သူ့ရဲ့ အပိုင်မှ မဖြစ်ချင်တဲ့ ကောင်မလေး Summer တို့ရဲ့ ရက်ပေါင်း ၅၀၀ ကြာ ဆက်ဆံရေးကတစ်ဆင့် အချစ်နှင့် ဘဝရဲ့ ရင့်ကျက်မှုကို သင်ယူသွားရပုံကို ပုံဖော်ထားသည့် (500) Days of Summer (2009) ရုပ်ရှင်အနှစ်ချုပ်။

အဖေဆုံးပါးသွားပြီးနောက် နောင်တတွေနဲ့ ကျန်ရစ်ခဲ့တဲ့ သမီးငယ်လေး Momo နဲ့ သူမတို့သားအမိကို စောင့်ရှောက်ဖို့ ကောင်းကင်ဘုံက ရောက်လာတဲ့ ထူးဆန်းသော မိစ္ဆာသုံးကောင်အကြောင်း ဖော်ကျူးထားသည့် စိတ်နွေးထွေးဖွယ် ဂျပန်အန်နီမေးရှင်း ရုပ်ရှင်အကျဉ်း။

အပြစ်အနာအဆာကင်းတဲ့ စိတ်ကူးယဉ် အချစ်ထက် အတူတကွ ပူအေးမျှဝေခဲ့ရတဲ့ ဘဝရဲ့ သေးငယ်တဲ့ အမှတ်တရတွေကသာ ထာဝရအတွက် အမှန်ကန်ဆုံး အဖြေဖြစ်ကြောင်း ပြသသွားသည့် ရသစုံ ဒရာမာ ဇာတ်လမ်း။