နွေရာသီကုန်ဆုံးချိန်မှာ စတင်လာတဲ့ ဘဝရဲ့ ဆောင်းဦးရာသီ ((500) Days of Summer 2009)
အချစ်စစ်နဲ့ ဖူးစာရှင်ကို အပြည့်အဝ ယုံကြည်တဲ့ ကောင်လေး Tom နဲ့ ဘယ်သူ့ရဲ့ အပိုင်မှ မဖြစ်ချင်တဲ့ ကောင်မလေး Summer တို့ရဲ့ ရက်ပေါင်း ၅၀၀ ကြာ ဆက်ဆံရေးကတစ်ဆင့် အချစ်နှင့် ဘဝရဲ့ ရင့်ကျက်မှုကို သင်ယူသွားရပုံကို ပုံဖော်ထားသည့် (500) Days of Summer (2009) ရုပ်ရှင်အနှစ်ချုပ်။
ဒီဇာတ်လမ်းက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်တို့ တွေ့ဆုံကြတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကောင်လေး နာမည်ကတော့ Tom Hansen ဖြစ်ပြီး သူက ဘဝမှာ ဖူးစာရှင်နဲ့ မတွေ့မချင်း စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရမှာမဟုတ်ဘူးလို့ ယုံကြည်နေသူ ဖြစ်ပါတယ်။ ငယ်ငယ်က Pop သီချင်းတွေ နားထောင်လွန်းတာနဲ့ The Graduate ရုပ်ရှင်ကို ကြည့်ပြီး အဓိပ္ပာယ်ကောက် လွဲမှားခဲ့တာတွေကြောင့် အချစ်အပေါ် ဒီလိုမျိုး တထစ်ချ ယုံကြည်နေခဲ့တာပါ။
ကောင်မလေးဖြစ်တဲ့ Summer ကတော့ ငယ်ငယ်ကတည်းက မိဘတွေ ကွာရှင်းပြတ်စဲသွားတာကို ကြုံခဲ့ရတာကြောင့် ဖူးစာရှင်တို့၊ အချစ်စစ်တို့လို အယူအဆတွေကို လုံးဝ မယုံကြည်သူ ဖြစ်ပါတယ်။ Summer အကြိုက်ဆုံး အရာနှစ်ခုကတော့ သူမရဲ့ နက်မှောင်တဲ့ ဆံပင်နဲ့ အဲဒီဆံပင်ကို စိတ်ရှိတိုင်း ညှပ်ပစ်ရတာပဲ ဖြစ်ပါတယ်။ Tom က Summer ကို စတွေ့တုန်းက သူ့တစ်ဘဝလုံး ရှာဖွေနေတဲ့ ဖူးစာရှင်မှန်း ချက်ချင်း သိလိုက်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်လမ်းဆိုပေမဲ့ သာမန် ချစ်ဇာတ်လမ်းတစ်ပုဒ် မဟုတ်တာကိုတော့ ကြိုပြီး အသိပေးချင်ပါတယ်။
Tom ဟာ Summer နဲ့ တွေ့ဆုံပြီးနောက် ၂၉၀ မြောက်နေ့မှာတော့ အသည်းကွဲ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရပါပြီ။ သူ အသည်းကွဲနေတာကို သူငယ်ချင်းတွေက ဘာမှ မလုပ်ပေးနိုင်တာကြောင့် အထက်တန်းကျောင်းသူလေးဖြစ်တဲ့ Tom ရဲ့ ညီမ Rachel ကို ညအချိန်မတော် လှမ်းခေါ်လိုက်ရပါတယ်။ Rachel က ပန်းကန်တွေ လိုက်ခွဲပြီး ဒေါသထွက်နေတဲ့ Tom ကို အကြောင်းစုံ ရှင်းပြခိုင်းပါတယ်။ Tom နဲ့ Summer ဟာ အတူသွား၊ အတူစားရင်း အရမ်းကို ပျော်ရွှင်ခဲ့ကြတာပါ။ ဒါပေမဲ့ ရုတ်တရက်ကြီး Summer က သူတို့နှစ်ယောက် ဆက်မတွေ့သင့်တော့ဘူးလို့ ပြောလာပါတယ်။ ဒီလို အတည်တကျမရှိဘဲ လျှောက်သွား လျှောက်စားနဲ့ နေနေကြတာက အဓိပ္ပာယ်မရှိဘူးလို့လည်း ဆိုပါတယ်။ Summer က Tom ကို Friend Zone ထဲ ထည့်ချင်နေတာကြောင့် Tom တစ်ယောက် အသည်းကွဲနေရတာ ဖြစ်ပါတယ်။
နှလုံးသားရေးရာ အကြံပေးပညာရှင်လေး Rachel က အရင်ကလည်း အသည်းကွဲဖူးတာမို့ ဒါတွေက ဖြစ်တတ်တဲ့ သဘောဖြစ်ကြောင်းနဲ့ ပင်လယ်ထဲမှာ ငါးတွေ အများကြီး ရှိသေးကြောင်း ပြောရင်း နှစ်သိမ့်ပေးပါတယ်။ ဒါပေမဲ့ Tom ရဲ့ အချစ်ပင်လယ်ထဲမှာတော့ Summer ဆိုတဲ့ နတ်သမီးလေးတစ်ပါးတည်းသာ ရှိနေခဲ့တာပါ။
Tom နဲ့ Summer တို့ဟာ အလုပ်ခွင်မှာ စတင် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ Summer က သူဌေးရဲ့ လက်ထောက်အဖြစ် အလုပ်ဝင်လာချိန်မှာ Tom ကတော့ လုပ်သက် သုံး၊ လေးနှစ် ရှိနေပြီဖြစ်တဲ့ ဝန်ထမ်းဟောင်းတစ်ယောက် ဖြစ်ပါတယ်။ သူတို့ရဲ့ ကုမ္ပဏီက လက်ဆောင်ပေးရာမှာ သုံးတဲ့ မုဒိတာကတ်လေးတွေ ထုတ်လုပ်တာဖြစ်ပြီး Tom က အဲဒီကတ်တွေပေါ်မှာ ကဗျာဆန်ဆန် စာသားလေးတွေ ရေးပေးရတဲ့ အလုပ်ကို လုပ်ပါတယ်။ Tom ဟာ Summer ကို မြင်မြင်ချင်း သဘောကျသွားခဲ့ပါတယ်။ Summer ဟာလည်း ယောကျ်ားလေးတိုင်း သဘောကျလောက်စရာ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။
Summer ကို တွေ့ပြီး ၃ ရက်မြောက်နေ့မှာပဲ Tom က သူမကို သိသိသာသာ စိတ်ဝင်စားလာခဲ့ပေမဲ့ ကြားရတဲ့ သတင်းတွေအရ Summer ဟာ မာနကြီးပြီး အေးစက်စက် နေတတ်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ၄ ရက်မြောက်နေ့ ဓာတ်လှေကားထဲမှာတော့ Summer နဲ့ တည့်တည့် တိုးပါတော့တယ်။ Tom နားထောင်နေတဲ့ သီချင်း (The Smiths) ကို ကြားတော့ Summer က သူမလည်း အဲဒီသီချင်းကို အရမ်းကြိုက်ကြောင်း ပြောလာပါတယ်။ Tom ကိုလည်း သီချင်းကောင်းတွေ ရွေးချယ် နားဆင်တတ်တာပဲလို့ ချီးကျူးသွားခဲ့တာကြောင့် Tom ဟာ Summer ကို လူပြောများနေသလို မာနကြီးသူ မဟုတ်မှန်းသိပြီး ပျော်ရွှင်သွားခဲ့ပါတယ်။
အဲဒီလိုနဲ့ ၈ ရက်မြောက်နေ့ ရုံးတွင်း ပါတီတစ်ခုမှာ အခွင့်အရေးရတာကြောင့် ရေခဲသေတ္တာနားမှာ ရေသောက်ရင်း စကားသွားပြောကြည့်ပါတယ်။ စကားစပ်မိရင်း Tom က သူ့ရဲ့ အိပ်မက်ဟာ ဗိသုကာပညာရှင်တစ်ယောက် ဖြစ်ချင်တာလို့ ပြောပြပါတယ်။ Summer ကတော့ ပျင်းတာကြောင့် ဒီမှာ အလုပ်လာလုပ်တာလို့ ပြောတဲ့အခါ ထူးခြားတဲ့ Summer ရဲ့ စရိုက်ကို Tom က ပိုပြီး စိတ်ဝင်စားသွားခဲ့ပါတယ်။
၁၀၀ ရက်မြောက်နေ့မှာတော့ အကြိုက်တူ အကျင့်တူတဲ့ Tom နဲ့ Summer တို့ဟာ အတော်လေးကို ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်ပါတယ်။ Tom က ပီတိတွေ ဖြာနေပေမဲ့ ညီမလေး Rachel ကတော့ “မိန်းကလေးတစ်ယောက်က ကိုယ်နဲ့ အကြိုက်တူရုံနဲ့ ကိုယ့်ရဲ့ ဖူးစာရှင်လို့ တထစ်ချ ထင်မနေပါနဲ့” လို့ သတိပေးရှာပါတယ်။
၂၂ ရက်မြောက်နေ့မှာတော့ Tom က သူနဲ့ Summer တို့ရဲ့ ဇာတ်လမ်း ပြီးဆုံးသွားပြီလို့ သူငယ်ချင်းတွေကို ပြောပါတယ်။ ဘာမှ မစရသေးဘဲ ဇာတ်လမ်းပြီးသွားပြီလို့ ပြောနေတာကြောင့် သူငယ်ချင်းတွေက Tom ကို အဖတ်တောင် မလုပ်ကြပါဘူး။ Tom ဒီလို ပြောရတဲ့ အကြောင်းကတော့ မနက်က ဓာတ်လှေကားထဲမှာ Summer နဲ့ တွေ့တုန်းက “ပိတ်ရက်မှာ ပျော်ခဲ့ရဲ့လား” လို့ မေးတဲ့အခါ Summer က ပြုံးစိစိနဲ့ “ကောင်းပါတယ်” လို့ ဖြေခဲ့တာကြောင့် ဒီပိတ်ရက်ကို တခြား ယောက်ျားတစ်ယောက်နဲ့ ဖြတ်သန်းခဲ့တယ်လို့ အထင်ရောက်သွားတာပါ။ အလုပ်ဆင်းတော့လည်း သူ့ကို မနှုတ်ဆက်ဘဲ ပြန်သွားတာနဲ့တင် သူတို့ဇာတ်လမ်း ပြီးပြီလို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ မကြိုက်ရသေးဘဲ တစ်ဖက်သတ် စိတ်ကူးယဉ် ဇာတ်လမ်းဖြတ်နေတဲ့ Tom ကို သူငယ်ချင်းတွေက စိတ်ပျက်လက်ပျက်နဲ့ သဘောကျနေရင် ဖွင့်ပြောလိုက်ဖို့ အကြံပေးကြပါတယ်။
၂၇ ရက်မြောက်နေ့မှာတော့ ရုံးဝန်ထမ်းတွေအားလုံး ကာရာအိုကေ သွားဆိုကြတာမို့ Summer ပါလာတာကြောင့် Tom လည်း လိုက်သွားခဲ့ပါတယ်။ သောက်စားရင်း သီချင်းဆိုကြစဉ် Tom ရဲ့ သူငယ်ချင်းက လမ်းဖောက်ပေးတဲ့အနေနဲ့ Summer မှာ ရည်းစားရှိလားလို့ မေးလိုက်ပါတယ်။ Summer ကတော့ တစ်စုံတစ်ယောက်ရဲ့ အပိုင်အဖြစ် ချည်နှောင်ခံရတာကို မကြိုက်ဘူးလို့ ဖြေပါတယ်။ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်၊ မှီခိုကင်းကင်း နေချင်တဲ့ Summer ဟာ အချစ်ကို လုံးဝ မယုံကြည်တာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် ခံယူချက်ရှိတဲ့ Tom ကတော့ အချစ်စစ်ကို ခံစားမိတဲ့အခါ နားလည်လာလိမ့်မယ်လို့ Summer ကို ပြန်ပြောခဲ့ပါတယ်။ အိမ်အပြန်လမ်း တက္ကစီပေါ်မှာတော့ မူးနေတဲ့ Tom ရဲ့ သူငယ်ချင်းက Summer ကို Tom က သဘောကျနေကြောင်း ဖောက်သည်ချ လျှောက်ပြောသွားပါတော့တယ်။
အဲဒီနောက် ၃၁ ရက်မြောက်နေ့မှာတော့ Summer က ဓာတ်ပုံမိတ္တူကူးစက်နားမှာ အလုပ်လုပ်နေတဲ့ Tom ကို ဘာမပြော ညာမပြောနဲ့ ရုတ်တရက် နမ်းလိုက်ပါတယ်။ Tom ကလည်း ဒါဟာ Summer ဘက်က စတင် အချက်ပြတာလို့ မှတ်ယူလိုက်ပါတယ်။ အဲဒီအချိန်ကစလို့ Tom နဲ့ Summer တို့ဟာ အတူသွား၊ အတူစားရင်း အချိန်တွေကို ရင်းနှီးစွာ ဖြတ်သန်းကြပါတော့တယ်။
၉၅ ရက်မြောက်နေ့မှာ Tom က Summer ကို သူ အကြိုက်ဆုံး တောင်ကုန်း ပန်းခြံလေးဆီ ခေါ်သွားပါတယ်။ မြို့ပြအဆောက်အအုံတွေရဲ့ အလှအပကို ကြည့်ရင်း ဒီနေရာကနေ မြင်ရတဲ့ ရှုခင်းတွေ ဘယ်လောက် လှပကြောင်း ရှင်းပြကာ Summer ရဲ့ လက်ဖျံပေါ်မှာ သူ စိတ်ကူးထားတဲ့ အဆောက်အအုံပုံကြမ်းလေးကို ရေးဆွဲပြခဲ့ပါတယ်။
၁၀၉ ရက်မြောက်နေ့မှာတော့ Summer က Tom ကို ပထမဆုံးအကြိမ်အဖြစ် သူမရဲ့ အိမ်ဆီ ခေါ်သွားပါတယ်။ Summer က ဘယ်သူ့ကိုမှ မပြောပြဖူးသေးတဲ့ သူမရဲ့ အတွင်းစိတ် အကြောင်းအရာတွေကို ရင်ဖွင့်ပြောပြတာကြောင့် Tom က သူဟာ Summer အတွက် တခြားသူတွေထက် ပိုပြီး ထူးခြားတဲ့သူတစ်ယောက် ဖြစ်နေပြီလို့ ခံစားလိုက်ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အစစအရာရာ အဆင်ပြေနေပေမဲ့ “ချစ်သူတွေပါ” လို့ တရားဝင် ခေါင်းစဉ် မတပ်ရသေးတာကိုတော့ Tom တစ်ယောက် ရင်ထဲမှာ မတင်မကျ ဖြစ်နေဆဲပါပဲ။
ချစ်တယ်လို့ ဖွင့်ပြောချင်ပေမဲ့ ဖွင့်ပြောလိုက်ရင်လည်း သူတို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးလိုက်သလို ဖြစ်သွားမှာကို Tom တစ်ယောက် ကြောက်နေခဲ့ပါတယ်။ အဲဒါကြောင့် ၁၁၅ ရက်မြောက်နေ့မှာ နှလုံးသားရေးရာ အကြံပေးလေး Rachel ဆီကို သွားရောက် တိုင်ပင်ရပြန်ပါတယ်။ Tom က ဖွင့်ပြောလိုက်လို့ ပြန်ကြားရမယ့် အဖြေဟာ သူ မျှော်လင့်ထားသလို ဖြစ်မလာမှာကို ကြောက်နေတာမို့ Rachel က အရင်သူငယ်ချင်းတွေရဲ့ အတွေ့အကြုံနဲ့ ဥပမာပေးရင်း သတ္တိရှိရှိ မေးကြည့်ဖို့ အကြံပေးပါတယ်။
Tom လည်း သတ္တိတွေ ရလာပြီး “တို့နှစ်ယောက်က အခု ဘာတွေလဲ” လို့ Summer ကို မေးလိုက်ပါတယ်။ Summer ကတော့ သူတို့ရဲ့ ဆက်ဆံရေးကို ဘာခေါင်းစဉ်မှ တပ်စရာမလိုဘဲ သူမကလည်း Tom နဲ့ ရှိနေရင် ပျော်သလို၊ Tom ကလည်း သူမနဲ့ ရှိနေရင် ပျော်နေတာမို့ ကျန်တာ ဘာမှ မလိုဘူးလို့ ပြန်ဖြေပါတယ်။ သူ့နားမှာ ပျော်နေတဲ့ Summer ကို ကြည့်ရင်းနဲ့ပဲ Tom ကလည်း လက်ရှိ ဆက်ဆံရေးအခြေအနေကို ကျေနပ်မိသလို ခံစားလိုက်ရပါတယ်။
စတွေ့တဲ့နေ့တုန်းကထက် ပိုပိုပြီး ရင်းနှီးလာခဲ့ကြကာ ၁၅၄ ရက်မြောက်နေ့မှာတော့ Tom ဟာ Summer ကို တကယ် အသည်းအသန် ချစ်မိသွားပါတော့တယ်။ Summer ရဲ့ သွားတွေ ပေါ်နေတဲ့ အပြုံး၊ သူမရဲ့ ဆံနွယ်တွေ၊ သူမရဲ့ ခြေထောက်တွေနဲ့ လည်ပင်းက မွေးရာပါ အသည်းပုံ အမှတ်လေးအထိ အရာရာကို လှိုက်လှိုက်လှဲလှဲ ချစ်မြတ်နိုးနေခဲ့တာပါ။ တစ်ခါတလေ စကားမပြောခင် နှုတ်ခမ်းကို လျှာနဲ့ သပ်တာ၊ ရယ်မောသံလေးတွေနဲ့ သူမ အိပ်ပျော်နေတဲ့ ပုံစံလေးတွေအထိ အရာရာကို သဘောကျနေခဲ့ပါတယ်။ အကြိုက်တူတဲ့ သီချင်း နားထောင်တိုင်း Summer ကို သတိရပြီး သူမနဲ့ ပတ်သက်လို့ ဖြစ်ပေါ်လာတဲ့ ခံစားချက်လေးတွေကိုလည်း မြတ်နိုးနေမိပါတယ်။ Summer သာ အနားမှာ ရှိနေရင် ဘာမဆို လုပ်နိုင်ပြီး ဘဝကြီးက ပျော်စရာတွေချည်း ဖြစ်နေတယ်လို့ ခံစားမိတဲ့အထိ Tom တစ်ယောက် အရူးအမူး ဖြစ်နေခဲ့ပါပြီ။
၂၅၉ ရက်မြောက်နေ့မှာတော့ Tom နဲ့ Summer တို့ ဘားတစ်ခုမှာ ထိုင်နေတုန်း လူတစ်ယောက်က Summer ကို လာကြောင်ပါတယ်။ Tom ရှိနေတာတောင် မျက်နှာပြောင်တိုက်ပြီး ကြောင်နေတဲ့အပြင် Summer က စိတ်မဝင်စားဘူးလို့ ငြင်းလိုက်တော့ အဲဒီလူက “ဒီလိုကောင်မျိုးကို ဘာလို့ ရည်းစားထားတာလဲ” လို့ Tom ကို စော်ကားပြောဆိုလာပါတယ်။ Tom လည်း ဒေါသထွက်ပြီး အဲဒီလူကို ထိုးပစ်လိုက်ပါတယ်။ သူက တစ်ချက်ပဲ ထိုးလိုက်ရပေမဲ့ တစ်ဖက်လူဆီကနေ အချက်ပေါင်းများစွာ ပြန်အထိုးခံလိုက်ရတာကြောင့် မျက်နှာမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ အိမ်ပြန်လာခဲ့ရပါတယ်။ သူ့ဘက်က ကာကွယ်ပေးတာ ဖြစ်ပေမဲ့ Summer ကတော့ ရန်ဖြစ်ရမ်းကားတာကို အပြစ်တင်နေခဲ့ပါတယ်။ သူမအတွက်ဆိုရင်တောင် Tom ရဲ့ ဒီလို လုပ်ရပ်မျိုးကို မကြိုက်ဘူးလို့ ပြောတာကြောင့် Tom ကလည်း ပိုပြီး ဒေါသထွက်ကာ စကားများ ရန်ဖြစ်ကြပါတော့တယ်။
Summer က “တို့က သူငယ်ချင်းတွေမို့ ဒီလို လုပ်စရာမလိုဘူး” လို့ ပြောလိုက်တဲ့အခါ Tom ရဲ့ ရင်ထဲ အသည်းခိုက်အောင် နာကျင်သွားရပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို Summer တစ်ယောက်တည်းကသာ ခေါင်းစဉ်တပ်နေတာကို လက်မခံနိုင်ဘဲ Tom ကတော့ သူတို့နှစ်ယောက်ဟာ ချစ်သူတွေလို့ ပြတ်ပြတ်သားသား ခံယူထားတာပါ။ Summer က ချစ်သူအဖြစ် သဘောမထားနိုင်တာကို စိတ်ဆိုးပြီး Tom က ထွက်သွားခဲ့ပါတယ်။ အဲဒီညမှာ နှစ်ယောက်လုံး မအိပ်နိုင်ကြဘဲ တစ်ယောက်ဖုန်းကို တစ်ယောက် စောင့်မျှော်နေခဲ့ကြပါတယ်။ ညသန်းခေါင်လောက်ကျတော့ Summer က သူမ မှားသွားတယ်လို့ ယူဆပြီး Tom ရဲ့ အိမ်ကို လာရောက် တောင်းပန်တာကြောင့် ပြန်လည် ပြေလည်သွားခဲ့ပါတယ်။
၂၈၂ ရက်မြောက်နေ့မှာတော့ IKEA အိမ်ထောင်ပရိဘောဂဆိုင်ကို အတူတူ သွားကြပါတယ်။ Summer က Tom ရဲ့ လက်ကို ကိုင်လိုက်ပြီး Tom နဲ့ အတူရှိနေရတာ ပျော်ဖို့ကောင်းတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူမဘက်က အတည်ကြီး မတွဲချင်တာကြောင့် ဒီလို ဆက်ဆံရေးမျိုးကို အဆင်ပြေရဲ့လားလို့ မေးလာပါတယ်။ Tom ကလည်း အဆင်ပြေပါတယ်လို့ ဟန်ဆောင် ပြောလိုက်တာကြောင့် နှစ်ယောက်သားရဲ့ ဆက်ဆံရေးက အပေါ်ယံ ပျော်ပျော်ပါးပါးလေး ဆက်ရှိနေခဲ့ပါတယ်။ ၂၉၀ ရက်မြောက်နေ့မှာတော့ ဇာတ်လမ်းအစမှာ ဖော်ပြခဲ့တဲ့အတိုင်း Summer က ဒီလို ဟိုမရောက် ဒီမရောက် ဆက်ဆံရေးကို အဆုံးသတ်ချင်တယ်လို့ စားသောက်ဆိုင်မှာ ပြောလာပါတယ်။ ရုတ်တရက်ကြီး သာမန်သူငယ်ချင်းပဲ လုပ်ကြရအောင်ဆိုတဲ့ စကားကြောင့် Tom ဟာ အသည်းကွဲပြီး ပန်းကန်တွေ ခွဲကာ ဒေါသထွက်နေရပြီး Rachel ကပဲ ဘေးကနေ နှစ်သိမ့်ပေးနေရပါတယ်။
၃၀၃ ရက်မြောက်နေ့မှာတော့ Tom ရဲ့ ပျော်ရွှင်မှုတွေ အားလုံး လုံးဝ ပျောက်ဆုံးသွားပါတော့တယ်။ အကြောင်းကတော့ Summer က သူ့ကို လမ်းခွဲသွားတဲ့အပြင် အလုပ်ကနေပါ ထွက်သွားခဲ့လို့ ဖြစ်ပါတယ်။ Tom က စာတွေ ဆက်တိုက် ပို့နေပေမဲ့ Summer ကတော့ သူငယ်ချင်းအဖြစ် နေနိုင်မှသာ ပြန်ဆက်သွယ်ဖို့ ပြောလာပါတယ်။ Summer နဲ့ တွေ့ဆုံပြီး ၁၄၅ ရက်မြောက်နေ့တုန်းက အတူတူ ရုပ်ရှင်ကြည့်ရင်း ပျော်ရွှင်ခဲ့ရပေမဲ့ ၃၁၄ ရက်မြောက်နေ့မှာတော့ Tom တစ်ယောက်တည်း ရုပ်ရှင်ရုံထဲမှာ အသည်းကွဲ ဝမ်းနည်းနေရပါတယ်။
၃၂၁ ရက်မြောက်နေ့အထိ ပြန်ပြီး နလန်မထူနိုင်သေးတဲ့ Tom ဟာ အမြဲတမ်း မှိုင်တွေ ဝမ်းနည်းနေခဲ့ပါတယ်။ ချစ်သက်လက်ဆောင် မုဒိတာကတ်တွေမှာလည်း အသည်းကွဲနေတဲ့ ဒေါသစကားတွေ၊ ဆဲဆိုတဲ့ စာသားတွေ ရေးထိုးလာတာကြောင့် အလုပ်ရှင်က အချစ်ကတ်တွေမှာ စာမရေးခိုင်းတော့ဘဲ ဝမ်းနည်းကြေကွဲဖွယ် ကောင်းတဲ့ နာရေးကတ်တွေမှာ စာရေးဖို့ တာဝန်ပြောင်းပေးလိုက်ပါတယ်။ Summer နဲ့ အဆင်ပြေနေတုန်းကဆိုရင် Tom ဟာ သူ တာဝန်ယူထားတဲ့ မုဒိတာကတ်တွေအပြင် ဂုဏ်ပြုကတ်၊ ဘာသာရေးကတ်နဲ့ အားလပ်ရက် လက်ဆောင်ကတ်တွေလို ပေါင်းစုံမှာ စိတ်ကူးသစ်တွေ တဖွဲဖွဲ ထွက်ပေါ်နေခဲ့တာပါ။
အခုအချိန်မှာတော့ အရာအားလုံး ပြောင်းပြန် ဖြစ်သွားပြီး ၃၂၂ ရက်မြောက်နေ့မှာ Tom ဟာ Summer ကို လွမ်းလွန်းလို့ အမြင်တွေပါ မုန်းတီးပြောင်းလဲလာပါတော့တယ်။ အရင်က ချစ်ခဲ့ရတဲ့ Summer ရဲ့ သွားတွေ၊ ရှုပ်ပွနေတဲ့ ဆံပင်၊ ပုံမကျပန်းမကျ ခြေထောက်၊ လည်ပင်းက ပိုးဟပ်နဲ့တူတဲ့ အမှတ်အသား၊ စကားမပြောခင် နှုတ်ခမ်းကို လျှာနဲ့ သပ်တာနဲ့ သူမရဲ့ ရယ်မောသံတွေ အကုန်လုံးကို စတင် မုန်းတီးလာပါတယ်။ ၃၄၅ ရက်မြောက်နေ့မှာ သူငယ်ချင်းတွေက Tom ကို ကောင်မလေးတစ်ယောက်နဲ့ Blind Date စီစဉ်ပေးပေမဲ့ Tom ကတော့ အဲဒီကောင်မလေးကို Summer အကြောင်းတွေချည်း ပြောပြနေခဲ့ပါတယ်။ တစ်ဖက်မှာ Summer ကို မေ့ပစ်ချင်ပေမဲ့ နောက်တစ်ဖက်မှာလည်း တစ်လောကလုံးမှာ ရှိနေတဲ့ ဘယ်သူကမှ သူ့ကို Summer လောက် ပျော်ရွှင်အောင် မလုပ်ပေးနိုင်ဘူးလို့ ခံစားနေရဆဲ ဖြစ်ပါတယ်။
၄၀၂ ရက်မြောက်နေ့မှာတော့ ရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ မင်္ဂလာဆောင်ပွဲကို သွားရင်း ရထားပေါ်မှာ Summer နဲ့ ပြန်လည် ဆုံတွေ့ပါတယ်။ မသိချင်ယောင်ဆောင် နေပေမဲ့ Summer က လာရောက် နှုတ်ဆက်တာကြောင့် စိတ်မထိန်းနိုင်ဘဲ ပြန်လည် စကားပြောဖြစ်သွားပါတယ်။ သာကြောင်းမာကြောင်းကနေ အတိတ်က အကြောင်းတွေဆီ ရောက်သွားတော့ ဖြစ်ပျက်ခဲ့သမျှကို မေ့သွားပြီး Tom တစ်ယောက် အရင်လို ပြန်လည် ပျော်ရွှင်လာပါတယ်။ မင်္ဂလာဆောင်မှာလည်း Summer နဲ့အတူ တွဲကရင်း Tom ရဲ့ စိတ်တွေဟာ အတိတ်က အချိန်တွေကို ပြန်ရောက်သွားခဲ့ပါတယ်။ Summer က ဒီပိတ်ရက် သူမရဲ့ အိမ်ခေါင်မိုးထပ်မှာ လုပ်မယ့် ပါတီကို ဖိတ်ကြားတဲ့အခါ Tom က ဝမ်းသာအားရ ချက်ချင်း လက်ခံလိုက်ပါတော့တယ်။
၄၀၈ ရက်မြောက်နေ့မှာတော့ Summer ရဲ့ ပါတီဆီကို မျှော်လင့်ချက် စိတ်ကူးတွေ အပြည့်နဲ့ တက်တက်ကြွကြွ သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ စိတ်ကူးထဲမှာ Summer က အနမ်းနဲ့ နွေးထွေးစွာ ကြိုဆိုလိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ တကယ့် လက်တွေ့မှာတော့ Summer က သာမန်အတိုင်းပဲ တံခါးဖွင့်ပေးခဲ့ပါတယ်။ သူ ပေးတဲ့ လက်ဆောင်ကို သဘောကျလွန်းလို့ ဖက်လှဲတကင်း ဖြစ်မယ်လို့ မျှော်လင့်ထားပေမဲ့ Summer က ကျေးဇူးတင်စကား ပြောရုံလေးနဲ့သာ လက်ခံလိုက်ပါတယ်။ နှစ်ယောက်တည်း အေးအေးဆေးဆေး စကားပြောဖို့ မျှော်လင့်ထားပေမဲ့ လက်တွေ့မှာတော့ Summer နဲ့ စကားပြောရတာထက် သူမရဲ့ မိတ်ဆွေတွေ မေးတဲ့ မေးခွန်းတွေကိုသာ ဖြေနေရပါတယ်။ အတွေးထဲမှာ နှစ်ယောက်တည်း ကြည်နူးနေပေမဲ့ တကယ့် လက်တွေ့မှာတော့ Summer ဟာ တခြား ဧည့်သည်တွေကို လိုက်လံ နှုတ်ဆက် ဧည့်ခံနေခဲ့တာ ဖြစ်ပါတယ်။
နှစ်ယောက် ပြန်အဆင်ပြေသွားမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အမှတ်မထင် Summer ရဲ့ လက်မှာ စေ့စပ်လက်စွပ် ဝတ်ဆင်ထားတာကို တွေ့လိုက်ရချိန်မှာတော့ Tom တစ်ယောက် ကမ္ဘာပျက်သလို ခံစားလိုက်ရပြီး ပါတီပွဲကနေ အမြန်ဆုံး ပြန်ထွက်လာခဲ့ပါတယ်။ Summer ကို ဘယ်တော့မှ မပိုင်ဆိုင်ရတော့ဘူးဆိုတာကို သိလိုက်ရချိန်မှာ Tom ဟာ ရှင်သန်ရတာတောင် အဆင်မပြေတော့ဘဲ နိုးထလာတဲ့ မနက်ခင်းတိုင်းက အဓိပ္ပာယ်မဲ့နေခဲ့ပါတယ်။ အိပ်လိုက်၊ အရက်သောက်လိုက်၊ ပြန်အိပ်လိုက်နဲ့ အချိန်တွေကို ကုန်လွန်စေခဲ့ပြီး ၄၄၂ ရက်မြောက်နေ့မှာတော့ အလုပ်ကို စုတ်ပြတ်သတ်နေတဲ့ ပုံစံနဲ့ ရောက်လာခဲ့ပါတယ်။
နောက်ထပ် ထုတ်လုပ်မယ့် မုဒိတာကတ်တွေအတွက် အစည်းအဝေးမှာ Boss က Tom ဆီကနေ အကြံဉာဏ်တွေ တောင်းခံတဲ့အခါ Tom က လက်ဆောင်ကတ်တွေအားလုံးကို အပြစ်တင် စကားဆိုပါတော့တယ်။ အဲဒီကတ်တွေပေါ်မှာ ရေးသားထားတဲ့ စာသားအတုအယောင်တွေကြောင့် လူတွေ ပိုပြီး ခံစားနေကြရတာလို့ ပြောပါတယ်။ မုဒိတာကတ်တွေ၊ အချစ်ရုပ်ရှင်တွေနဲ့ Pop သီချင်းတွေ အားလုံးဟာ အလိမ်အညာတွေချည်းပဲလို့ အစည်းအဝေးခန်းထဲမှာ အော်ဟစ်ပေါက်ကွဲပြီး အလုပ်ကနေ ချက်ချင်း ထွက်သွားခဲ့ပါတော့တယ်။
စိတ်တွေ လေးလံနေပြီး Summer ကိုပဲ အမြဲတမ်း သတိရနေတဲ့ Tom ကို ညီမလေး Rachel က အကြံတစ်ခု ပေးပါတယ်။ Tom ဟာ Summer နဲ့ ပတ်သက်ရင် ကောင်းတဲ့ အမှတ်တရတွေကိုချည်း ရွေးပြီး တွေးနေတာကြောင့် ပိုပြီး ခံစားနေရတာ ဖြစ်ကြောင်း၊ အဲဒါကြောင့် နောက်တစ်ခါ Summer ရဲ့ အကြောင်းကို စဉ်းစားမယ်ဆိုရင် အရှိကို အရှိအတိုင်း အကုန်လုံး ပြန်စဉ်းစားဖို့ အကြံပေးလိုက်ပါတယ်။
Tom ကလည်း သူ့ညီမလေး ပြောတဲ့အတိုင်း သူတို့နှစ်ယောက်ရဲ့ ပျော်စရာ အမှတ်တရတွေသာမက မသိမသာ ဖြစ်ပျက်ခဲ့တဲ့ အဆင်မပြေမှုတွေကိုပါ ပြန်လည် မြင်ယောင်လာခဲ့ပါတယ်။ Tom ကသာ ချစ်စိတ်မွှန်ပြီး ပျော်စရာကောင်းတဲ့ အချိန်တွေကိုပဲ မှတ်မိနေပေမဲ့ လက်တွေ့မှာတော့ Summer ဟာ သူနဲ့ အတူရှိနေစဉ် မပျော်ရွှင်တဲ့ အချိန်တွေ၊ သူ့ကို စိတ်မဝင်စားတဲ့ အချိန်တွေ အများကြီး ရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြတဲ့ ၂၉၀ ရက်မြောက်နေ့တုန်းကလည်း Summer နဲ့ Tom တို့ ရုပ်ရှင် သွားကြည့်ခဲ့ကြပါတယ်။ ရုပ်ရှင်ကြည့်ရင်း ဝမ်းနည်းကြေကွဲနေတဲ့ Summer ရဲ့ ပုံစံက ထူးဆန်းနေပြီး Tom ပြောသမျှ စကားတွေကို စိတ်ဝင်စားတဲ့ အမူအရာ လုံးဝ မပြသလို၊ အိမ်ကိုပဲ ချက်ချင်း ပြန်ချင်နေခဲ့တာပါ။ Tom က ကြိုးစားပန်းစား ခေါ်ဆောင်ပြီး ပန်ကိတ် အတူတူ သွားစားကြတဲ့ အချိန်မှာပဲ Summer က ဒီလို တွဲနေတာ အဓိပ္ပာယ်မရှိတော့ဘူးဆိုပြီး လမ်းခွဲစကား စတင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာတော့ အသည်းလည်းကွဲ၊ အလုပ်ကနေလည်း ထွက်လိုက်ရတဲ့ Tom ဟာ သူ ဝါသနာပါတဲ့ ဗိသုကာပညာရှင် အလုပ်ကို ရရှိဖို့အတွက် အားကြိုးမာန်တက် ပြန်လည် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Summer ကတော့ သူမ တကယ် ချစ်ရတဲ့သူနဲ့ အမှန်တကယ် လက်ထပ်သွားခဲ့ပါပြီ။
Summer နဲ့ စတင် တွေ့ဆုံပြီး ၄၈၈ ရက်မြောက်နေ့မှာတော့ သူမနဲ့ အတူတူ သွားခဲ့ဖူးတဲ့ Tom အကြိုက်ဆုံး တောင်ကုန်း ပန်းခြံလေးရဲ့ ခုံတန်းမှာ တစ်ယောက်တည်း သွားရောက် ထိုင်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူ့ဆီကို Summer ရောက်ရှိလာပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အပိုင် မဖြစ်ချင်ဘူးဆိုတဲ့သူက အခုတော့ တခြားလူတစ်ယောက်ရဲ့ ဇနီး ဖြစ်သွားခဲ့တာကို Tom က အခုထိ နားမလည်နိုင် ဖြစ်နေဆဲပါ။
Summer က Tom နဲ့ ရှိနေစဉ်တုန်းက ဘယ်တုန်းကမှ မသေချာခဲ့တဲ့ အရာတွေဟာ အခု လက်ထပ်လိုက်တဲ့ ခင်ပွန်းနဲ့ တွေ့ဆုံချိန်မှာတော့ အရာအားလုံး သေချာသွားခဲ့တယ်လို့ ရှင်းပြပါတယ်။ ဒီလူနဲ့ တွေ့ဆုံပြီးမှသာ Tom အရင်က ပြောခဲ့ဖူးတဲ့ “အချစ်စစ်” ဆိုတာကို အမှန်တကယ် နားလည် သဘောပေါက်သွားတာ ဖြစ်ပါတယ်။ အချစ်တို့၊ ဖူးစာရှင်တို့နဲ့ ပတ်သက်လို့ Tom ပြောခဲ့သမျှ အရာအားလုံးဟာ အမှန်တွေချည်းပဲဆိုတာကို Summer လက်ခံသွားခဲ့ပါပြီ။ Tom မှားယွင်းခဲ့တဲ့ တစ်ခုတည်းသော အရာကတော့ Summer ဟာ သူ့ရဲ့ ဖူးစာရှင်ပါလို့ ထင်မှတ်မှားခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ကို မချစ်ခဲ့တဲ့ Summer အပေါ် အရမ်းကို မျှော်လင့်ခဲ့မိတာကြောင့် Tom ခံစားခဲ့ရသမျှအတွက် Summer က စိတ်မကောင်းဖြစ်ရပြီး Tom ကို နောင်အနာဂတ်မှာ ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်စေချင်ကြောင်း ဆုတောင်းပေးပါတယ်။ Tom ကလည်း Summer ရဲ့ လက်ကျန် ဘဝသက်တမ်းတစ်လျှောက် အဆင်ပြေ ပျော်ရွှင်ပါစေလို့ ရိုးသားစွာ ဆုတောင်းပေးလိုက်ပါတယ်။
နေ့ရက်တွေ ကုန်လွန်ပြီး ရက်ပေါင်း ၅၀၀ မြောက်နေ့မှာတော့ Tom ဟာ ဗိသုကာ ကုမ္ပဏီတစ်ခုရဲ့ အလုပ် အင်တာဗျူး သွားရောက် ဖြေဆိုချိန်မှာ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူမဟာ Tom နဲ့ အကြိုက်ချင်း တူညီပြီး ဒီမြို့ထဲမှာ Tom အကြိုက်ဆုံး တောင်ကုန်း ပန်းခြံရှုခင်းဟာ သူမရဲ့ အကြိုက်ဆုံး နေရာလည်း ဖြစ်နေပါတယ်။ အဲဒီနေရာမှာပဲ Tom ကို ခဏခဏ မြင်ဖူးတွေ့ဖူးကြောင်း အဲဒီကောင်မလေးက ပြောပြပါတယ်။
Tom က အင်တာဗျူး ဖြေဆိုပြီးရင် အတူတူ ကော်ဖီသောက်ကြမလားလို့ ကမ်းလှမ်းတဲ့အခါ သူမကလည်း ဝမ်းသာအားရ လက်ခံလိုက်ပါတယ်။ သူမရဲ့ နာမည်ကတော့ Autumn (ဆောင်းဦးရာသီ) ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ Summer (နွေရာသီ) နဲ့ ပတ်သက်တဲ့ ရက်ပေါင်း ၅၀၀ ကုန်ဆုံးသွားချိန်မှာ Tom ရဲ့ ဘဝထဲဆီ Autumn ဆိုတဲ့ ကောင်မလေး ရောက်ရှိလာပြီး ဘဝရဲ့ အခန်းကဏ္ဍသစ် စတင်ဖွင့်လှစ်ရင်းနဲ့ပဲ ဇာတ်လမ်းလေး ပြီးဆုံးသွားပါတော့တယ်။
(500) Days of Summer (2009) ရုပ်ရှင်ရဲ့ အဓိက အနှစ်သာရဟာ ပုံမှန် အချစ်ဇာတ်လမ်းတွေလို အဆုံးသတ် ပျော်ရွှင်ရခြင်းထက်၊ တစ်ဖက်သတ် စိတ်ကူးယဉ်မှုတွေနဲ့ လက်တွေ့ဘဝကြားက ကွာဟချက်ကို ပကတိအတိုင်း ရိုက်ပြထားခြင်း ဖြစ်ပါတယ်။ Tom ရဲ့ အမှားဟာ Summer ကို ချစ်မိသွားတာ မဟုတ်ဘဲ၊ သူ့စိတ်ကူးထဲက ပြီးပြည့်စုံတဲ့ နတ်သမီးတစ်ပါးအဖြစ် ပုံဖော်ကာ သူမရဲ့ အမူအရာ၊ အကြိုက်တူညီမှုလေးတွေကို ဖူးစာရှင်ဆိုတဲ့ ခေါင်းစဉ်အောက် အတင်း ဆွဲသွင်းခဲ့မိတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ Tom ရဲ့ ညီမလေး Rachel သတိပေးခဲ့သလိုပဲ လူတစ်ယောက်နဲ့ သီချင်းကြိုက်တာချင်း တူရုံ၊ အနုပညာခံစားမှု တူရုံနဲ့ ကိုယ့်အတွက် သတ်မှတ်ထားတဲ့ ဖူးစာရှင်အစစ် ဖြစ်မလာနိုင်ပါဘူး။ တစ်ဖက်လူရဲ့ မသေချာမှုတွေနဲ့ အဆင်မပြေမှုတွေကို မျက်ကွယ်ပြုပြီး ကိုယ်မြင်ချင်တဲ့ ပျော်စရာ အစိတ်အပိုင်းတွေကိုပဲ ရွေးချယ်မှတ်မိနေခြင်းဟာ အသည်းကွဲ နာကျင်ရမှုရဲ့ အဓိက အရင်းအမြစ် ဖြစ်လာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဒီဇာတ်ကားက ပေးတဲ့ အရေးကြီးဆုံး သင်ခန်းစာတစ်ခုကတော့ ဘဝမှာ လူတစ်ယောက်နဲ့ ဆုံတွေ့ရခြင်းဟာ ထာဝရ လက်တွဲဖို့ မဟုတ်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ပိုမိုရင့်ကျက်လာစေဖို့နဲ့ ကိုယ်ပိုင်အိပ်မက်တွေကို ပြန်လည်အသက်သွင်းဖို့ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ Summer နဲ့ လမ်းခွဲခဲ့ရတဲ့ နာကျင်မှုကြောင့်သာ Tom ဟာ စိတ်မပါတဲ့ မုဒိတာကတ် ရေးတဲ့အလုပ်ကနေ ထွက်ခွာပြီး သူ တကယ် ဝါသနာပါတဲ့ ဗိသုကာပညာရှင် အလုပ်ကို ပြန်လည် ကြိုးစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။ Summer ကလည်း Tom ကြောင့် အချစ်စစ်ဆိုတာ ရှိကြောင်း နားလည်သွားပြီး တကယ့် လက်တွဲဖော်နဲ့ ဆုံတွေ့ခဲ့သလို၊ Tom အနေနဲ့လည်း Summer (နွေရာသီ) ကို လက်လွှတ်လိုက်ရမှသာ Autumn (ဆောင်းဦးရာသီ) ဆိုတဲ့ အခွင့်အလမ်းသစ်နဲ့ ဆုံတွေ့ခွင့် ရခဲ့တာပါ။ အဆုံးသတ်မှာတော့ (500) Days of Summer ဟာ လူငယ်တိုင်းရဲ့ နှလုံးသားထဲ ဖြတ်သန်းဖူးတဲ့ အချစ်ဦး၊ အသည်းကွဲမှုနဲ့ နာကျင်စရာ အတိတ်တွေကို ကျေးဇူးတင်ရင်း ဘဝကို ရှေ့ဆက်ဖို့ ခွန်အားပေးတဲ့ ရုပ်ရှင်ကောင်းတစ်ကားအဖြစ် အမြဲတမ်း ရှင်သန်နေမှာ ဖြစ်ပါတယ်။