ထာဝရဘဝရဲ့ စစ်မှန်သော နေရာနှင့် နှစ် ၆၀ ကျော် သံယောဇဉ်ခရီးစဉ် (Eternity 2026)
အပြစ်အနာအဆာကင်းတဲ့ စိတ်ကူးယဉ် အချစ်ထက် အတူတကွ ပူအေးမျှဝေခဲ့ရတဲ့ ဘဝရဲ့ သေးငယ်တဲ့ အမှတ်တရတွေကသာ ထာဝရအတွက် အမှန်ကန်ဆုံး အဖြေဖြစ်ကြောင်း ပြသသွားသည့် ရသစုံ ဒရာမာ ဇာတ်လမ်း။
လူသားတွေ သေဆုံးပြီးရင် ဘာဆက်ဖြစ်မလဲ၊ ဘယ်ကို ရောက်သွားမလဲဆိုတာ လူတိုင်း သိချင်ကြပါတယ်။ ကောင်းမှုလုပ်ရင် နတ်ပြည်ရောက်မယ်၊ မကောင်းမှုလုပ်ရင် ငရဲကျမယ်ဆိုတာကတော့ လူတိုင်း သိထားကြတဲ့ အခြေခံ အယူအဆတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး မဟုတ်ဘဲ သေဆုံးပြီးတဲ့အခါ ကိုယ့်စိတ်ကြိုက် ရွေးချယ်ထားတဲ့ နေရာမှာ ကိုယ်ရွေးချယ်တဲ့သူနဲ့ ထာဝရဘဝတစ်ခုကို ပိုင်ဆိုင်ခွင့် ရမယ်ဆိုရင် သင်ရော ဘယ်လိုဘဝမျိုးမှာ နေထိုင်ချင်မလဲလို့ တွေးဖူးပါသလား။ ဒီဇာတ်လမ်းလေးနဲ့အတူ စီးမျောရင်း စဉ်းစားကြည့်လိုက်ကြရအောင်ပါ။
Larry နဲ့ Joan လို့ခေါ်တဲ့ အသက် ၈၀ ကျော် အဘိုးအဘွား ဇနီးမောင်နှံဟာ သူတို့ရဲ့ သမီးဖြစ်သူ ကျင်းပတဲ့ ပါတီပွဲဆီကို ကားမောင်းပြီး သွားနေကြပါတယ်။ အဲဒီပွဲဟာ ကိုယ်ဝန်လွယ်ထားရတဲ့ သမီးဖြစ်သူက မွေးလာမယ့် ကလေးဟာ သားလေးလား သမီးလေးလားဆိုတာကို ဖွင့်ဟပြောပြမယ့် Gender Reveal ပါတီပွဲ ဖြစ်ပါတယ်။ အေးအေးချမ်းချမ်း နေရတော့မယ့် အသက်အရွယ် ရောက်နေပြီဖြစ်လို့ သူတို့ရဲ့ နောက်ဆုံးအချိန်တွေကို ဘယ်နေရာမှာ အပန်းဖြေရင်း ကုန်ဆုံးကြမလဲဆိုတာကို အဘိုးကြီး အဘွားကြီးပီပီ စကားများ ငြင်းခုံရင်း ကားကို တလှုပ်လှုပ်နဲ့ မောင်းနှင်လာခဲ့ကြပါတယ်။ ကမ်းခြေကြိုက်တဲ့ Larry က Hawaii မှာ နေချင်ပြီး၊ Joan ကတော့ အေးချမ်းတဲ့ တောင်ပေါ်ဒေသကိုပဲ သဘောကျပါတယ်။ Joan မှာ ကင်ဆာ နောက်ဆုံးအဆင့် ဖြစ်နေတာကို ဒီနေ့ကျမှ မိသားစုကို ဖွင့်ပြောပြဖို့ ဆုံးဖြတ်ထားတာပါ။
ပါတီပွဲကို မသွားခင်မှာ မြေးဖြစ်သူတွေက သေတ္တာတစ်လုံးထဲကနေ ဓာတ်ပုံတစ်ပုံ ဆွဲထုတ်လာပြီး ဒါ ဘယ်သူ့ပုံလဲလို့ မေးကြပါတယ်။ အဲဒီပုံဟာ Joan နဲ့ သူမရဲ့ ပထမဆုံး ခင်ပွန်းဖြစ်သူ Luke တို့ရဲ့ ဓာတ်ပုံ ဖြစ်နေပါတယ်။ Luke ဟာ စစ်သားတစ်ယောက်ဖြစ်ပြီး စစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ အကြောင်းကို Joan က ပြောပြနေတုန်း၊ Larry က မုန့်စားရင်း လည်ချောင်းထဲ မုန့်တစ်ဆို့ကာ သတိလစ် မေ့မြောသွားပါတော့တယ်။
Larry သတိပြန်လည်လာတဲ့အခါ ရထားတစ်စင်းပေါ်မှာ ရောက်ရှိနေတာကို တွေ့လိုက်ရပါတယ်။ တကယ်တော့ ဒါဟာ တမလွန်လောကဆီ သွားတဲ့ ရထားဖြစ်ပြီး လူတိုင်းဟာ သူတို့ သေဆုံးသွားခဲ့စဉ်က ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေနဲ့ပဲ ရောက်လာကြတာ ဖြစ်ပါတယ်။ Larry ကတော့ သူ သေဆုံးသွားမှန်း ကိုယ့်ကိုယ်ကိုယ် မသိသေးပါဘူး။ ဒါဟာ နောင်ဘဝ မကူးပြောင်းခင် ဘယ်ဘဝဆီ သွားရောက် နေထိုင်မလဲဆိုတာကို ရွေးချယ်ရမယ့် ကြားကာလ နေရာတစ်ခု ဖြစ်ပါတယ်။
ရထားပေါ်က ဆင်းတာနဲ့ သေဆုံးသူ တစ်ယောက်ချင်းစီဆီ လမ်းညွှန် အကြံပေးမယ့် Afterlife Coordinator (AC) တွေ ရှိနေပါတယ်။ AC ဆိုတာ ဘဝကူးပြောင်းနိုင်ဖို့ ကူညီလမ်းညွှန်ပေးကြသူတွေ ဖြစ်ပြီး Larry ရဲ့ AC ကတော့ Anna ဖြစ်ပါတယ်။ သေဆုံးသွားပြီဆိုတာကို မယုံနိုင်သေးတဲ့ Larry ကို Anna က မှန်ထောင်ပြလိုက်တော့မှ သူ့ကိုယ်သူ အသက် ၃၀ ကျော် အရွယ်ကို ပြန်ရောက်နေမှန်း သိလိုက်ရပါတယ်။ တမလွန်လောကမှာ သေဆုံးပြီးသူတွေဟာ သူတို့ အသက်ရှင်နေစဉ်က အပျော်ရွှင်ဆုံး အချိန်ကာလက ရုပ်သွင်အတိုင်း ပြန်လည် နုပျိုသွားကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် တမလွန်မှာ အသက် ၁၀ နှစ်အရွယ် ကလေးတွေ ပေါများနေပြီး စိတ်ဓာတ်ကျ ကြေကွဲတတ်တဲ့ ဆယ်ကျော်သက် လူငယ်အရွယ်တွေကတော့ အလွန် နည်းပါးနေတာပါ။ Larry က သူ့ဇနီး Joan ဆီ ပြန်သွားရမယ်၊ သူ့ဇနီးက သူ့ကို လိုအပ်နေတယ်လို့ အတင်း ပြောဆိုနေတာကြောင့် Anna ကပဲ ထိန်းသိမ်း နှစ်သိမ့်ပေးရပါတယ်။
လူအများ ထင်ထားကြသလို သေဆုံးပြီးတဲ့အခါ ဘုရားသခင်နဲ့ တွေ့ဆုံတာတွေ၊ ကောင်းကင်ဘုံနဲ့ ငရဲဘုံတွေဆိုတာ မရှိဘဲ “Eternity” လို့ခေါ်တဲ့ ထာဝရဘဝတစ်ခုကိုသာ ရွေးချယ်ရတာ ဖြစ်ပါတယ်။ ရွေးချယ်ခွင့်ရှိတဲ့ ထာဝရဘဝပေါင်း မြောက်မြားစွာ ရှိပြီး အဲဒီအထဲကမှ မိမိ စိတ်ကြိုက် ကမ္ဘာတစ်ခုတည်းကိုသာ ရွေးချယ်ခွင့် ရှိပါတယ်။ အလယ်ခေတ် ကမ္ဘာ၊ ကျေးလက်တောရွာ ကမ္ဘာ၊ ပါတီတွေချည်းပဲ ထာဝရ ကျင်းပနေတဲ့ ကမ္ဘာ၊ ယောက်ျားတွေ မရှိတဲ့ ကမ္ဘာ၊ မိန်းမတွေ မရှိတဲ့ ကမ္ဘာနဲ့ အဝတ်အစား ဝတ်စရာမလိုတဲ့ ကမ္ဘာ စသဖြင့် အမျိုးမျိုး ရှိကြပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ကမ္ဘာမှာ ဖြစ်ချင်သမျှ အရာအားလုံးကို လုပ်ဆောင်နိုင်ပေမဲ့ အဲဒီကမ္ဘာကနေ ဘယ်တော့မှ ပြန်ထွက်လာခွင့် မရှိပါဘူး။ တကယ်လို့ ထာဝရကမ္ဘာကနေ ထွက်ပြေးဖို့ ကြိုးစားရင်တော့ ထာဝရ အမှောင်ထုသာ ရှိတဲ့ ဟာလာဟင်းလင်း ဗလာနယ်မြေထဲဆီ နှင်ထုတ်ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်နေရာမှာ ထာဝရ နေထိုင်မလဲဆိုတာကို သေချာ စဉ်းစား ဆုံးဖြတ်နိုင်ဖို့အတွက် ၇ ရက်တာ အချိန်ပေးထားပါတယ်။
တီဗီဖွင့်ကြည့်တော့လည်း ထာဝရဘဝ ကမ္ဘာတွေအကြောင်းကိုပဲ ကြော်ငြာနေတာကြောင့် ဘာကို ရွေးချယ်ရမှန်းမသိဘဲ စိတ်ရှုပ်နေတဲ့ Larry ဟာ ဘားတစ်ခုဆီ သွားရောက်ခဲ့ပါတယ်။ ဘားတင်ဒါနဲ့ စကားစမြည် ပြောဖြစ်တဲ့အခါ ဒီနေရာမှာ အလုပ်လုပ်နေကြတဲ့သူတွေ အားလုံးဟာ ဘယ်ဘဝဆီ ကူးပြောင်းရမလဲ မဆုံးဖြတ်နိုင်သေးတာကြောင့် စဉ်းစားရင်း အလုပ်လုပ်နေကြတာ ဖြစ်ကြောင်း Larry ကို ရှင်းပြပါတယ်။ Larry ကတော့ ကမ်းခြေကမ္ဘာကို ရွေးချယ်ချင်ပေမဲ့ သူ့ဇနီး Joan က ကမ်းခြေကို မကြိုက်တာကြောင့် တွေဝေနေခဲ့ပါတယ်။
နောက်တစ်နေ့ မနက်မှာတော့ Larry က သူ့ရဲ့ AC ဖြစ်သူ Anna ကို ဒီကြားကာလက လူတွေ ဘာကြောင့် ထာဝရဘဝဆီ မသွားကြသေးတာလဲလို့ မေးမြန်းပါတယ်။ တချို့က သေဆုံးသွားတာကို လက်မခံနိုင်ကြသေးသလို၊ တချို့ကတော့ အတူတူ ထာဝရ ဖြတ်သန်းချင်တဲ့ ချစ်ရသူတစ်စုံတစ်ယောက် ရောက်လာမယ့်အချိန်ကို စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ ဘယ်ကို သွားရမှန်းမသိ လမ်းပျောက်နေတဲ့ လူတွေကတော့ ဒီမှာပဲ အလုပ်လုပ်ရင်း အချိန်ယူ ရွေးချယ်နေကြတာပါ။ ဒါပေမဲ့ ၇ ရက် ကျော်လွန်သွားတဲ့အထိ မရွေးချယ်နိုင်သေးရင်တော့ အခုလို သက်တောင့်သက်သာ နေထိုင်ခွင့် မရတော့ဘဲ မြေအောက်က အခန်းကျဉ်းလေးတွေဆီ အပို့ခံရမှာ ဖြစ်ပါတယ်။ အဲဒီနေရာကနေ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်ကိုင်ရင်း အသက်ရှင်စဉ်ကလိုပဲ ဘဝကို ပြန်လည် ရုန်းကန်ကြရတာ ဖြစ်ပါတယ်။
အဲဒီလိုမျိုး မနေချင်တဲ့ Larry က Joan ဆီကနေ ၆ လလောက် စောင့်ရမယ်လို့ ထင်မှတ်ထားတာကြောင့် ကမ်းခြေကမ္ဘာဆီကို အရင်ဆုံး သွားရောက်နေထိုင်ပြီး Joan ရောက်လာရင် လိုက်လာနိုင်ဖို့အတွက် စာတစ်စောင် ချန်ထားခဲ့ပါတယ်။
ဒါပေမဲ့ Joan ဟာ ကင်ဆာရောဂါကြောင့် ရုတ်တရက် ဆုံးပါးသွားခဲ့ပြီး တမလွန် ရထားပေါ်ဆီ ရောက်ရှိလာခဲ့ပါတယ်။ Larry တစ်ယောက် ထာဝရကမ္ဘာဆီ သွားမယ့် စက်လှေကား အတက်မှာ စက်လှေကား အဆင်းကနေ ရောက်လာတဲ့ Joan ကို လှမ်းမြင်လိုက်ရပါတယ်။ Larry လည်း အသည်းအသန် ပြန်လည် လိုက်သွားပါတော့တယ်။ ဇနီးမောင်နှံနှစ်ယောက် ပြန်လည် ဆုံတွေ့ကြတဲ့အခါ အလွမ်းသယ်ကြရင်း Joan က “အချိုတွေ အရမ်းမစားပါနဲ့” လို့ မှာထားတဲ့ကြားက မုန့်စားရင်း လည်ချောင်းတစ်ဆို့ သေဆုံးသွားခဲ့တဲ့ ခင်ပွန်းဖြစ်သူကို ဆူပူပါတော့တယ်။ Joan ကတော့ Larry လို မဟုတ်ဘဲ သူမ သေဆုံးသွားပြီး တမလွန်ကို ရောက်လာခဲ့ပြီဆိုတာကို ကြိုတင် သိနားလည်ထားပါတယ်။ Larry က ထာဝရဘဝတွေအကြောင်း ရှင်းပြရင်း Joan သာ တောင်တန်းဒေသမှာ နေချင်ရင် သူ လိုက်နေပေးနိုင်ပါတယ်လို့ ပြောဆိုလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ Joan ရဲ့ AC ဖြစ်သူ Ryan ရောက်ရှိလာပြီး Joan ကို လူတစ်ယောက်နဲ့ သွားရောက် တွေ့ဆုံပေးပါတယ်။ အဲဒီလူကတော့ တခြားသူ မဟုတ်ဘဲ Joan ရဲ့ ပထမဆုံး ခင်ပွန်းဟောင်း Luke ပဲ ဖြစ်ပါတယ်။ Luke ဟာ ထာဝရဘဝဆီ မသွားသေးဘဲ သူ့ရဲ့ ဇနီးဖြစ်သူ Joan ကို ဒီကြားကာလမှာ ၆၇ နှစ်တိုင်တိုင် စောင့်ဆိုင်းနေခဲ့တာ ဖြစ်တာကြောင့် “အချစ်ကြီးသူ” ဆိုပြီး တမလွန်မှာ နာမည်ကြီးနေသူ ဖြစ်ပါတယ်။
လက်ရှိ ခင်ပွန်းရော ပထမ ခင်ပွန်းဟောင်းပါ ဒီနေရာမှာ တစ်ပြိုင်နက်တည်း ပြန်တွေ့လိုက်ရတဲ့အခါ Joan တစ်ယောက် သေဆုံးသွားတာထက်တောင် ပိုပြီး အံ့အားသင့် ထိတ်လန့်သွားခဲ့ရပါတယ်။ Luke ဟာ အရင် ငယ်စဉ်ကလိုပဲ ချောမော ခန့်ညားနေဆဲမို့ Joan တစ်ယောက် အံ့ဩမဆုံး ဖြစ်နေခဲ့ပါတယ်။ လက်ရှိ ခင်ပွန်းက Larry ဖြစ်ပေမဲ့ ပထမ ခင်ပွန်း Luke ကလည်း မချစ်လို့ လမ်းခွဲခဲ့ကြတာ မဟုတ်ဘဲ စစ်ပွဲမှာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ Luke ဆုံးပါးသွားစဉ်တုန်းက Joan ဟာ ရူးသွပ်မတတ် ခံစားခဲ့ရတဲ့အထိ ချစ်ခဲ့ရတာ ဖြစ်သလို၊ Larry နဲ့ကျတော့လည်း နှစ်ပေါင်း ၆၅ နှစ်လုံးလုံး ကြင်နာစွာ အတူတကွ ပေါင်းသင်း နေထိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ Luke နဲ့ အတူရှိနေရတာဟာ သမီးရည်းစား စဖြစ်ခါစ လူငယ်ဘဝလို ရင်ခုန် စိတ်လှုပ်ရှား ပျော်ရွှင်ရပါတယ်။ Luke ကလည်း Joan နဲ့ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ဆုံးပါးသွားခဲ့ရတာမို့ Joan နဲ့အတူ နောက်ဘဝသစ်တစ်ခုကို ပြန်လည် စတင်နိုင်ဖို့အတွက် ၆၇ နှစ်တိုင်တိုင် စောင့်မျှော်နေခဲ့တာ ဖြစ်ပါတယ်။ Joan အနေနဲ့ Luke ကို ချစ်နေဆဲ ဖြစ်ပေမဲ့လည်း တစ်ဖက်မှာ လက်ရှိ ခင်ပွန်းဖြစ်သူ Larry ရှိနေသေးတာကြောင့် Larry ကို ခင်ပွန်းတစ်ယောက်အဖြစ် မျက်နှာပျက်အောင် ဆက်ဆံရမှာကို အလွန် အားနာနေခဲ့ပါတော့တယ်။
ပြန်လာတော့ Larry က သူ့အခန်းထဲမှာ အတူတူ နေထိုင်ဖို့ Joan ကို ခေါ်ဆောင်သွားပါတယ်။ Joan ရဲ့ စိတ်အခြေအနေကို မသိဘဲ သူတို့နှစ်ယောက်ရဲ့ ထာဝရဘဝအတွက် ကောင်းမယ့် အစီအစဉ်တွေကိုချည်း တက်ကြွစွာ ပြောဆိုနေတာကြောင့် Joan တစ်ယောက် စိတ်မသက်မသာ ဖြစ်နေခဲ့ပါတယ်။ ဒီတစ်ပတ်အတွင်းမှာပဲ Larry သေဆုံးခဲ့ရတဲ့အပြင် သူမကိုယ်တိုင်လည်း သေဆုံးခဲ့ပြီး၊ ပထမ ခင်ပွန်းဟောင်း Luke နဲ့ လက်ရှိ ခင်ပွန်း Larry တို့ကြား ရူးသွပ်မတတ် စိတ်ဖိစီး ပင်ပန်းနေရတာပါ။ ထာဝရ အတူတကွ ဖြတ်သန်းဖို့ တစ်ပတ်အတွင်း တစ်ယောက်တည်းကို ရွေးချယ်ရမယ်ဆိုတာ ခက်ခဲလွန်းတာကြောင့် စဉ်းစားဖို့ အချိန်ပေးပါလို့ Larry ကို ပြောလိုက်ပါတယ်။
Larry က စိတ်မသက်မသာ ဖြစ်နေတဲ့ Joan ကို စိတ်ပြေလက်ပျောက် ထိုင်ထလုပ်ကြည့်ဖို့ အကြံပေးပါတယ်။ အကြံက ကြောင်တောင်တောင် နိုင်ပေမဲ့ အဘိုးကြီး အဘွားကြီး အရွယ်နဲ့ သေဆုံးခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ ခါးနာဒူးနာ မဖြစ်ဘဲ ထိုင်ထလုပ်နိုင်နေတာနဲ့တင် စိတ်ညစ်စရာတွေကို မေ့သွားလောက်အောင် ကျေနပ်စရာ ကောင်းနေခဲ့ပါတယ်။ Joan လည်း စိတ်ဖိစီးမှု အနည်းငယ် သက်သာသွားတော့ Larry ကို သူ့အခန်းဆီ ပြန်ခိုင်းလိုက်ပါတယ်။
နောက်တစ်နေ့ ရောက်တော့ Larry က သူ့ဇနီး Joan သူ့ကို ပြန်လည် ရွေးချယ်လာအောင် Joan အကြိုက်ဆုံး အဆိုတော်တစ်ယောက်နဲ့ တွေ့ဆုံပေးဖို့ စီစဉ်ပါတယ်။ Dean Martin ကို သဘောကျတာကြောင့် သေဆုံးသွားပြီဖြစ်တဲ့ Dean Martin ကို သီချင်းနဲ့ ဖျော်ဖြေပေးဖို့ အကူအညီတောင်းခဲ့တာပါ။ Joan က သူမ အကြိုက်ဆုံး အဆိုတော်ကို လူကိုယ်တိုင် အပြင်မှာ တွေ့လိုက်ရတာကြောင့် မဆုံးနိုင်အောင် ပျော်ရွှင်သွားခဲ့ပါတယ်။ ဒါပေမဲ့ Larry ခေါ်လာတဲ့ အဆိုတော်က Dean Martin အစစ် မဟုတ်ဘဲ နာမည်ကျော်တွေရဲ့ ပုံစံအတိုင်း လိုက်လံတုပတတ်တဲ့ မူးရူးနေတဲ့ လူအတုတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ မူးနေတဲ့ Dean Martin အတုက Joan ကို သီချင်းဆိုရင်း ရိသဲ့သဲ့ လုပ်နေတုန်း Larry က သူ့ရဲ့ AC Anna နဲ့ အငြင်းပွားနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Luke ရောက်ရှိလာပြီး အဲဒီ မူးရူးနေတဲ့ လူအတုကို လက်သီးနဲ့ ဆွဲထိုးပစ်လိုက်ပါတယ်။ Larry က ကြားကနေ ဝင်ရောက်ရှင်းပြရင်း နှစ်ယောက်သား ငြင်းခုံသံတွေကြားမှာ Joan တစ်ယောက် ပိုမို စိတ်ရှုပ်ထွေးသွားပြီး “ဒါ ကောင်းကင်ဘုံ မဟုတ်ဘဲ ငရဲများလား” လို့တောင် ထင်မှတ်မိသွားပါတယ်။
AC တွေက Joan ရဲ့ ပြဿနာကို အထက်လူကြီးတွေဆီ တင်ပြလိုက်တဲ့အခါ အထက်ကနေ Joan အတွက် အခွင့်အရေးတစ်ခု ပေးလိုက်ပါတယ်။ ထာဝရဘဝ ရွေးချယ်ဖို့အတွက် ပုံမှန် ၇ ရက်ထက် အချိန်ပိုပေးလိုက်တဲ့အပြင်၊ ခင်ပွန်းတစ်ယောက်စီ ရွေးချယ်ထားတဲ့ ထာဝရဘဝ ကမ္ဘာနှစ်ခုလုံးဆီကို အစမ်းသဘော လှည့်လည် သွားရောက်လည်ပတ်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ သုံးယောက်စလုံး ထာဝရဘဝတစ်ခုတည်းဆီ အတူတူ သွားရောက်ပြီးမှ အေးအေးဆေးဆေး ဆုံးဖြတ်လို့ ရနိုင်ပေမဲ့ Larry ရော Luke ကပါ “မင်း ရှိတဲ့နေရာမှာ ငါ မနေနိုင်ဘူး” ဆိုပြီး အလျှော့မပေးကြပါဘူး။
ဘယ်သူနဲ့ အရင်ဆုံး သွားမလဲဆိုတာ ခေါင်းပန်းလှန် ဆုံးဖြတ်လိုက်ရာ Luke က နိုင်သွားတဲ့အတွက် နှစ်ယောက်သား တောင်တန်းဒေသ ကမ္ဘာလေးဆီကို အရင်ဆုံး သွားရောက် လည်ပတ်ကြပါတယ်။ Joan က ငယ်စဉ်က ချောမောခန့်ညားခဲ့တဲ့ ခင်ပွန်းဖြစ်သူ Luke ကို မယုံနိုင်အောင် ငေးကြည့်ရင်း ငယ်ရွယ်စဉ်က ခံစားချက်တွေ ပြန်လည် နိုးထလာခဲ့ပါတယ်။ စိမ်းလန်းစိုပြည်တဲ့ သစ်ပင်တွေ၊ တောင်တန်းကြီးတွေနဲ့ ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ ဖြူလွင်လွင် တောင်ထိပ်တွေဟာ ကောင်းကင်ပြာကြီးကို နောက်ခံထားပြီး လှချင်တိုင်း လှပနေပါတယ်။ စိတ်ကူးထားတာထက်တောင် ပြည့်စုံနေတဲ့ ကမ္ဘာမှာ ချောမောတဲ့ ခင်ပွန်းဟောင်းလေးနဲ့ အတူတူ ဖြတ်သန်းရတာမို့ အလွန် ကြည်နူးစရာ ကောင်းနေခဲ့ပါတယ်။
Larry ကတော့ မကျေမနပ် ကျန်ရစ်ခဲ့တာကြောင့် သူ့ရဲ့ AC Anna ကပဲ နှစ်သိမ့်ပေးနေရပါတယ်။ Joan ရဲ့ ရွေးချယ်မှုကို ရရှိချင်ရင် Joan က သူ့ကို ဘာကြောင့် ချစ်ခဲ့လဲဆိုတဲ့ အကြောင်းရင်းကို ပြန်လည် ရှာဖွေဖို့ Anna က အကြံပေးပါတယ်။ သေချာ ပြန်စဉ်းစားကြည့်ပေမဲ့ Joan က သူ့ကို ဘာကြောင့် ချစ်ခဲ့လဲဆိုတဲ့ အဖြေကို ရှာမတွေ့တာကြောင့် သူတို့နဲ့ မရှေးမနှောင်း သေဆုံးခဲ့တဲ့ Joan ရဲ့ ငယ်သူငယ်ချင်း Karen ဆီ သွားရောက် မေးမြန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တစ်ဖက်မှာလည်း Joan က Luke နဲ့အတူ ညနေဆည်းဆာ ရှုခင်းကို ငေးမောကြည့်ရင်း “တို့ရဲ့ မြေးလေးသာဆိုရင် ဒီနေရာကို အရမ်း သဘောကျမှာပဲ” လို့ မတော်တဆ ရေရွတ်မိသွားပါတယ်။ သမီးဖြစ်သူကလည်း စွန့်စားရတာ သဘောကျတဲ့အကြောင်း ပြောပြမိလိုက်ပြီးမှ နောက်ခင်ပွန်းနဲ့ ရခဲ့တဲ့ သားသမီးတွေအကြောင်း ပြောမိတာကို သတိရကာ Luke ကို အလွန် အားနာသွားပါတယ်။ Luke ကလည်း ကလေးတွေအကြောင်း ပြောတာကို သိသိသာသာ မကြိုက်ပါဘူး။ သူ ဘယ်တုန်းကမှ ကလေး မလိုချင်ခဲ့ဘူးလို့ ပြောတဲ့အပြင် Joan နဲ့သာ မိသားစုဘဝတစ်ခု တည်ဆောက်ချင်ခဲ့ပေမဲ့ စစ်ပွဲကြောင့် လက်လွတ်ခဲ့ရတာကို ဝမ်းနည်းနေခဲ့ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ဘဝကို အစကနေ အသစ် ပြန်လည် စတင်ချင်တယ်လို့ Joan ကို ပြောပါတယ်။ Joan က Luke သေဆုံးပြီး နှစ်အနည်းငယ်အတွင်းမှာ နောက်အိမ်ထောင်ပြုခဲ့ပေမဲ့ Luke ကတော့ သူမကို ၆၇ နှစ်တိုင်တိုင် စောင့်ဆိုင်းပေးခဲ့တာမို့ လိပ်ပြာမလုံသလို ခံစားနေရပါတယ်။ Luke ကတော့ “ထာဝရဘဝနဲ့ ယှဉ်လိုက်ရင် ၆၇ နှစ်ဆိုတာ ဘာမှ မဟုတ်ပါဘူး” လို့ Joan ကို ပြန်လည် နှစ်သိမ့်ပေးခဲ့ပါတယ်။
Joan အတွက် Luke ဟာ အဖက်ဖက်က ပြီးပြည့်စုံတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ထာဝရဘဝ ကမ္ဘာတိုင်းမှာ လူတွေ အသက်ရှင်စဉ်က မှတ်ဉာဏ်တွေကို ပြန်လည် ကြည့်ရှုလို့ရတဲ့ မှန်ပြခန်းတွေ ရှိပါတယ်။ နှစ်ယောက် အတူတူ ကြည့်တာဖြစ်လို့ သူတို့ရဲ့ အမှတ်တရ မှတ်ဉာဏ်ပြကွက်တွေ ဆက်တိုက် ပေါ်လာပါတယ်။ သူတို့ စတင် တွေ့ဆုံခဲ့ကြပုံ၊ First Date ၊ First Kiss နဲ့ လက်ထပ်ခဲ့ကြတဲ့ အထိမ်းအမှတ်နေ့တွေအထိ အစီအစဉ်လိုက် ပေါ်လာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Luke စစ်မြေပြင်ဆီ ထွက်ခွာသွားရပုံ ပေါ်လာပြီး၊ နောက်တစ်ခန်းမှာတော့ Luke စစ်ထွက်သွားခဲ့တဲ့ သင်္ဘောဆိပ်ကမ်းမှာပဲ Larry က Joan ကို လက်ထပ်ခွင့်တောင်းနေတဲ့ မြင်ကွင်း ပေါ်လာပါတယ်။ Joan က ဆက်မကြည့်တော့ဘူးလို့ ပြောပေမဲ့ Luke ကတော့ Larry ဟာ သူ သေဆုံးသွားတာကို အခွင့်ကောင်းယူပြီး အားငယ်နေတဲ့ Joan ကို အရယူသွားခဲ့တာလို့ ထင်မြင်သွားပါတော့တယ်။
တစ်ဖက်မှာလည်း Larry က Joan ရဲ့ သူငယ်ချင်း Karen နဲ့ သွားတွေ့တဲ့အခါ Karen ဟာ အသက် ၇၂ နှစ်အရွယ် အဘွားကြီး ရုပ်သွင်နဲ့ ဖြစ်နေတာကို တွေ့လိုက်ရလို့ အံ့ဩသွားပါတယ်။ Karen ဟာ အဲဒီ အသက် ၇၂ နှစ်အရွယ်တုန်းက အိုးဖုတ်သင်တန်း တက်ရင်းနဲ့ သင်တန်းက အမျိုးသမီးတစ်ယောက်နဲ့ ၄ လလောက် ချစ်ကြိုက်ခဲ့ဖူးတာပါ။ သူမကိုယ်သူမ Lesbian ဖြစ်နေမှန်း အသက် ၇၂ နှစ်ကျမှ သိရှိခဲ့ရပြီး အဲဒီ ၄ လတာ အချိန်ဟာ သူမရဲ့ တစ်ဘဝလုံးမှာ အပျော်ရွှင်ဆုံး အချိန် ဖြစ်ခဲ့တာကြောင့် အဲဒီ ရုပ်သွင်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ Larry က “Joan က ငါ့ကို ဘာကြောင့် ချစ်ခဲ့လဲ မင်း သိလား” လို့ မေးတဲ့အခါ Karen က “Joan ဟာ Luke သေဆုံးပြီးနောက် အမြဲ ဝမ်းနည်းနေတတ်လို့ ဘယ်တော့မှ ပြန်မပျော်နိုင်တော့ဘူးလို့တောင် ထင်ခဲ့တာ… ဒါပေမဲ့ Larry ရောက်လာပြီးမှ Joan ရဲ့ ဘဝက အရင်လို ပြန်လည် တက်ကြွလာခဲ့တာ… ဒါပေမဲ့ ဘာကြောင့် ချစ်ခဲ့လဲဆိုတာတော့ မသိဘူး” လို့ ဖြေကြားခဲ့ပါတယ်။
Luke က အခုအချိန်အထိ Joan ကို စောင့်ဆိုင်းနေတုန်းပဲဆိုတာကို သိသွားတဲ့ Karen က “လောကမှာ အစစအရာရာ ပြည့်စုံတဲ့ ယောကျ်ားဆိုတာ မရှိဘူး” လို့ ပြောဆိုကာ Luke ရဲ့ အခန်းဆီ သွားရောက်ပြီး လျှို့ဝှက်ချက်တွေ လိုက်ရှာပါတော့တယ်။ အဲဒီအချိန်မှာ Luke ပြန်ရောက်လာပြီး နှစ်ယောက်သား စကားများ ငြင်းခုံကြပါတော့တယ်။
Joan ကတော့ စိတ်ဖိစီးမှုတွေ များနေတာကြောင့် သူမရဲ့ AC Ryan နဲ့ စကားပြောဆိုပါတယ်။ တမလွန်ဘူတာတစ်ခုလုံး ဆူညံနေတာကြောင့် စကားပြောဖို့ တိတ်ဆိတ်တဲ့ အခန်းတစ်ခုဆီ သွားရောက်ကြပါတယ်။ အဲဒီအခန်းထဲမှာတော့ ဘယ်သူမှ မသုံးတော့တဲ့ ကမ္ဘာဟောင်းတွေ ရှိနေတာပါ။ တချို့ကမ္ဘာတွေက လူပြည့်ပြီး Sold Out ဖြစ်သွားသလို၊ တချို့ကမ္ဘာတွေကတော့ ခေတ်ကာလနဲ့ မကိုက်ညီတော့ဘဲ ခေတ်ကုန်သွားတာကြောင့် သွားမယ့်သူ မရှိတော့လို့ ပိတ်ထားလိုက်ရတာ ဖြစ်ပါတယ်။ Joan ရဲ့ AC Ryan ကတော့ Joan ကို Luke ကိုပဲ ရွေးချယ်စေချင်နေပါတယ်။ Larry နဲ့ နှစ်ပေါင်း ၆၀ ကျော် ဖြတ်သန်းခဲ့ပြီးပြီဖြစ်ပေမဲ့ Luke နဲ့ ဘဝတစ်ခု ထူထောင်ခွင့် လက်လွတ်ခဲ့ရတာကြောင့် နောင်တတွေနဲ့ မဖြတ်သန်းရအောင် Luke ကိုပဲ ရွေးစေချင်တာပါ။
နောက်တစ်နေ့မှာတော့ Joan က Larry နဲ့အတူ ကမ်းခြေကမ္ဘာဆီ သွားရောက် လည်ပတ်ကြပါတယ်။ ကမ်းခြေက မျှော်လင့်ထားသလို မဟုတ်ဘဲ လူကြိုက်များလွန်းတာကြောင့် လူတွေ ပြည့်ကျပ်နေပြီး ကမ်းစပ်မှာ နေရာထိုင်ဖို့တောင် မနည်း ရှာဖွေရပါတယ်။ နောက်ဆုံးမှာတော့ နှစ်ယောက်သား လှေငယ်လေးတစ်စင်းပေါ်မှာ အေးအေးဆေးဆေး လှဲလျောင်းရင်း Larry ရဲ့ ဈာပနအခမ်းအနားဆီ ဘယ်သူတွေ လာရောက်ခဲ့ကြသလဲဆိုတာကို စကားစမြည် ပြောဖြစ်ကြပါတော့တယ်။
နှစ်ယောက်သား လှေငယ်လေးပေါ်မှာ အေးအေးဆေးဆေး လှဲလျောင်းရင်း Larry ရဲ့ ဈာပနအခမ်းအနားဆီ ဘယ်သူတွေ လာရောက်ခဲ့ကြကြောင်းနဲ့ သားသမီးတွေ ဘယ်လောက်တောင် ဝမ်းနည်းကြေကွဲခဲ့ရကြောင်းကို Joan က ပြောပြပါတယ်။ Larry ကလည်း Joan ရဲ့ နောက်ဆုံးအချိန်မှာ အနားမှာ ရှိမပေးနိုင်ခဲ့တဲ့အတွက် တောင်းပန်စကား ဆိုပါတယ်။ Joan ကတော့ ဒီနေရာမှာ စောင့်ဆိုင်းပေးနေတာနဲ့တင် ကျေးဇူးတင်လှပါပြီလို့ ပြန်လည် ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ Luke ကလည်း သူမကို ၆၇ နှစ်တိုင်တိုင် စောင့်မျှော်ပေးခဲ့တာကြောင့် အခုအချိန်မှာ ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာ ဝေခွဲရခက်နေရတဲ့ သူမရဲ့ အခြေအနေကို နားလည်ပေးဖို့ Larry ကို တောင်းဆိုပါတယ်။ Larry ကတော့ သူသာဆိုရင်လည်း ဘယ်နှစ်နှစ်ကြာကြာ Joan ကို စောင့်နေမှာပဲလို့ အမှတ်ယူ ပြောဆိုပါတယ်။
ဒါပေမဲ့ Luke က သူ့အခန်းထဲမှာ Larry နဲ့ ရန်ဖြစ်စဉ်တုန်းက Larry ချန်ထားခဲ့တဲ့ စာကို တွေ့ရှိသွားခဲ့ပါတယ်။ အဲဒီစာဟာ Larry ထာဝရ ကမ်းခြေကမ္ဘာဆီ အရင်ဆုံး ထွက်မသွားခင် Joan သူ့နောက်ကို လိုက်လာနိုင်ဖို့ ရေးသားထားခဲ့တဲ့ စာ ဖြစ်ပါတယ်။
Joan က မှတ်ဉာဏ် လှိုဏ်ခေါင်းထဲမှာ သူတို့ရဲ့ သားသမီးတွေအကြောင်း ပြန်လည် ကြည့်ရှုချင်ပေမဲ့ Larry ကတော့ အတိတ်က နာကျင်စရာတွေကို ပြန်မတမ်းတချင်တာကြောင့် ဆက်မကြည့်ချင်ပါဘူး။ Joan လည်း အတင်းအကျပ် မတိုက်တွန်းတော့ဘဲ Larry နဲ့ သူမတို့နှစ်ယောက်ရဲ့ First Date အကြောင်းကို စတင် ပြောပြပါတယ်။ Larry နဲ့ Joan စတင် တွေ့ဆုံချိန်တုန်းက Joan ရဲ့ ပုံစံဟာ စိတ်ဒဏ်ရာတွေနဲ့ ကြိုးပြတ်လုနီးပါး ဖြစ်နေခဲ့တာပါ။ ဒါကြောင့် Larry ကပဲ အမြဲတမ်း ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ကြံ့ကြံ့ခံ ပေးခဲ့တာကြောင့် အားကိုးရတဲ့ ခင်ပွန်းတစ်ယောက်နဲ့ အတူရှိနေရချိန်မှာ Joan လည်း လုံခြုံနွေးထွေးမှုကို အပြည့်အဝ ခံစားခဲ့ရပါတယ်။
ပြန်ရောက်တဲ့အခါ Luke ရောက်ရှိလာပြီး Larry က သူ့အခန်းထဲ ခိုးဝင်မွှေနှောက်သွားကြောင်းနဲ့ Larry ရေးခဲ့တဲ့ စာကို Joan ဆီ ယူဆောင် လာပြပါတယ်။ Joan က စာကို ဖတ်ကြည့်ပြီးနောက် သူမကို ၇ ရက်တောင် ပြည့်အောင် မစောင့်ဆိုင်းနိုင်ဘဲ တစ်ကိုယ်ကောင်းဆန်စွာ စွန့်ခွာသွားဖို့ လုပ်ခဲ့တဲ့ Larry ကို အတ္တကြီးလွန်းတယ်လို့ အပြစ်တင် စကားဆိုပါတယ်။ Larry ကလည်း ဒေါသတကြီးနဲ့ Joan ဟာ အရင် ခင်ပွန်းဟောင်း Luke နဲ့ပဲ နေချင်နေတာ မဟုတ်လားလို့ ပြန်လည် အော်ဟစ်ပါတော့တယ်။ Joan ကလည်း “ဒီလို နုပျိုပြင်းပြတဲ့ အချစ်မျိုးကို မလိုချင်တဲ့သူ ရှိမလား” လို့ ပြန်လည် ပြောဆိုလိုက်တဲ့အခါ Larry တစ်ယောက် စိတ်ထိခိုက် ဝမ်းနည်းသွားရပါတယ်။
လူတိုင်း ပြောသလိုပဲ Joan ဟာ Luke ကို ချစ်ခဲ့တဲ့ အချစ်မျိုးနဲ့ သူ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူးဆိုတာကို Larry လက်ခံလိုက်ရပါတယ်။ သူဟာ Luke နေရာမှာ အစားထိုးစရာ အရာတစ်ခုသာ ဖြစ်ခဲ့တာလားလို့ Larry က မေးလိုက်တဲ့အခါ Joan မှာ ခွန်းတုံ့ပြန်စရာ စကားလုံး မရှိလောက်အောင် ဆွံ့အသွားခဲ့ရပါတယ်။
Larry က အခွင့်အရေး ယူပြီး Luke ရဲ့ အခန်းထဲမှာ မိန်းကလေး ဖုန်းနံပါတ်တွေ ရှိနေကြောင်း၊ ဒီကြားကာလ ၆၇ နှစ်အတွင်း Luke မိန်းမတွေ ရှုပ်ပွေခဲ့ကြောင်း ဖော်ထုတ် အပုပ်ချပါတော့တယ်။ Luke ကလည်း သူ ဒီကြားကာလအတွင်း မိန်းကလေးတွေနဲ့ရော ယောက်ျားလေးနှစ်ယောက်နဲ့ပါ Date ခဲ့ဖူးကြောင်း ဝန်ခံလိုက်ပါတယ်။ သူကိုယ်တိုင် အပြစ်ကင်းတဲ့ ပြီးပြည့်စုံသူ မဟုတ်ပေမဲ့ Joan ကို ၆၇ နှစ်တိုင်တိုင် စောင့်မျှော်ပေးခဲ့တာနဲ့တင် သူ့ရဲ့ အချစ်ကို သက်သေပြပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။
ဘာဆက်လုပ်ရမှန်း မသိတော့တဲ့ အခြေအနေမှာ နှစ်ယောက်ထဲက တစ်ယောက်ကို အခုချက်ချင်း ရွေးချယ်ပေးဖို့ ဖိအားပေးလာကြတာကြောင့် Joan ခမျာ စိတ်ညစ်ညူးစွာနဲ့ ကျန်ရစ်ခဲ့ရပါတော့တယ်။ အဲဒီအချိန်မှာ Karen ရောက်လာပြီး စိတ်ရှုပ်ထွေးနေတဲ့ သူမရဲ့ သူငယ်ချင်း Joan ကို နှစ်သိမ့်ပေးပါတယ်။ Karen နဲ့အတူ ရှန်ပိန်သောက်ရင်း စိတ်ပြေလက်ပျောက် အချိန်တွေကို ကုန်လွန်စေခဲ့ပါတယ်။
Larry နဲ့ Luke တို့လည်း ဆက်လက် မရန်ဖြစ်ကြတော့ဘဲ Joan ရဲ့ ဆုံးဖြတ်ချက်ကိုသာ အပြည့်အဝ လက်ခံဖို့ သဘောတူလိုက်ကြပါတယ်။ စိတ်ညစ်ညစ်နဲ့ အရက်အတူတူ သောက်ရင်း ရင်ဖွင့် စကားပြောဖြစ်ကြတော့ အချင်းချင်း အတော်လေး နားလည် သဘောပေါက်သွားကြပြီး ရောင်းရင်း ညီအစ်ကိုတွေလို ခင်မင်သွားကြပါတော့တယ်။
နောက်တစ်နေ့မှာတော့ Joan က ဆုံးဖြတ်ချက် ချပြီးပြီဆိုတာကြောင့် Larry ရော Luke ပါ ရင်တထိတ်ထိတ်နဲ့ ရောက်ရှိလာကြပါတယ်။ ဒါပေမဲ့ Joan က သူတို့နှစ်ယောက်လုံးထဲက ဘယ်သူ့ကိုမှ မရွေးချယ်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ယောက်ယောက်ကို ရွေးချယ်လိုက်ရင် ကျန်ခဲ့တဲ့ နောက်တစ်ယောက်အတွက် တစ်သက်လုံး ဝမ်းနည်းပြီး နောင်တရနေရမှာမို့ တစ်သက်လုံး ဝမ်းနည်းနေမယ့်အစား နောင်တမရတဲ့ လမ်းကို ရွေးချယ်ကာ တစ်ယောက်တည်းသာ ထာဝရကမ္ဘာတစ်ခုဆီ သွားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ နှစ်ယောက်လုံးကလည်း Joan ရဲ့ ဆုံးဖြတ်ချက်ကို လေးစားစွာ လက်ခံလိုက်ကြပါတယ်။
Joan ဟာ Karen နဲ့အတူ ထာဝရကမ္ဘာတစ်ခုဆီ ထွက်ခွာသွားဖို့ ပြင်ဆင်နေချိန်မှာ Larry နဲ့ Luke တို့ကတော့ အချင်းချင်း နှစ်သိမ့်ရင်း သူတို့ Joan ကို ဘာကြောင့် ချစ်ခဲ့ကြသလဲဆိုတဲ့ အကြောင်းတွေကို ပြန်လည် ပြောပြနေကြပါတယ်။ Larry က Joan နဲ့ စတင် တွေ့ဆုံခဲ့စဉ်က အကြောင်းကို ပြောပြရင်း ရုတ်တရက် အချက်တစ်ခုကို သတိပြုမိသွားတာကြောင့် Joan ဆီကို အပြေး လိုက်သွားပါတော့တယ်။
Joan နဲ့ စတင် တွေ့ဆုံချိန်ကနေ အသက် ၈၀ ကျော် သေဆုံးချိန်အထိ တစ်လျှောက်လုံး Joan ရဲ့ ဆံပင်တွေဟာ ဆံပင်တိုလေးတွေသာ ဖြစ်ခဲ့ပေမဲ့ လက်ရှိ တမလွန်မှာတော့ ဆံပင်အရှည်ကြီး ဖြစ်နေခဲ့တာပါ။ သေဆုံးသူတွေဟာ သူတို့ ဘဝမှာ အပျော်ရွှင်ဆုံး အချိန်ကာလက ပုံစံအတိုင်း ရုပ်သွင်ကို ပြန်လည် ရရှိကြတာမို့ Joan ရဲ့ အပျော်ရွှင်ဆုံး အချိန်ဟာ Larry နဲ့ မတွေ့ဆုံခင် Luke နဲ့ အတူရှိခဲ့စဉ်က ဖြစ်နေခဲ့တာပါ။
Joan ဟာ Luke နဲ့ ရှိစဉ်က အပျော်ရွှင်ဆုံး ဖြစ်ခဲ့မှန်း နားလည် သဘောပေါက်သွားတဲ့ Larry က Joan ကို Luke နဲ့အတူ လိုက်သွားဖို့ တိုက်တွန်းပါတော့တယ်။ “မင်းဟာ ငယ်ရွယ်တောက်ပတဲ့ အချစ်မျိုးနဲ့ ထိုက်တန်ပါတယ်” လို့ Larry က ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ ထာဝရဘဝမှာ အေးအေးချမ်းချမ်း နေနိုင်ဖို့ဆိုရင် Joan ပျော်ရွှင်နေမှသာ ဖြစ်မှာပါ။ Joan သာ သူ့အနားမှာ ရှိနေပေမဲ့ မပျော်ရွှင်ဘူးဆိုရင် သူလည်း ထာဝရ စိတ်ချမ်းသာမှုကို ရရှိမှာ မဟုတ်ပါဘူး။
ပထမဘဝ လူ့လောကတုန်းက ထာဝရ ခွဲခွာရတော့မယ်ဆိုတာကို ကြိုမသိခဲ့တာကြောင့် သေချာ နှုတ်ဆက်ခွင့် မရခဲ့ပေမဲ့၊ ဒီတစ်ကြိမ်မှာတော့ ထာဝရအတွက် သေသေချာချာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ နှုတ်ဆက်ခွင့် ရရှိခဲ့ကြပါတယ်။ Larry က သူ ချစ်ရတဲ့သူကို လက်လွှတ်ပေးလိုက်သလို၊ Joan ကလည်း Luke နဲ့အတူ လူ့လောကမှာ မပိုင်ဆိုင်ခဲ့ရတဲ့ ဘဝတစ်ခုကို ပြန်လည် ပိုင်ဆိုင်ခွင့် ရရှိသွားခဲ့ပါတယ်။ သူမ အသဘောကျဆုံး ဖြစ်တဲ့ တောင်ပေါ်ဒေသ ကမ္ဘာလေးမှာ ချစ်ရတဲ့ ခင်ပွန်း Luke နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ထာဝရ အတူတကွ ဖြတ်သန်းခွင့် ရရှိသွားခြင်းနဲ့ပဲ ဇာတ်လမ်းလေး ပျော်ရွှင်ဖွယ် ပြီးဆုံးသွားပါတော့တယ်။
သူမ အသဘောကျဆုံး တောင်ပေါ်ဒေသ ကမ္ဘာလေးမှာ ချစ်ရတဲ့ ယောကျ်ား Luke နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့်ရတာဟာ စိတ်ကူးယဉ် အိပ်မက်ဆန်တဲ့ ဇာတ်သိမ်းလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ မနက်ဆိုရင် Luke နဲ့အတူ လမ်းလျှောက်ထွက်ရင်း ဘာစိတ်ဖိစီးမှုမှ မရှိတဲ့ ပျော်စရာ ဘဝလေးကို ဖြတ်သန်းခဲ့ကြပါတယ်။ အပူအပင်မရှိ နေ့တိုင်း လုပ်ချင်ရာ လုပ်ခွင့်ရတဲ့ အချစ်ဦး သမီးရည်းစား ဘဝလေးက ပြည့်စုံလွန်းနေပေမဲ့လည်း Joan ဟာ Larry နဲ့အတူ အေးအတူပူအမျှ ဖြတ်သန်းခဲ့ရတဲ့ ဘဝအမှန်ကို လွမ်းဆွတ်နေမိပါတယ်။ Luke က နှင်းလျှောစီးဖို့ ခေါ်တာတောင် Joan မှာ စိတ်မပါနိုင်တော့ပါဘူး။
Larry နဲ့ သူမ စတင်တွေ့ဆုံခဲ့တဲ့ အချိန်ကစလို့ သားသမီးတွေ မွေးဖွားကြီးပြင်းလာချိန်နဲ့ နောက်ဆုံး သေဆုံးသွားခဲ့တဲ့ အချိန်အထိ မှတ်ဉာဏ်ပြခန်းထဲ ညတိုင်း သွားရောက် ကြည့်ရှုနေမိပါတယ်။ ပြခန်းမှူးကတောင် “ဒီနေရာကို ခဏခဏ လာရောက် ကြည့်ရှုနေတာ မကောင်းဘူး” လို့ သတိပေးရတဲ့အထိပါပဲ။ နောက်ဆုံးမှာတော့ Joan က Luke နဲ့ နေရတာ မပျော်ရွှင်တော့ဘဲ သူမ အမှားကြီးတစ်ခု လုပ်မိသွားပြီဆိုတာကို Luke ကို ဖွင့်ပြောလိုက်ပါတယ်။ Luke ဟာ ကြင်နာတတ်တယ်၊ ဉာဏ်ကောင်းတယ်၊ သတ္တိရှိပြီး အရာရာ ပြည့်စုံလွန်းတာကြောင့် ဘယ်သူမဆို ဖြတ်သန်းချင်တဲ့ ဘဝအတွက် အသင့်တော်ဆုံး လက်တွဲဖော်မျိုး ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ Luke နဲ့ သူမရဲ့ အချစ်ဆိုတာ အိမ်လခ၊ ရေဖိုးမီးဖိုး၊ ကလေးတွေရဲ့ ဝန်ထုပ်ဝန်ပိုး စတဲ့ ဘဝရဲ့ ရုန်းကန်ရမှု ဘာတစ်ခုမှ မရှိခဲ့တဲ့ လူငယ်အရွယ်တုန်းက ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းတဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့ကြတာပါ။ ဆုံးရှုံးမှုဆိုတာ ဘာမှန်းတောင် မသိရသေးတဲ့ အချိန်က အချစ်မျိုးဟာ လူတိုင်း လိုချင်တဲ့ အချစ်မျိုး ဖြစ်နိုင်ပေမဲ့၊ တကယ့် အချစ်စစ်ဆိုတာ ပျော်စရာ အခိုက်အတန့် တိုတိုလေးတွေနဲ့တင် ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး။ ကားထဲမှာ စကားများ ရန်ဖြစ်ခဲ့တာတွေ၊ လိုအပ်တဲ့အချိန်မှာ အပြန်အလှန် စိတ်ခွန်အား ပေးခဲ့ကြတာတွေ၊ တစ်ဖက်သားအတွက် အနစ်နာခံ ကြံ့ကြံ့ခံ ပေးခဲ့တာတွေ၊ အားနွဲ့ချိန်မှာ အကာအကွယ် ပေးခဲ့တာတွေ၊ အတူတူ ကြီးပြင်းလာရင်း တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးခဲ့ကြတဲ့ ဘဝရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း သန်းပေါင်းများစွာ စုပေါင်းထားတာကမှ စစ်မှန်တဲ့ အချစ်စစ် ဖြစ်ပါတယ်။ ဘဝဆိုတာ ပျော်စရာ အခိုက်အတန့် တိုတိုလေး မဟုတ်သလို ထာဝရဘဝဆိုတာ ပိုပြီးတော့တောင် နက်ရှိုင်းကျယ်ပြန့်ပါသေးတယ်။
အဲဒါကြောင့် Joan ဟာ Luke ကို ချစ်ခဲ့ဖူးပေမဲ့ သူမရဲ့ ဘဝတစ်ခုလုံးအတွက် စစ်မှန်တဲ့ ရွေးချယ်မှုက Larry သာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပြီး Larry ရဲ့ နောက်ကို ပြန်လိုက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Luke က အကြိမ်ကြိမ် အမျိုးမျိုး တားဆီးပေမဲ့ Joan ကလည်း “တောင်းပန်ပါတယ်” ဆိုတဲ့ စကားကိုသာ ထပ်တလဲလဲ ပြောနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Luke ကလည်း Joan ကို လက်လွှတ် ထွက်သွားခွင့် ပေးလိုက်ပါတော့တယ်။
ထာဝရကမ္ဘာထဲကနေ ထွက်ပြေးမယ်ဆိုရင် အစောင့်အရှောက်တွေက ဖမ်းဆီးပြီး ထာဝရ အမှောင်ထုသာရှိတဲ့ ဟာလာဟင်းလင်း ဗလာနယ်မြေထဲ နှင်ထုတ် ပို့ဆောင်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Joan က စွန့်စားဖို့ ဆုံးဖြတ်ထားပြီးဖြစ်တာကြောင့် Luke ကလည်း ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အစောင့်တွေဆီက သော့ကို ခိုးယူနိုင်ဖို့အတွက် Luke က ငိုယို ဟန်ဆောင်ရင်း အစောင့်တွေရဲ့ အာရုံကို လွှဲထားပေးခဲ့ပါတယ်။ Joan ဟာ မှတ်ဉာဏ်ပြခန်းထဲက သူမရဲ့ အတိတ်မှတ်ဉာဏ်တွေကို ပြန်လည်ဖျက်ဆီးပြီး ထာဝရကမ္ဘာရဲ့ ထွက်ပေါက် တံခါးဝအဆုံးအထိ ပြေးထွက်သွားခဲ့ပါတယ်။ အစောင့်တွေ အနောက်ကနေ လိုက်လာကြပေမဲ့ ကံကောင်းစွာနဲ့ပဲ လွတ်မြောက် ထွက်လာနိုင်ခဲ့ပါတယ်။
တမလွန်ဘူတာဆီ ပြန်ရောက်တဲ့အခါ ကံကောင်းစွာနဲ့ပဲ သူမရဲ့ AC Anna နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Anna က Joan ကို အစောင့်တွေ မတွေ့နိုင်အောင် ဘယ်သူမှ မသွားကြတော့တဲ့ ကမ္ဘာဟောင်းတစ်ခုထဲမှာ ဝှက်ထားဖို့ ပြင်ဆင်ပါတယ်။ ဒါပေမဲ့ Joan ကတော့ Larry ရှိတဲ့ ကမ္ဘာဆီကိုပဲ လိုက်သွားမှာဖြစ်လို့ Larry ဘယ်မှာရှိလဲလို့ မေးမြန်းပါတော့တယ်။
တကယ်တော့ Larry ဟာ ဘယ်ထာဝရကမ္ဘာဆီမှ မသွားရသေးဘဲ အရင်က Luke လုပ်ကိုင်ခဲ့တဲ့ ဘားမှာ ဘားတင်ဒါအဖြစ် အလုပ်လုပ်ရင်း ကျန်ရှိနေခဲ့တာပါ။ Joan သူ့ဆီ ပြန်ရောက်လာတဲ့အခါ Larry တစ်ယောက် အံ့အားသင့်သွားပေမဲ့ အရင်လို ပျာယာခတ်မနေတော့ဘဲ အရာအားလုံးကို သဘောပေါက် နားလည်လိုက်ပါတယ်။ ပြီးတော့ Joan နဲ့အတူ ဘယ်နေရာကိုပဲဖြစ်ဖြစ် အတူတူ သွားဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။ Larry လိုချင်ခဲ့တဲ့ ကမ်းခြေကမ္ဘာဟာလည်း မသေခင်က Joan ပြောခဲ့သလို သဲတွေထူပြီး လူတွေ ပြည့်ကျပ်နေတာသာ ဖြစ်ကြောင်း မြင်လာခဲ့သလို၊ Joan လိုချင်ခဲ့တဲ့ တောင်ပေါ်ကမ္ဘာဆိုတာလည်း Larry ပြောခဲ့သလို အေးစက်စက် နိုင်လွန်းနေခဲ့တာပါ။
မူလ ကမ္ဘာနှစ်ခုလုံးဆီ သွားချင်ရင်တောင် သွားလို့ မရတော့တာကြောင့် နှစ်ယောက်သား ဘယ်သူမှ ထပ်မသွားကြတော့လို့ ပိတ်ထားလိုက်ရတဲ့ ခေတ်ဟောင်း ကမ္ဘာတစ်ခုကို ရွေးချယ်လိုက်ကြပါတယ်။ အဲဒီကမ္ဘာလေးဟာ သူတို့ အသက်ရှင်စဉ်က အတူတူ နေထိုင်ခဲ့ကြတဲ့ မြို့လေးနဲ့တောင် ပုံစံချင်း ဆင်တူနေခဲ့ပါတယ်။ ဒါဟာ Joan နဲ့ Larry တို့အတွက် အပြည့်စုံဆုံး ထာဝရကမ္ဘာလေးတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။
ထာဝရကမ္ဘာ (Eternity) ဆိုတာ လှပတဲ့ နေရာဒေသတစ်ခုလို့ ထင်မှတ်စရာ ကောင်းပေမဲ့၊ တကယ်တမ်းမှာတော့ ကိုယ် ချစ်ရတဲ့သူနဲ့ အတူရှိနေရခြင်းဆိုတဲ့ “တစ်စုံတစ်ယောက်” သာ ဖြစ်နေတတ်ပါတော့တယ်။
Eternity (2026) ရုပ်ရှင်ဟာ လူသားတွေရဲ့ တမလွန်ဘဝ စိတ်ကူးယဉ်မှုကို အခြေခံပြီး စစ်မှန်တဲ့ အချစ်နှင့် ဘဝလက်တွဲဖော်ရဲ့ အဓိပ္ပာယ်ကို အလွန်နက်ရှိုင်းစွာ မေးခွန်းထုတ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အစပိုင်းမှာ Joan အနေနဲ့ ငယ်စဉ်က မပြည့်စုံခဲ့တဲ့ အချစ်ဦး Luke ရဲ့ နုပျိုတောက်ပမှုနဲ့ ရင်ခုန်သံတွေကို တောင့်တခဲ့မိတာဟာ လူ့သဘာဝအရ နားလည်ပေးနိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ လူသားတိုင်းဟာ မပိုင်ဆိုင်ခဲ့ရတဲ့ အတိတ်က စိတ်ကူးယဉ် အချစ်တွေကို ပြီးပြည့်စုံတဲ့ အရာအဖြစ် မှတ်ယူတတ်ကြပေမဲ့၊ အမှန်တကယ် လက်တွေ့ဘဝမှာတော့ တာဝန်ဝတ္တရားတွေ၊ အခက်အခဲတွေနဲ့ ရုန်းကန်မှုတွေ မပါဝင်တဲ့ အချစ်ဟာ အပေါ်ယံ ပျော်ရွှင်မှု အခိုက်အတန့်လေးသာ ဖြစ်နေတတ်ပါတယ်။
ဒီဇာတ်ကားက ပေးချင်တဲ့ အဓိက သတင်းစကားကတော့ “အချစ်စစ်ဆိုတာ အပြစ်အနာအဆာ ကင်းစင်နေတဲ့ စိတ်ကူးယဉ် အခြေအနေတစ်ခု မဟုတ်ဘဲ၊ ဘဝရဲ့ အတက်အကျ အနိမ့်အမြင့်တွေကို အတူတူ လက်တွဲ ရင်ဆိုင်ရင်း တည်ဆောက်ခဲ့ရတဲ့ သံယောဇဉ်သာ ဖြစ်တယ်” ဆိုတဲ့ အချက်ပါပဲ။ Joan ဟာ အရာရာ ပြည့်စုံတဲ့ Luke ရဲ့ ကမ္ဘာထဲ ရောက်သွားချိန်ကျမှ Larry နဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ အိမ်ထောင်ရေးရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတွေ၊ ရန်ဖြစ်ခဲ့ရတဲ့ အချိန်တွေနဲ့ အပြန်အလှန် ဖေးမခဲ့ရတဲ့ အခိုက်အတန့်တွေဟာ ဘယ်အရာနဲ့မှ အစားထိုးလို့မရတဲ့ စစ်မှန်သော ဘဝအနှစ်သာရတွေ ဖြစ်နေမှန်း သဘောပေါက်သွားခဲ့ပါတယ်။
အဆုံးသတ်မှာတော့ ထာဝရဘဝ (Eternity) ဆိုတာ လှပတဲ့ ကမ်းခြေ ဒါမှမဟုတ် သာယာတဲ့ တောင်တန်းဒေသလိုမျိုး “နေရာဒေသ” တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု အားလုံးကို အတူတကွ မျှဝေခံစားပေးနိုင်တဲ့ “ချစ်ရသူ ဘဝလက်တွဲဖော်” သာလျှင် စစ်မှန်တဲ့ ထာဝရဘဝ ဖြစ်တယ်ဆိုတာကို ရင်ထဲထိရှဖွယ် ဖော်ကျူးသွားခဲ့ပါတယ်။