Search Data Lam Hnyin Articles

မျက်နှာဖုံးနောက်ကွယ်က ကိုယ်ပိုင်ဟီးရိုးနဲ့ မတူကွဲပြားတဲ့ စကြဝဠာများ (Spider-Man: Into the Spider-Verse 2018)

ချစ်ရတဲ့သူတွေကို ဆုံးရှုံးရတဲ့ နာကျင်မှုတွေကို ကျော်လွှားပြီး မိမိကိုယ်ကို အပြည့်အဝ ယုံကြည်မှုနဲ့အတူ စစ်မှန်တဲ့ Spider-Man တစ်ယောက် ဖြစ်လာခဲ့တဲ့ Miles Morales ရဲ့ ရင့်ကျက်မှုခရီးစဉ်။

Share

Spider-Man ဆိုတာနဲ့ ဘာကောင်လဲဆိုတာ ကလေးကအစ အကုန်လုံး သိကြပါတယ်။ ဓာတ်ရောင်ခြည်သင့်နေတဲ့ ပင့်ကူတစ်ကောင်ရဲ့ ကိုက်တာကို ခံလိုက်ရပြီးတဲ့နောက်မှာ ပင့်ကူအစွမ်းတွေ ရရှိခဲ့တာဖြစ်လို့ သူဟာ New York မြို့ကြီးကို ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ ဒီကြားထဲမှာလည်း ချစ်ရတဲ့သူတစ်ယောက် ရသွားခဲ့သလို၊ အဲဒီနောက်မှာလည်း မြို့ကို ကယ်တင်တဲ့ စူပါဟီးရိုး အလုပ်တွေကို နည်းမျိုးစုံနဲ့ အမြဲတမ်း ဆက်လက် လုပ်ဆောင်နေခဲ့ပါတယ်။ ဒီအတွက်ကြောင့် ရန်သူပေါင်းစုံဆီကနေ ပုံစံမျိုးစုံနဲ့ အထိုးခံ၊ အရိုက်ခံရတဲ့ အခါတွေ ရှိခဲ့ပြီး အချိန်တိုင်းမှာလည်း ပြန်ပြန်ထလာလေ့ ရှိပါတယ်။ ဘယ်လောက်ပဲ စိတ်ပျက်စရာ ကောင်းနေပါစေ အခုလို Spider-Man ဖြစ်နေရတာကို Peter Parker က ပျော်ရွှင်နေဆဲပါပဲ။

မြို့ရဲ့ တစ်နေရာမှာတော့ Miles Morales လို့ခေါ်တဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် ရှိနေပါတယ်။ Brooklyn မှာရှိတဲ့ ကျောင်းအသစ်ကို ပြောင်းလာတဲ့ ပထမဆုံးနေ့ ဖြစ်တာကြောင့် နောက်မကျစေဖို့အတွက် အမြန်ဆုံး သွားနေရပေမဲ့ ရဲတစ်ယောက်ဖြစ်တဲ့ အဖေက ရဲကားနဲ့ လိုက်ပို့ပေးတာကြောင့် မလိုက်ချင်ဘဲ လိုက်သွားခဲ့ရပြီး လမ်းမှာ သားအဖနှစ်ယောက် စကားတွေ များခဲ့ကြပါတယ်။ ဉာဏ်ကောင်းတဲ့ Miles က အဆင့်မြင့်ကျောင်းတစ်ခုကို ဝင်ခွင့်ရသွားခဲ့ပေမဲ့ သားအဖနှစ်ယောက်ကြားမှာတော့ အဆင်မပြေတဲ့ ဆက်ဆံရေးတစ်ခု ရှိနေပါတယ်။ ရဲတစ်ယောက်ဖြစ်တဲ့ Miles ရဲ့ အဖေ Jefferson Davis က မြို့ကို သူ့နည်းသူ့ဟန်နဲ့ ကယ်တင်ပေးနေတဲ့ Spider-Man ကို ကြည့်မရဖြစ်နေပြီး ဒီအတွက်ကြောင့်လည်း သားအဖနှစ်ယောက် စကားများရလေ့ ရှိပါတယ်။ အမြဲတမ်းလိုလို ကြားထဲကနေ သူ့ရဲ့ညီဖြစ်သူ (Miles ရဲ့ ဦးလေး) Aaron Davis အကြောင်း ပါလာလေ့ရှိပြီး၊ ဖြစ်ချင်တော့ အဖေ့ထက် ဦးလေးကို Miles က ပိုပြီး သဘောကျနေတာကြောင့် အခြေအနေတွေက ပိုပြီး တင်းမာလာရပါတယ်။

ကျောင်းကို ရောက်တော့လည်း Miles က စာတော်တဲ့သူ ဖြစ်ပေမဲ့ ဒီကျောင်းမှာ မနေချင်တာကြောင့် ကျောင်းထုတ်ခံရဖို့ အမြဲတမ်း ကြိုးစားနေခဲ့ပါတယ်။ စာမေးပွဲတိုင်းမှာ အမှတ် သုည ရအောင် ဖြေဆိုပေမဲ့ မျက်စိမှိတ်ပြီး ဖြေရင်တောင် အနည်းဆုံး အမှတ် ၅၀ လောက် ရနိုင်တဲ့ Multiple-choice မေးခွန်းတွေမှာ အကုန်လုံးကို သုညရအောင် တမင် အမှားတွေချည်း ရွေးဖြေထားတာကို ဆရာမက သိသွားခဲ့ပါတယ်။ ဆရာမက အကုန်လုံး အဖြေမှန်ကို သိနေလို့သာ ဒီလို တမင် အမှားတွေချည်း ရွေးဖြေနိုင်တာဖြစ်ကြောင်း သတ်မှတ်လိုက်ပြီး အမှတ်အပြည့် ပေးလိုက်တာကြောင့် Miles တစ်ယောက် စိတ်ပျက်သွားရပါတယ်။ ကျောင်းဆင်းတော့လည်း အဆောင်မှာပဲ နေရတာမို့ မွန်းကျပ်လာတဲ့ Miles ဟာ အပြင်ကို ထွက်ကာ ဦးလေး Aaron နဲ့ သွားတွေ့ပါတယ်။

ဦးလေး Aaron က သူ့တူလေး အရမ်း ပင်ပန်းနေမှန်း သိတာကြောင့် ကျောင်းကိစ္စတွေကို မပြောဘဲ ထားလိုက်ပြီး အတန်းထဲက ကောင်မလေးတွေအကြောင်း စကားစမြည် ပြောဖြစ်ကြပါတယ်။ အဲဒီအခါ မနက်ကမှ အတန်းထဲမှာ တွေ့ခဲ့တဲ့ Gwen လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်အကြောင်း စဉ်းစားမိသွားပြီး မိန်းကလေးတွေကို ဘယ်လိုမျိုး ချဉ်းကပ်ရမလဲဆိုတာ မေးကြည့်လိုက်ပါတယ်။ ဦးလေးကလည်း ပခုံးကို လက်တင်ပြီး ဘယ်လိုမျိုး ချဉ်းကပ်ရမလဲဆိုတဲ့ အကွက်မျိုးစုံကို သင်ပေးလိုက်ပါတယ်။

စိတ်မွန်းကျပ်မှုတွေ ပြေပျောက်သွားအောင် ဦးလေး Aaron နဲ့ Miles ရဲ့ အဖေတို့ ငယ်စဉ်က လုပ်ခဲ့ဖူးတဲ့ အရာတစ်ခုကို အတူတူ သွားလုပ်ဖို့အတွက် မြေအောက်ရထားလမ်းဟောင်းဆီ ခေါ်သွားပေးပါတယ်။ အဲဒါကတော့ သီချင်းဖွင့်ကာ နံရံပေါ်မှာ စိတ်ကြိုက် Graffiti ပန်းချီတွေ ဆွဲတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံး မြေအောက်နံရံတစ်ခုပေါ်မှာ အကောင်းဆုံး ပုံတွေကို ဆွဲကြရင်း၊ ဦးလေး Aaron က Miles ရဲ့ အဖေဟာလည်း အရင်တုန်းက ဒီလို ပန်းချီဆွဲတာ အရမ်းတော်ခဲ့တဲ့အကြောင်း၊ ရဲဘဝကို ရောက်သွားမှ ဒါတွေ အကုန်လုံးကို စွန့်လွှတ်သွားခဲ့တာဖြစ်လို့ အဖေ့ကို မမုန်းဖို့ ရှင်းပြနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူတို့ရှိရာဆီ ဓာတ်ရောင်ခြည်သင့်နေတဲ့ ပင့်ကူတစ်ကောင် ရောက်လာပြီး ပန်းချီဆွဲနေတဲ့ Miles ရဲ့ လက်ကို ကိုက်လိုက်ပါတယ်။ အဲဒါကို သိလိုက်ပေမဲ့ သာမန်ပင့်ကူတစ်ကောင်လိုပဲ ထင်တာကြောင့် ဒီအတိုင်းပဲ ရိုက်သတ်ပစ်လိုက်ပြီး အိမ်ပြန်သွားခဲ့ပါတယ်။

နောက်တစ်နေ့ ရောက်တာနဲ့ သူ့ရဲ့ ခန္ဓာကိုယ်မှာ ထူးဆန်းတာတွေ စတင် ဖြစ်ပေါ်လာပါတော့တယ်။ ဝတ်နေကျ ဘောင်းဘီတွေ ကျပ်လာတာ၊ ကျောင်းရောက်တော့လည်း တခြားသူတွေ တီးတိုးပြောနေတဲ့ စကားတွေကို နားထဲမှာ အကျယ်ကြီး ကြားနေရတာ၊ ချွေးတွေ အများကြီး ထွက်လာတာတွေအပြင် ပိုဆိုးတာက Gwen နဲ့ တွေ့တဲ့အခါ မနေ့က ဦးလေး သင်ပေးလိုက်တဲ့ Shoulder touch အကွက်ကို စတင် သုံးကြည့်လိုက်ပေမဲ့ လက်က Gwen ရဲ့ ပခုံးမှာ ကပ်သွားပြီး ဆံပင်မှာပါ ခွာလို့မရအောင် ကပ်ပါသွားတာပါပဲ။ ဒီကိစ္စကြောင့် Gwen ရဲ့ ဆံပင်ကိုပါ ညှပ်ပစ်လိုက်ရတာမို့ တစ်ကျောင်းလုံးရဲ့ အရှေ့မှာပဲ လူကြောင်တစ်ယောက်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

သူများတွေ ရယ်မောနေတဲ့ အသံတိုးတိုးလေးတွေကိုပါ ကြားနေရတာကြောင့် အခန်းတစ်ခုထဲကို အမြန်ဆုံး ဝင်ပုန်းလိုက်ပေမဲ့ အဲဒါက လုံခြုံရေးခေါင်းဆောင်ရဲ့ အခန်း ဖြစ်နေပါတယ်။ အဲဒီအခန်းထဲကနေ ထွက်ပြေးဖို့ ကြိုးစားလိုက်တဲ့အခါ ထိန်းမနိုင်သိမ်းမရ ကပ်နေတဲ့ ခြေတွေ လက်တွေကြောင့် နံရံအပြင်ဘက်ကနေ အခန်းကို ပတ်ပြီး ပြေးလွှားနေရပါတော့တယ်။ အဲဒီမြင်ကွင်းကို ဆံပင် အညှပ်ခံလိုက်ရတဲ့ Gwen က မြင်သွားခဲ့ပါတယ်။

အခန်းထဲ ပြန်ရောက်သွားတော့ သူ ဘာတွေ ဖြစ်နေတာလဲဆိုပြီး တွေးနေတဲ့အချိန် Spider-Man ရဲ့ Comic စာအုပ်က မျက်နှာပေါ်ကို ကျလာတာကြောင့် သူ့မှာ Peter Parker လိုမျိုး ပင့်ကူအစွမ်းတွေ ရှိလာပြီဆိုတဲ့ အချက်ကို ရိပ်မိသွားပါတယ်။ လူပျိုဖော်ဝင်စ အရွယ်ဖြစ်တာကြောင့် သာမန် ခန္ဓာကိုယ် အပြောင်းအလဲလိုပဲ မှတ်ယူဖို့ ကြိုးစားပေမဲ့ ဒီကိစ္စကို သူ တစ်ယောက်တည်း မကိုင်တွယ်နိုင်ဘူးဆိုတာ သိသွားတဲ့အခါ ဦးလေး Aaron ဆီ ဖုန်းဆက်ပြီး အကူအညီတောင်းဖို့ လုပ်ပါတယ်။ ဒါပေမဲ့ ဖုန်းမကိုင်တာကြောင့် ဟိုတစ်နေ့က သူတို့ သွားခဲ့တဲ့ မြေအောက်နေရာဟောင်းဆီ ပြန်သွားကြည့်လိုက်ပါတယ်။ သူ့လက်ကို ကိုက်သွားတဲ့ ပင့်ကူသေကို ပြန်ရှာတွေ့ပြီး သာမန်ပင့်ကူပဲ ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပေမဲ့ ထင်ထားသလို မဟုတ်ဘဲ အရောင်တွေ တလက်လက် ထွက်နေတဲ့ ပင့်ကူမှာ ထူးဆန်းတဲ့ အစွမ်းတွေ ရှိနေမှန်း သိသွားရပါတယ်။

အံ့ဩလွန်းလို့ စိတ်တွေ ကစဉ့်ကလျား ဖြစ်လာပြီး ဘာလုပ်ရမှန်းမသိ စဉ်းစားနေတဲ့အချိန် သူ ရောက်နေတဲ့ မြေအောက်နေရာက တုန်ခါပျက်စီးလာပါတော့တယ်။ အပျက်အစီးတွေကြားကနေ လှမ်းကြည့်လိုက်တော့ Spider-Man နဲ့ Green Goblin တို့ တိုက်ခိုက်နေကြတာကို တွေ့လိုက်ရပါတယ်။ ကြားထဲ ရောက်နေတဲ့ Miles ကလည်း တိုက်ခိုက်မှုတွေကြောင့် တစ်နေရာဆီ လွင့်စင်သွားပြီး၊ အဲဒီနေရာကနေတစ်ဆင့် မြေအောက်မှာရှိတဲ့ တခြား Universe တွေကို ဖွင့်ပေးမယ့် Super-Collider စက်ကြီး ရှိနေတာကို တွေ့လိုက်ရပါတယ်။

အဲဒီအချိန်မှာပဲ အန္တရာယ်ကြုံနေရတဲ့ Miles ကို မြင်သွားတဲ့ Peter Parker က ရောက်လာပြီး ကယ်တင်ပေးလိုက်ပါတယ်။ အဲဒီအခိုက်အတန့်မှာပဲ Peter ရဲ့ Spider-Sense ကနေတစ်ဆင့် Miles ဟာလည်း သူ့လိုပဲ ပင့်ကူအစွမ်းတွေ ရှိနေတဲ့သူတစ်ယောက် ဖြစ်ကြောင်း သတိထားမိသွားပါတယ်။ ဒါပေမဲ့ Miles ဟာ အထက်တန်းကျောင်းသား အရွယ်ပဲ ရှိသေးတာကြောင့် ဒီအပြောင်းအလဲတွေကို လက်ခံဖို့အတွက် အခုအချိန်မှာ စိတ်ရှုပ်ထွေးနေလိမ့်မယ်ဆိုတာကို Peter Parker က နားလည်ပေးခဲ့ပါတယ်။

ပြီးတော့ ပင့်ကူကြိုးပစ်တာကအစ ဒီစွမ်းအားတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ပေးမယ်လို့ Peter Parker က ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ တိုက်ပွဲပြင်းထန်နေတာကြောင့် အားလုံးပြီးသွားတဲ့အထိ ဒီနေရာမှာပဲ ငြိမ်ငြိမ်လေး စောင့်နေဖို့ တောင်းဆိုခဲ့တာမို့ Miles ကလည်း သဘောတူလိုက်ပါတယ်။

အဲဒီနောက် Peter Parker ဟာ Super-Collider စက်ကြီးကို ပိတ်ပစ်ဖို့အတွက် ထိန်းချုပ်ရေးစနစ်ထဲ Override Key လို့ခေါ်တဲ့ USB Drive (Goober) လေးကို ထိုးထည့်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ့နောက်ကနေ Prowler နဲ့ Green Goblin တို့ ရောက်လာပြီး တိုက်ခိုက်ကြတာကြောင့် စက်ကို အရင်မပိတ်နိုင်ဘဲ ပြန်လည်ခုခံရပါတော့တယ်။ ရန်သူနှစ်ယောက် ဖြစ်နေတာကြောင့် နောက်ဆုံးမှာတော့ Peter Parker တစ်ယောက် အဖမ်းချုပ်ခံလိုက်ရပါတယ်။

အမှန်တော့ ဒီ Super-Collider ကြီးကို ဖွင့်လှစ်ဖို့ ကြိုးကိုင်နေတဲ့သူက Kingpin ပဲ ဖြစ်ပါတယ်။ သူဟာ ယာဉ်မတော်တဆမှုကြောင့် ဆုံးရှုံးလိုက်ရတဲ့ ဇနီးနဲ့ သားဖြစ်သူတို့နေရာမှာ တခြား Universe က သူ့ရဲ့ မိသားစုကို အစားထိုး ပြန်ခေါ်ယူဖို့အတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ စက်ကြီး စတင်လည်ပတ်သွားတဲ့အခါ အတိုင်းအတာမဲ့ စွမ်းအင်တန်းတွေ ထွက်ပေါ်လာပြီး Peter Parker က အဲဒီစွမ်းအင်တန်းတွေကို ဝင်ရောက်တားဆီးဖို့ ကြိုးစားပါတယ်။ ဒါကို ဒေါသထွက်သွားတဲ့ Green Goblin က Peter Parker ကို အဲဒီ စွမ်းအင်ရောင်ခြည်တန်းတွေဆီ အတင်းတွန်းပို့လိုက်တာကြောင့် Super-Collider စက်ကြီးဟာ ကမောက်ကမဖြစ်ပြီး ပြင်းထန်စွာ ပေါက်ကွဲသွားပါတော့တယ်။ တစ်မြို့လုံးမှာလည်း လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်သွားပြီး စက်ကြီးလည်း ခေတ္တရပ်တန့်သွားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ Peter Parker ဟာ အပျက်အစီးတွေကြား လဲကျနေတာကို တွေ့ရတာကြောင့် Miles က ပြေးသွားပြီး ကူညီဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ Peter Parker က သူ့ကို ကယ်တင်ဖို့ထက် စက်ကြီးကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်မယ့် USB Drive လေးကို Miles လက်ထဲ ထည့်ပေးခဲ့ပါတယ်။ ပြီးတော့ ဒီအလုပ်ကို လုပ်ဆောင်နေစဉ်အတွင်း မိသားစုနဲ့ သူငယ်ချင်းတွေ အန္တရာယ်မကျရောက်စေဖို့ မျက်နှာဖုံးကို အမြဲတပ်ထားရန် သတိပေးခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ အနားကို Kingpin တို့ ရောက်လာတာကြောင့် Miles ဟာ အဝေးတစ်နေရာမှာ ပုန်းအောင်း ကြည့်ရှုနေခဲ့ပါတယ်။ ဒဏ်ရာရနေတဲ့ Peter Parker ကို Kingpin က မျက်နှာဖုံး ချွတ်လိုက်တဲ့အခါ သူ့ရဲ့ အကြံအစည်တွေ အလုပ်ဖြစ်မှာ မဟုတ်ကြောင်း Peter Parker က ပြောလိုက်ပါတယ်။ ဒေါသအမျက်ချောင်းချောင်းထွက်သွားတဲ့ Kingpin ဟာ သူ့ရဲ့ လက်သီးပြင်းပြင်းနဲ့ Peter Parker ကို ရိုက်သတ်ပစ်လိုက်ပါတော့တယ်။ ဒါကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ Miles ဟာ ကြောက်လန့်တကြား ထွက်ပြေးပါတော့တယ်။ ဒါကို သတိထားမိသွားတဲ့ Prowler ကလည်း Miles ရဲ့ နောက်ကို မရပ်မနား လိုက်လံဖမ်းဆီးပါတော့တယ်။

ဘဝမှာ ပထမဆုံးအကြိမ် သေဘေးနဲ့ ကြုံတွေ့လိုက်ရတဲ့ Miles ဟာ အသက်လုပြီး ပြေးလွှားရင်း ကံကောင်းစွာနဲ့ လမ်းမတွေပေါ်မှာ မျက်ခြေဖြတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဆောင်ကို မပြန်တော့ဘဲ သူ့မိဘတွေရဲ့ အိမ်ဆီကို အပြေးရောက်သွားခဲ့ပါတယ်။ အခန်းထဲက ဆူညံသံတွေကြောင့် မိဘနှစ်ပါးစလုံး ရောက်လာပြီး ကြည့်တဲ့အခါ တစ်စုံတစ်ခုကြောင့် စိတ်ဒဏ်ရာရနေတဲ့ သားဖြစ်သူကို တွေ့သွားပါတယ်။ ခါတိုင်းဆို အဖေက ဆူပူငေါက်ငမ်းတတ်ပေမဲ့ သားဖြစ်သူ ပင်ပန်းနွမ်းနယ်နေတာကို မြင်တော့ အမေကပဲ နှစ်သိမ့်စကား ပြောပေးခဲ့ပါတယ်။ ခုနက ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေကြောင့် “ဒီမြို့ကနေ တခြားနေရာကို ပြောင်းရွှေ့ကြရင် ကောင်းမလား” လို့ Miles က မေးကြည့်တဲ့အခါ အမေဖြစ်သူက “တို့မိသားစုက ဘယ်ပြဿနာကိုမှ ထွက်မပြေးဘူး” လို့ ပြောလိုက်တာကြောင့် စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ ဒါပေမဲ့ ညတွင်းချင်းမှာပဲ New York မြို့ရဲ့ စူပါဟီးရိုး Spider-Man သေဆုံးသွားပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့အခါ Miles တစ်ယောက် အပြစ်ရှိသလို ခံစားလိုက်ရပါတော့တယ်။

နောက်တစ်နေ့မှာတော့ စျေးဆိုင်တစ်ခုကနေ Spider-Man ဝတ်စုံတစ်ထည်ကို ဝယ်ယူခဲ့ပြီး တစ်မြို့လုံး စုဝေးကျင်းပနေတဲ့ Peter Parker ရဲ့ ဈာပနအခမ်းအနားဆီ သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ Mary Jane ရဲ့ “မျက်နှာဖုံးနောက်ကွယ်မှာ ဘယ်သူမဆို စူပါဟီးရိုးတစ်ယောက် ဖြစ်လာနိုင်ပါတယ်” ဆိုတဲ့ အားပေးစကားကြောင့် Miles ဟာ စိတ်ခွန်အားတွေ ရရှိသွားခဲ့ပါတယ်။ ဒါနဲ့ပဲ မြို့မှာ လိုအပ်နေတဲ့ Spider-Man နေရာကို အစားထိုး တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ပြီး၊ Spider-Man ရဲ့ Comic စာအုပ်တွေကို လိုက်ဝယ်ကာ စာအုပ်ထဲက လေ့ကျင့်ခန်းအတိုင်း စတင် လေ့ကျင့်ပါတော့တယ်။

ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ဖို့အတွက် အထပ်မြင့်တိုက်ပေါ်ကနေ စတင် ခုန်ချဖို့ ပြင်ဆင်ပေမဲ့ အမြင့်ကြောက်တာကြောင့် အနိမ့်ပိုင်းတိုက်ဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။ ကံဆိုးစွာနဲ့ပဲ ခြေချော်ပြုတ်ကျသွားပြီး ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ USB Drive လေး ကျိုးပဲ့ ပျက်စီးသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူဟာ Spider-Man တစ်ယောက် မဖြစ်သင့်ဘူးလို့ ခံစားသွားရပြီး၊ အဲဒီညမှာပဲ Peter Parker ရဲ့ ဂူဗိမာန်ဆီ သွားရောက်ကာ ကတိအတိုင်း စက်ကို မပိတ်နိုင်တော့တဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်နေခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ အနောက်ကနေ ရုတ်တရက် ရောက်လာပြီး ပခုံးကို လှမ်းကိုင်လိုက်တဲ့ လူတစ်ယောက်ကြောင့် ကြောက်လန့်သွားတဲ့ Miles ရဲ့ လက်ထဲကနေ Venom Strike လျှပ်စစ်စွမ်းအင်တွေ ထွက်ပေါ်သွားပြီး အဲဒီလူကို ထိမှန်ကာ လဲကျသွားစေခဲ့ပါတယ်။ အဲဒီလူရဲ့ လက်ကနေ ပင့်ကူမျှင်တွေ ထွက်လာပြီး Miles ကို လှမ်းဆွဲလိုက်တာကြောင့် နှစ်ယောက်စလုံး လဲကျသွားကြပါတယ်။ သေချာ ပြန်ကြည့်လိုက်တဲ့အခါ သူ့ကို ဆွဲခေါ်လိုက်တဲ့သူဟာ ဆံပင်နက်နက်၊ အဆီတဝင်းဝင်း ခန္ဓာကိုယ်နဲ့ နောက်ထပ် Peter B. Parker ဆိုတဲ့ လူတစ်ယောက် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

တကယ်တော့ သူဟာလည်း တခြား Universe ကနေ ရောက်လာတဲ့ Spider-Man တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ကမ္ဘာမှာတော့ ၁၅ နှစ်ကျော်ကြာ စူပါဟီးရိုးအဖြစ် ဖြတ်သန်းခဲ့ရတာကြောင့် စိတ်ကုန်နွမ်းနယ်နေပြီး Aunt May ကို ဆုံးရှုံးလိုက်ရခြင်း၊ Mary Jane နဲ့ ကွာရှင်းလိုက်ရခြင်းတို့ကြောင့် စိတ်ဓာတ်ကျကာ ဘဝကို ပစ်စလက်ခတ် ဖြတ်သန်းနေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အခန်းမျက်နှာကြက်မှာ ပေါ်လာတဲ့ Portal ထဲ ဆွဲသွင်းခံလိုက်ရပြီး Miles တို့ရဲ့ ကမ္ဘာဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ တစ်မြို့လုံး မီးပျက်သွားတဲ့ညက ဒီကမ္ဘာကို သူ စတင်ရောက်ရှိခဲ့တဲ့ည ဖြစ်ပြီး၊ ဒီကမ္ဘာက Peter Parker သေဆုံးသွားပြီဆိုတဲ့ သတင်းကို မြင်တွေ့ခဲ့ရသလို၊ ဒီကမ္ဘာက Peter Parker ဟာ အရာအားလုံး ပြည့်စုံပျော်ရွှင်ခဲ့တဲ့သူတစ်ယောက် ဖြစ်မှန်းလည်း သိရှိခဲ့ရပါတယ်။

လက်ရှိမှာတော့ Miles ရဲ့ လျှပ်စစ်စွမ်းအားကြောင့် Peter B. Parker သတိမေ့မြောနေပြီး၊ ရဲတွေကလည်း Spider-Man ဝတ်စုံနဲ့ လူတစ်ယောက်ရဲ့ အလောင်းကို မြေမြှုပ်ဖို့ ကြိုးစားနေတယ်လို့ အထင်လွဲကာ လိုက်လံဖမ်းဆီးပါတော့တယ်။ Miles လည်း ထွက်ပြေးရင်း သူ့လက်ထဲက Web-shooter ကို သုံးပြီး အနားက မြေအောက်ရထားတစ်စင်းဆီ လှမ်းပစ်လိုက်တာကြောင့် နှစ်ယောက်စလုံး ရထားနောက်ကနေ တွဲလောင်းကြီး ပါသွားခဲ့ပါတယ်။ လုံခြုံတဲ့ နေရာတစ်ခုကို ရောက်သွားတဲ့အခါ သတိလစ်နေတဲ့ Peter B. Parker ကို Miles က ကြိုးတုပ်ထားပြီး စစ်ဆေးမေးမြန်းပါတော့တယ်။

သူဟာ တခြား Universe က လာတာမှန်း သိလိုက်ရပေမဲ့ Peter B. Parker က သူ့ကို ချည်ထားတဲ့ ကြိုးတွေကို အလွယ်တကူ ဖြေလျှော့လိုက်ပြီး ထွက်ပြေးဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ အခြား Universe က လာတာဖြစ်လို့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ Glitch ဖြစ်ပြီး ဆဲလ်တွေ ပြိုကွဲမလို ဖြစ်လာတာကြောင့် ရှေ့ဆက် မသွားနိုင်တော့ပါဘူး။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် Miles က Kingpin ရဲ့ အကြံအစည်တွေကို ရှင်းပြပြီး Super-Collider စက်ကြီးကို ပိတ်ပစ်နိုင်မှသာ Peter B. Parker လည်း သူ့ကမ္ဘာသူ ဘေးကင်းစွာ ပြန်နိုင်မှာ ဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။

ကလေးတစ်ယောက်ကို ပညာသင်ပေးရမယ့် ဆရာ မလုပ်ချင်တဲ့ Peter B. Parker က စက်ကို သူတစ်ယောက်တည်း ပိတ်မယ်ဆိုပြီး USB Drive ကို တောင်းပေမဲ့ ကျိုးပဲ့ပျက်စီးနေတာကို တွေ့သွားရပါတယ်။ ဒါကြောင့် နောက်ထပ် Data အသစ် သွားယူဖို့ ဖြစ်လာခဲ့ပါတယ်။ ကံကောင်းစွာနဲ့ စက်ကို ပိတ်ပစ်နိုင်မယ့် Data တွေ ဘယ်မှာရှိလဲဆိုတာကို Peter B. Parker က သိနေတာကြောင့် Miles ရဲ့ အတင်းအကျပ် တောင်းဆိုမှုနဲ့အတူ နှစ်ယောက်သား Kingpin ရဲ့ Alchemax ဓာတ်ခွဲခန်းဆီ အတူတူ သွားရောက်ဖို့ သဘောတူလိုက်ရပါတယ်။

အဲဒီနောက် Alchemax ကုမ္ပဏီဆီ ရောက်သွားကြပြီး Data တွေကို USB အသစ်တစ်ခုထဲ ကူးယူဖို့ ပြင်ဆင်ကြပါတယ်။ အန္တရာယ်များတာကြောင့် Peter B. Parker က အထဲကို တစ်ယောက်တည်း ဝင်သွားပြီး Miles ကိုတော့ အပြင်မှာ တိတ်တဆိတ် စောင့်ဆိုင်းနေဖို့ မှာကြားခဲ့ပါတယ်။

Peter B. Parker အထဲ ဝင်သွားပြီး မကြာခင်မှာပဲ Kingpin နဲ့ သိပ္ပံပညာရှင် Doc Ock (Olivia Octavius) တို့ ရောက်လာတာကြောင့် ဒီအကြောင်းကို သတိပေးဖို့ Miles က ခိုးကြောင်ခိုးဝှက် လိုက်ဝင်သွားခဲ့ပါတယ်။ အဲဒီမှာ Super-Collider စက်ကြီးကြောင့် တခြား Universe က အဆောက်အအုံတွေ ခဏတာ ပေါ်လာတာကို တွေ့ရပြီး Kingpin ဖြစ်စေချင်တဲ့ အစီအစဉ်တွေ အောင်မြင်တော့မယ်ဆိုတဲ့ အကြောင်းကို ကြားလိုက်ရပါတယ်။

သူတို့ ထွက်သွားတာနဲ့ လေဝင်ပေါက်ကနေ ခိုးကြည့်နေတဲ့ Peter B. Parker တို့ နှစ်ယောက် ဆင်းလာပြီး ကွန်ပျူတာထဲက Data တွေကို ကူးယူဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ စိတ်လှုပ်ရှားနေတဲ့ Miles ရဲ့ လက်တွေက ကွန်ပျူတာခလုတ်တွေမှာ ထပ်မံ ကပ်ပါသွားတာကြောင့် Peter B. Parker က စိတ်လျှော့ခိုင်းရပါတယ်။ Miles လည်း စိတ်ငြိမ်သွားအောင် သီချင်းကို အသံတိုးတိုးလေး ညည်းဆိုနေခဲ့ပါတယ်။ လက်တွေ ပြန်ကွာသွားပေမဲ့ ပစ္စည်းတစ်ခု ပြုတ်ကျသွားတဲ့ အသံကြောင့် Doc Ock တစ်ယောက် အခန်းထဲကို ပြန်လည် ဝင်ရောက်လာပါတော့တယ်။

ထိတ်လန့်သွားတဲ့ Miles ဟာ သူ့ရဲ့ နောက်ထပ် စွမ်းအားအသစ်တစ်ခုဖြစ်တဲ့ ကိုယ်ပျောက်နိုင်စွမ်း (Camouflage) ကို မမျှော်လင့်ဘဲ အသုံးပြုနိုင်သွားပါတယ်။ Peter B. Parker က ဝင်လာတဲ့ Doc Ock ရဲ့ အာရုံကို လွှဲထားပေးပြီး၊ ကိုယ်ပျောက်နေတဲ့ Miles ကိုတော့ ကွန်ပျူတာထဲက Data တွေကို USB ထဲ အပြီး ကူးယူခိုင်းလိုက်ပါတယ်။ အခန်းထဲမှာ တခြား Universe က လာတဲ့ Spider-Man ကို တွေ့လိုက်ရလို့ Doc Ock က သူမရဲ့ စမ်းသပ်မှု အောင်မြင်သွားပြီဆိုပြီး ပျော်ရွှင်သွားပေမဲ့ Peter B. Parker ကို သတ်ဖြတ် စမ်းသပ်ဖို့ တိုက်ခိုက်ပါတော့တယ်။

နှစ်ယောက်သား ပြန်လည်တိုက်ခိုက်ရင်း ထွက်ပြေးကြရပြီး ကုမ္ပဏီတစ်ခုလုံးက လုံခြုံရေးတွေပါ လိုက်လံတိုက်ခိုက်လာတာကြောင့် အသက်လုပြီး ပြေးကြရပါတယ်။ Peter B. Parker က သူ့ရဲ့ Web-shooter တစ်ဖက်ကို Miles ဆီ ပေးလိုက်ပြီး “လက်တွေ့တိုက်ပွဲကြားမှာ သင်ယူတာက အကောင်းဆုံး သင်ခန်းစာပဲ” ဆိုပြီး ပင့်ကူကြိုးပစ်နည်းကို လက်တွေ့ သင်ကြားပေးခဲ့ပါတယ်။

နှစ်ယောက်သား သစ်တောအုပ်ထဲမှာ ပင့်ကူကြိုးဆွဲရင်း ပြေးလွှားကြရာ Miles ကိုယ်တိုင်လည်း ကြိုးစီးရတာကို ခဏလေးအတွင်းမှာပဲ သင်ယူ တတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေရာအရောက်မှာတော့ နောက်ကနေ လိုက်လာတဲ့ Doc Ock က Miles ရဲ့ လက်ထဲက USB Drive လေးကို လုယူသွားပြီး သူတို့နှစ်ယောက်စလုံး ပင့်ကူမျှင်တွေနဲ့ ငြိတွယ်ကာ အဖမ်းခံရမယ့် အခြေအနေဆီ ရောက်သွားခဲ့ပါတယ်။ အဲဒီ အရေးပေါ် အချိန်မှာပဲ Gwen Stacy (Spider-Gwen) က ရုတ်တရက် ရောက်ရှိလာပြီး Doc Ock ကို ဝင်ရောက် တိုက်ခိုက် ကယ်တင်ပေးလိုက်တာကြောင့် USB Drive ကိုပါ ပြန်လည် ရယူနိုင်ခဲ့ပါတော့တယ်။

အဲဒါက တခြားသူ မဟုတ်ဘဲ Miles သဘောကျနေတဲ့ ကောင်မလေး Gwen ပဲ ဖြစ်နေပါတယ်။ အခုလို အလွဲလွဲအချော်ချော် ဖြစ်နေတဲ့ သူတို့ရဲ့ ပုံစံတွေကို ကြည့်ပြီး Gwen က လှောင်ပြောင် ရယ်မောလိုက်တာကြောင့် Peter B. Parker တို့လည်း အဲဒီနေရာကနေ အမြန်ဆုံး ထွက်ခွာခဲ့ကြရပါတယ်။ Gwen ရဲ့ Universe မှာတော့ ပင့်ကူကိုက်ခံရတဲ့သူဟာ Gwen ကိုယ်တိုင် ဖြစ်နေပြီး၊ ဒါကြောင့်မို့ Spider-Woman (Spider-Gwen) ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်း Peter Parker ကို ဆုံးရှုံးလိုက်ရတာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေတုန်း ရုတ်တရက် ပေါ်လာတဲ့ Portal ကြောင့် Miles တို့ရဲ့ ကမ္ဘာဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူမဟာ တခြားသူတွေထက် ရက်သတ္တပတ် အနည်းငယ် စောပြီး ရောက်လာခဲ့တာဖြစ်ပြီး၊ Spider-Sense ရဲ့ တွန်းအားပေးမှုကြောင့် Miles ရဲ့ ကျောင်းကို လာတက်ရင်းနဲ့ အဲဒီမှာ Miles နဲ့ စတင် တွေ့ဆုံခဲ့ရတာပဲ ဖြစ်ပါတယ်။

တစ်ခါတုန်းက Kingpin နဲ့ Spider-Man တို့ တိုက်ခိုက်ခဲ့ကြတဲ့အချိန် Kingpin ရဲ့ ဇနီးနဲ့ သားဖြစ်သူတို့က မြင်သွားခဲ့ပြီး သူ့ရဲ့ အစစ်အမှန် ရုပ်သွင်ဟာ ရက်စက်တဲ့ ဒုစရိုက်ရာဇာ တစ်ယောက်ဆိုတာကို သိသွားခဲ့ကြပါတယ်။ ကြောက်လန့်တကြား ကားနဲ့ ထွက်ပြေးသွားကြရင်း လမ်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားကာ သေဆုံးသွားခဲ့ရတာပါ။ ဒါကြောင့်မို့ တခြား Universe က သူ့ရဲ့ မိသားစုကို အစားထိုး ပြန်လည် ခေါ်ယူနိုင်ဖို့အတွက် ဒီ Super-Collider စက်ကြီးကို တည်ဆောက် အသုံးပြုနေတာ ဖြစ်ပါတယ်။ Doc Ock ကလည်း တခြား ကမ္ဘာတွေက Spider-Man တွေ ရောက်လာတာကို ကြည့်ရင် သူတို့ရဲ့ စမ်းသပ်မှု အောင်မြင်နေပြီလို့ ပြောပြပေမဲ့၊ အစီအစဉ်ကို ဖျက်ဆီးမယ့် ပင့်ကူလူသားတွေ ရှိနေသေးတာကြောင့် အရင်ဆုံး သတ်ပစ်ဖို့ လိုအပ်ကြောင်း Kingpin ကို တင်ပြလိုက်တဲ့အခါ Kingpin ကလည်း သဘောတူလိုက်ပါတယ်။

Miles တို့က ယူလာတဲ့ Data တွေကို သုံးပြီး စက်ကို ပိတ်ပစ်မယ့် USB Drive အသစ်တစ်ခု ပြုလုပ်ဖို့ ပြင်ဆင်ကြပေမဲ့ လိုအပ်တဲ့ ပစ္စည်းတွေ မပြည့်စုံတာကြောင့် ပစ္စည်းအစုံအလင် ရရှိနိုင်မယ့် နေရာတစ်ခုဆီ သွားရောက်ခဲ့ကြပါတယ်။ အဲဒီနေရာကတော့ သေဆုံးသွားတဲ့ Peter Parker ရဲ့ အိမ်ပဲ ဖြစ်ပါတယ်။ အိမ်ထဲကနေ Aunt May ထွက်လာပြီး ဆုံးပါးသွားတဲ့ Peter နဲ့ ရုပ်ချင်း တူနေတဲ့ Peter B. Parker ကို တွေ့လိုက်ရတာကြောင့် မယုံနိုင်အောင် ဖြစ်သွားပေမဲ့၊ Aunt May ဟာ Parallel Universe (အပြိုင်စကြဝဠာ) တွေအကြောင်း နားလည်ထားသူ ဖြစ်တာကြောင့် သိပ်မကြာခင်မှာပဲ အခြေအနေကို သဘောပေါက်သွားပါတယ်။ ပျက်စီးနေတဲ့ USB Drive ကို Miles က ပြသလိုက်တော့ အိမ်နောက်ဖေးမှာ ရှိတဲ့ လျှို့ဝှက် မြေအောက်စမ်းသပ်ခန်း (Spider-Lair) ဆီ ခေါ်သွားပေးပါတယ်။

အဲဒီမှာ လိုအပ်တဲ့ ပစ္စည်းတွေ ရှိနေတာကြောင့် USB Drive အသစ်ကို ပြန်လည် ပြုလုပ်နိုင်ခဲ့ကြပါတယ်။ အားလုံး ပျော်ရွှင်နေကြတဲ့အချိန် ဒီကမ္ဘာကို ရောက်လာတာ Peter B. Parker နဲ့ Gwen တို့တင် မကဘူးဆိုတာကို Aunt May က ထပ်မံ မိတ်ဆက်ပေးလိုက်ပါတယ်။

ပထမဆုံး တစ်ယောက်ကတော့ အဖြူအမည်းခေတ် ၁၉၃၃ ခုနှစ်ကနေ ရောက်လာတဲ့ Spider-Man Noir ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ အနာဂတ် ၃၁၄၅ ခုနှစ်ကနေ ရောက်လာတဲ့ Peni Parker လို့ခေါ်တဲ့ ကောင်မလေးနဲ့ SP//dr စက်ရုပ် ဖြစ်ကာ၊ ကာတွန်းရုပ်ပြ ကမ္ဘာကနေ လာတဲ့ Peter Porker (Spider-Ham) လို့ခေါ်တဲ့ ဝက်ကလေးတစ်ကောင် ဖြစ်ပါတယ်။ အားလုံးဟာ ဓာတ်ရောင်ခြည်သင့် ပင့်ကူကိုက်ခံရပြီး Spider-Hero တွေ ဖြစ်လာကြသူတွေ ဖြစ်ပါတယ်။

သူတို့အားလုံးဟာ Kingpin ရဲ့ စက်ထဲကို အချိန်မီ ပြန်ဝင်ရောက်နိုင်မှသာ မိမိတို့ရဲ့ မူလကမ္ဘာတွေကို ဘေးကင်းစွာ ပြန်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Peter B. Parker က သူကိုယ်တိုင် ဒီကမ္ဘာမှာ ကျန်နေရစ်ခဲ့ပြီး စက်ကို ပိတ်ပေးကာ တခြားသူတွေကို အရင် ပြန်လွှတ်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ တခြား Universe က လာတဲ့သူ ဒီမှာ ဆက်နေခဲ့ရင် Glitch ဖြစ်ပြီး ဆဲလ်တွေ ပြိုကွဲကာ သေဆုံးရမှာ ဖြစ်ပါတယ်။ ဒါကို သိတဲ့ Miles က စက်ကို ပိတ်ဖို့ နောက်ဆုံး ကျန်နေခဲ့ရမယ့်သူဟာ ဒီကမ္ဘာက Spider-Man ဖြစ်တဲ့ သူကိုယ်တိုင်ပဲ ဖြစ်သင့်ကြောင်း ရှင်းပြပြီး အစီအစဉ်မှာ ပါဝင်ဖို့ တောင်းဆိုလိုက်ပါတယ်။ Peter B. Parker က သဘောတူပြီး Miles မှာ ကိုယ်ပျောက်နိုင်တဲ့ စွမ်းအားတွေ ရှိကြောင်း ထောက်ပြပေမဲ့၊ Gwen အပါအဝင် တခြား ပင့်ကူလူသားတွေကတော့ Miles ဟာ အခုအချိန်မှာ တိုက်ပွဲဝင်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတာကို သိနေကြပါတယ်။ ဒါကြောင့် သူ့ကို ခေါ်မသွားဖို့ တားဆီးကြပြီး Miles ကလည်း အားလုံးက သူ့ကို အယုံအကြည် မရှိကြဘူးလို့ ထင်မှတ်ကာ စိတ်ပျက်လက်ပျက်နဲ့ အပြင်ကို ထွက်လာခဲ့ပါတော့တယ်။

တစ်ဖက်မှာတော့ Miles ရဲ့ အဖေ Jefferson က ပျောက်ဆုံးနေတဲ့ သားဖြစ်သူအတွက် စိတ်ပူပြီး ဖုန်းတွေ ဆက်တိုက် ခေါ်ဆိုပေမဲ့ Miles က မကိုင်ခဲ့ပါဘူး။ ဒါကြောင့် စကားမပြောဖြစ်တာ ကြာပြီဖြစ်တဲ့ သူ့ရဲ့ ညီ Aaron ဆီ ဖုန်းဆက်ပြီး အကူအညီတောင်းဖို့ ကြိုးစားပေမဲ့ Aaron ကလည်း ဖုန်းမကိုင်တာကြောင့် အသံမက်ဆေ့ခ်ျ ချန်ထားခဲ့ရပါတယ်။

စိတ်ဓာတ်ကျနေတဲ့ Miles ဟာ ဦးလေး Aaron ရဲ့ အိမ်ဆီ တစ်ယောက်တည်း သွားရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အိမ်ထဲ ဝင်လာတဲ့ Prowler ကို မြင်လိုက်ရတာကြောင့် ကိုယ်ပျောက်စွမ်းအားကို သုံးပြီး ကပ်သီးလေး ပုန်းအောင်းလိုက်ရပါတယ်။ ဒါပေမဲ့ Prowler က မျက်နှာဖုံးကို ချွတ်လိုက်တဲ့အခါ Kingpin နဲ့အတူ အလုပ်လုပ်နေတဲ့ လူမိုက်ဟာ သူ့ရဲ့ ချစ်လှစွာသော ဦးလေး Aaron ဖြစ်နေမှန်း Miles တစ်ယောက် တုန်လှုပ်စွာ သိလိုက်ရပါတယ်။ ထိတ်လန့်တကြား အိမ်ပြင်ကို ပြေးထွက်သွားတဲ့ အသံတွေကြောင့် ဦးလေး Aaron က အပူအာရုံခံ မျက်မှန်နဲ့ လိုက်လံကြည့်ရှုရာ ထွက်ပြေးသွားတဲ့ Miles ကို ခြေရာခံမိသွားပြီး ဘယ်ကို သွားမလဲဆိုတာ စောင့်ကြည့် လိုက်ပါသွားပါတော့တယ်။

Peni Parker ရဲ့ အစွမ်းနဲ့ ပျက်စီးသွားတဲ့ USB Drive နေရာမှာ အသစ်တစ်ခု အောင်မြင်စွာ ဖန်တီးလိုက်နိုင်တာကြောင့် အားလုံး တာဝန်စတင်ဖို့ ပြင်ဆင်နေကြချိန်မှာ ထွက်ပြေးလာတဲ့ Miles ရောက်ရှိလာပါတယ်။ ဒါတင်မကဘဲ သူ့နောက်ကို ခြေရာခံ လိုက်လာတဲ့ Kingpin ရဲ့ လူဆိုးအဖွဲ့ (Prowler, Doc Ock, Scorpion, Tombstone) တွေပါ တစ်ပြိုင်နက်တည်း ရောက်လာပြီး Aunt May ရဲ့ အိမ်ထဲမှာ တိုက်ပွဲ စတင်ပါတော့တယ်။

တိုက်ခိုက်နေကြတဲ့ ကြားထဲကနေ USB Drive လေး လွင့်ထွက်သွားတာကြောင့် Miles က အဲဒါကို ပြေးယူလိုက်တဲ့အချိန် Prowler က ရောက်လာပြီး တိုက်ခိုက်ပါတော့တယ်။ ကြားထဲကနေ Peter B. Parker က ဝင်ရောက် ကာကွယ်ပေးပေမဲ့ Prowler က လွတ်ထွက်သွားတဲ့ Miles ရဲ့ နောက်ကို အမှီလိုက်ကာ USB Drive ကို ပေးဖို့နဲ့ Kingpin ရဲ့ အမိန့်အတိုင်း သတ်ပစ်ဖို့ ပြင်ဆင်လိုက်ပါတယ်။ ဒါပေမဲ့ Miles ရဲ့ မျက်နှာဖုံးကို ချွတ်လိုက်တဲ့အခါ သူ သတ်ပစ်ဖို့ ကြိုးစားနေတဲ့ ပင့်ကူလူသားလေးဟာ သူ့ကို အမြဲတမ်း အားကျပြီး ချစ်ခင်လေးစားရပါတယ်ဆိုတဲ့ တူလေး Miles ဖြစ်နေတာကို တွေ့လိုက်ရပါတော့တယ်။

Kingpin က ချက်ချင်း သတ်ပစ်ဖို့ အမိန့်ပေးနေပေမဲ့ သူ့ဘဝမှာ Miles ရဲ့ စံပြဦးလေးတစ်ယောက်အဖြစ် နေထိုင်ချင်ခဲ့တဲ့ ဦးလေး Aaron ဟာ တူလေးကို မသတ်နိုင်ဘဲ လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အမိန့်ကို မနာခံတဲ့အတွက် အနောက်ကနေ ရောက်လာတဲ့ Kingpin က ဦးလေး Aaron ကို သေနတ်နဲ့ ပစ်ခတ်လိုက်ပါတော့တယ်။

သေနတ်ဒဏ်ရာ ရသွားတဲ့ ဦးလေးဖြစ်သူကို Miles က ပင့်ကူကြိုးနဲ့ သယ်ဆောင်ပြီး လုံခြုံတဲ့ လမ်းကြားတစ်ခုဆီ ကယ်ထုတ်သွားခဲ့ပါတယ်။ ဒါကို လမ်းကင်းလှည့်နေတဲ့ Miles ရဲ့ အဖေက မြင်သွားပြီး သံသယဖြစ်ကာ အနောက်ကနေ လိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာပဲ ဦးလေး Aaron ဟာ အဲဒီနေရာမှာတင် အသက်ထွက် သေဆုံးသွားခဲ့ရပါတယ်။ သေခါနီးမှာ ဦးလေး Aaron က “မင်းက ငါတို့ထက် ပိုတော်တဲ့သူ ဖြစ်လာမှာပါ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး ရှေ့ဆက်လျှောက်ပါ” ဆိုတဲ့ နောက်ဆုံး စကားကို မှာကြားသွားခဲ့ပါတယ်။

ဝမ်းနည်းကြေကွဲစွာ မျက်ရည်ကျနေတဲ့ Miles ဟာ အနောက်ကနေ ရောက်လာတဲ့ သူ့အဖေရဲ့ လက်မြှောက်ဖို့ အော်သံကြောင့် ကိုယ်ရောင်ဖျောက်ပြီး ထွက်ပြေးလိုက်ရပါတယ်။ အဲဒီနောက် လဲကျနေတဲ့ သူ့ညီရဲ့ အလောင်းကို တွေ့လိုက်ရတဲ့ Miles ရဲ့ အဖေ Jefferson ဟာ မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွားပြီး ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေခဲ့ရပါတော့တယ်။

Peter Parker ကို ဆုံးရှုံးလိုက်ရတဲ့အပြင် အခုအခါမှာ ချစ်ရတဲ့ ဦးလေး Aaron ကိုပါ ထပ်မံ ဆုံးရှုံးလိုက်ရတာကြောင့် စိတ်ဒဏ်ရာတွေ ပြင်းထန်စွာ ရရှိသွားတဲ့ Miles ဟာ ဝမ်းနည်းဒေါသထွက်မှုတွေနဲ့အတူ အဆောင်အခန်းထဲက ပစ္စည်းတွေကို ထိန်းမနိုင်သိမ်းမရ လိုက်လံရိုက်ခွဲပါတော့တယ်။ အဲဒီအချိန်မှာ တခြား ပင့်ကူလူသားတွေ ရောက်လာကြပြီး “ဒါဟာ Spider-Man တစ်ယောက် ဖြစ်လာရင် ကြုံတွေ့ရမယ့် ဆုံးရှုံးမှု သင်ခန်းစာတွေပဲ” ဖြစ်ကြောင်း လာရောက် နှစ်သိမ့်ပေးကြပါတယ်။

သူတို့အားလုံးမှာလည်း ဒီလို နာကျင်စရာ အတိတ်တွေ ရှိခဲ့ကြတာပါ။ Gwen ဆိုရင် အရင်းနှီးဆုံး သူငယ်ချင်း Peter Parker ကို ဆုံးရှုံးခဲ့ရသလို၊ Spider-Man Noir ဆိုရင်လည်း Uncle Benjamin ကို ဆုံးရှုံးခဲ့ရပြီး၊ Peni Parker အတွက်ကတော့ သူ့ရဲ့ အဖေ ဖြစ်ပါတယ်။ “လူတိုင်းကို ကယ်တင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဆိုတဲ့ အမှန်တရားကို Spider-Ham ကပါ ရှင်းပြပေးခဲ့ပါတယ်။

ဝမ်းနည်းစကားတွေ ပြောနေကြတုန်း အဆောင်အခန်းဖော် Ganke ရုတ်တရက် အခန်းထဲ ဝင်လာတာကြောင့် အားလုံး မျက်နှာကြက်ပေါ် ပြေးပုန်းလိုက်ကြပေမဲ့ တွေ့သွားခဲ့တာကြောင့် အံ့ဩလန့်ဖျပ်ပြီး မေ့လဲသွားခဲ့ပါတယ်။ Ganke ကို အိပ်ရာပေါ် သိပ်ထားခဲ့ပြီးနောက် Spider-Man တွေဟာ Miles ကို ချန်ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ Kingpin ရဲ့ စက်ကို ပိတ်ပြီး ဒီကမ္ဘာမှာ ကျန်နေရစ်မယ့်သူဟာ Peter B. Parker သာ ဖြစ်ပါတော့တယ်။ အခု Miles ရဲ့ စိတ်ခံစားချက်နဲ့ အခြေအနေအရ တိုက်ပွဲဝင်ဖို့ အဆင်သင့်မဖြစ်သေးဘဲ အချိန်တိုအတွင်းမှာတင် အန္တရာယ်ကျရောက်နိုင်တာကြောင့် Peter B. Parker က Miles ကို ကုလားထိုင်မှာ ပင့်ကူကြိုးတွေနဲ့ တုပ်နှောင် ချည်နှောင်ထားခဲ့ပါတယ်။ “မင်း အဆင်သင့်ဖြစ်လာမယ့် အချိန်ကို အတင်းအကျပ် ရှာနေစရာ မလိုဘူး၊ အချိန်တန်ရင် အဲဒါကို မင်းကိုယ်တိုင် သိလာလိမ့်မယ် (Leap of Faith)” လို့ မှာကြားရင်း အားလုံး ထွက်ခွာသွားကြပါတော့တယ်။

ခဏအကြာမှာတော့ Miles ရဲ့ အခန်းတံခါးဝဆီ အဖေဖြစ်သူ Jefferson ရောက်လာခဲ့ပါတယ်။ ဦးလေး Aaron ဆုံးပါးသွားတဲ့ သတင်းကို လာပြောပြရင်း Miles က တံခါးဖွင့်မပေးတာကြောင့် သားအဖချင်း အဆင်မပြေဖြစ်နေဆဲလို့ ထင်မှတ်သွားပါတယ်။ ဒါပေမဲ့ အဖေဖြစ်သူက တံခါးအပြင်ဘက်ကနေ ရင်ဖွင့်အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။ Miles ဆီမှာ တောက်ပတဲ့ အနာဂတ်နဲ့ အရည်အချင်းတွေ အများကြီး ရှိနေတာကို သူ မြင်တွေ့ရတဲ့အတွက် အရင်ကျောင်းကနေ ဒီကျောင်းကို အတင်း ပြောင်းရွှေ့ခိုင်းခဲ့ရခြင်း ဖြစ်ကြောင်း၊ သားကို အမြဲတမ်း ချစ်ခင်ဂုဏ်ယူနေမှာဖြစ်ပြီး သားဘက်က အဆင်ပြေတဲ့အချိန်မှသာ အေးအေးဆေးဆေး စကားပြန်ပြောပါဆိုပြီး နွေးထွေးစွာ ပြောကြားသွားခဲ့ပါတယ်။

အဖေ့ရဲ့ စကားတွေကြောင့် Miles ဟာ သူ့ကိုယ်သူ ယုံကြည်မှုနဲ့ စိတ်ခွန်အားတွေ အပြည့်အဝ ပြန်လည်ရရှိသွားခဲ့ပါတယ်။ သူ့ကိုယ်သူ ယုံကြည်လိုက်တဲ့ အခိုက်အတန့်မှာပဲ ခန္ဓာကိုယ်ကနေ Venom Blast လျှပ်စစ်စွမ်းအင်တွေကို စိတ်ကြိုက် ထုတ်လွှတ်ပြီး သူ့ကို ချည်နှောင်ထားတဲ့ ပင့်ကူမျှင်တွေကို အလွယ်တကူ ဖြတ်တောက် ပစ်လိုက်နိုင်ပါတော့တယ်။

အဲဒီနောက် Aunt May ရဲ့ လျှို့ဝှက်စမ်းသပ်ခန်းဆီ သွားရောက်ကာ သူ့အတွက် ကိုယ်ပိုင် Spider-Man ဝတ်စုံအသစ်တစ်ခုကို ဆေးမှုတ်ပြီး ဖန်တီးလိုက်ပါတယ်။ အခုအချိန်ဟာ သူ့အတွက် အရာအားလုံး အဆင်သင့်ဖြစ်ပြီဆိုတာကို အပြည့်အဝ ယုံကြည်လိုက်ပြီးနောက် New York မြို့ရဲ့ အမြင့်ဆုံး မိုးမျှော်တိုက်ကြီးပေါ်ကနေ အောက်ခြေဆီ သတ္တိရှိရှိ ခုန်ချလိုက်ပါတော့တယ်။ Web-shooter တွေကို စိတ်ကြိုက် အသုံးချရင်း New York ကောင်းကင်ယံမှာ ပထမဆုံးအကြိမ် လွတ်လပ်ပျော်ရွှင်စွာနဲ့ ပင့်ကူကြိုးဆွဲ ပျံဝဲနိုင်ခဲ့ပါပြီ။

တစ်ဖက်မှာတော့ Peter B. Parker တို့ အဖွဲ့ဟာ Kingpin ကျင်းပနေတဲ့ ရန်ပုံငွေပွဲကြီးထဲ ဝိတ်တာတွေအဖြစ် ရုပ်ဖျက်ပြီး ခိုးဝင်ခဲ့ကြပါတယ်။ တိုက်ရဲ့ မြေအောက်ထဲမှာ Super-Collider စက်ကြီး ရှိနေတာကြောင့် စက်ဆီ အမြန်ဆုံး သွားရောက်ဖို့ ပြင်ဆင်ကြပါတယ်။ ဒါပေမဲ့ အဲဒီပွဲမှာ ဒီကမ္ဘာက Mary Jane ကို တွေ့လိုက်ရတဲ့အခါ Peter B. Parker က သူ့ရဲ့ ကမ္ဘာက ဇနီးဟောင်း Mary Jane နဲ့ မှားယွင်းကာ စကားတွေ သွားပြောနေတာကြောင့် Gwen ကပဲ ကြားကနေ အမြန် ဆွဲခေါ်သွားခဲ့ရပါတယ်။

အဲဒီနောက် Kingpin က သူ့ရဲ့ မိသားစုကို တခြား Universe ကနေ ခေါ်ယူဖို့အတွက် Super-Collider စက်ကြီးကို ထပ်မံ ဖွင့်လှစ်လိုက်ပါတော့တယ်။ အပြိုင်စကြဝဠာတွေ ရောထွေးသွားတာကြောင့် New York ကောင်းကင်ယံမှာ တခြားကမ္ဘာက အဆောက်အအုံအပိုင်းအစတွေ ပေါ်လာတာကို မြို့ခံတွေ အကုန်လုံး မြင်တွေ့လိုက်ကြရပါတယ်။ စက်ကြီးကို ပိတ်ဖို့ ကြိုးစားနေတဲ့ Peter B. Parker တို့ကို Kingpin ရဲ့ လူတွေက ကြိုတင် စောင့်ကြို တိုက်ခိုက်ကြပါတော့တယ်။ တိုက်ခိုက်ရင်းနဲ့ပဲ Doc Ock ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အားလုံး အရေးနိမ့်တော့မယ့် အခြေအနေဆီ ရောက်သွားခဲ့ပါတယ်။

အဲဒီ အရေးပေါ်အချိန်မှာပဲ ကိုယ်ရောင်ဖျောက်ပြီး ရောက်ရှိလာတဲ့ Miles က ဝင်ရောက် ကယ်တင်ပေးလိုက်ပါတယ်။ စွမ်းအားတွေကို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်းရှိလာပြီး စစ်မှန်တဲ့ Spider-Man အဖြစ် ပြောင်းလဲသွားတဲ့ Miles ကို မြင်တွေ့လိုက်ရတဲ့အခါ တခြား ပင့်ကူလူသားတွေ အားလုံးကလည်း သူ့ကို အပြည့်အဝ ယုံကြည် အသိအမှတ်ပြုသွားကြပါတယ်။ အားလုံး စုပေါင်း တိုက်ခိုက်ကြရင်း Scorpion ကို Spider-Man Noir, Peni Parker နဲ့ Spider-Ham တို့ ပူးပေါင်းကာ အလဲထိုး ပစ်လိုက်နိုင်သလို၊ နောက်ဆုံးမှာ Doc Ock ကိုလည်း အောင်မြင်စွာ ရှင်းထုတ်နိုင်ခဲ့ပါတယ်။

အခြေအနေတွေ အဆင်ပြေသွားတဲ့အခါ Miles က စက်ကို ပိတ်ပစ်ဖို့အတွက် တာဝန်ယူ စောင့်ဆိုင်းပေးပြီး တခြား ကမ္ဘာက လာတဲ့ ပင့်ကူလူသားတွေကို သူတို့ရဲ့ မူလကမ္ဘာတွေဆီ အသီးသီး ပြန်လည် ပို့ဆောင်ပေးပါတော့တယ်။

ပထမဆုံးအနေနဲ့ Peni Parker က ပြန်လည် ဝင်ရောက်သွားခဲ့ပါတယ်။ Spider-Man Noir ကတော့ အဖြူအမည်း ကမ္ဘာဆီ ပြန်လည်ယူဆောင်သွားဖို့ ရောင်စုံ Rubik’s Cube လေးကို အမှတ်တရ လက်ဆောင်အဖြစ် ယူဆောင်သွားခဲ့သလို၊ Spider-Ham ကလည်း သူ့ရဲ့ သစ်သားတူလေးကို အမှတ်တရအဖြစ် ချန်ထားပေးခဲ့ပါတယ်။ Gwen ကလည်း သူမလိုမျိုး နောက်ထပ် သူငယ်ချင်း မထားရဲတော့တဲ့ လူတစ်ယောက်အတွက် “Miles ဟာ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်ပါ” ဆိုတဲ့ စကားကို ချန်ထားရင်း သူမရဲ့ ကမ္ဘာဆီ ပြန်လည် ထွက်ခွာသွားခဲ့ပါတော့တယ်။

အဲဒီအချိန်မှာ တခြား Universe က သူ့ရဲ့ မိသားစုကို မျက်စိရှေ့တင် မြင်တွေ့လိုက်ရတဲ့ Kingpin ဟာ စိတ်လွတ်ကိုယ်လွတ် ဒေါသတကြီးနဲ့ ကိုယ်တိုင် ပြေးတက်လာပြီး တိုက်ခိုက်ပါတော့တယ်။ Peter B. Parker တို့ကလည်း ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ပေမဲ့ အချိန်မရှိတော့တာကြောင့် တိုက်ပွဲကြားကနေ ရုန်းထွက်ဖို့ ကြိုးစားရပါတယ်။ ပြန်သွားရတော့မယ့် Peter B. Parker က Miles ကို ဒီအတိုင်း ချန်ထားခဲ့ဖို့ စိတ်မချနိုင်ဘဲ ဖြစ်နေချိန်မှာ “အိမ်ပြန်ရတော့မယ် မဟုတ်လား… အရာအားလုံး ကျွန်တော့်ကို စိတ်ချထားလိုက်ပါ” ဆိုတဲ့ Miles ရဲ့ ရင့်ကျက်တဲ့ စကားကြောင့် နောက်ဆုံးမှာတော့ ယုံကြည်မှု အပြည့်အဝ ပေးလိုက်ပါတယ်။ Miles က ဆွဲထားတဲ့ လက်ကို လွှတ်ချပေးလိုက်ပြီး Peter B. Parker လည်း သူ့ရဲ့ ကမ္ဘာဆီ ပြန်ရောက်သွားမယ့် Portal ထဲကို ခုန်ဆင်း သွားပါတော့တယ်။

အဲဒီနောက်မှာတော့ Miles တစ်ယောက်တည်း Kingpin နဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ရပါတော့တယ်။ မြို့တွင်းက အပျက်အစီးတွေဟာ Portal ထဲကို တဖြည်းဖြည်းနဲ့ နစ်ဝင်နေပြီဖြစ်ပြီး စက်ကြီးကို ပိတ်ပစ်ရမယ့် ပင်မခလုတ် (Override Switch) က အပေါ်ဘက် အမြင့်မှာ ရှိနေဆဲ ဖြစ်တာကြောင့် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ဖို့ ကြိုးစားရပါတယ်။ ဒါပေမဲ့ တိုက်ပွဲအတွေ့အကြုံ နုနယ်သေးတဲ့ Miles ဟာ Kingpin ရဲ့ ပြင်းထန်တဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကို မရှုမလှ ခံလိုက်ရပါတယ်။ အဲဒီလို တိုက်ခိုက်နေရင်း Kingpin ရဲ့ မိသားစု ပုံရိပ်တွေကလည်း ရက်စက်ကြမ်းကြုတ်နေတဲ့ Kingpin ကို မြင်တွေ့သွားကြပြီး ထိတ်လန့်တကြား ထွက်ပြေးသွားကြပြန်ပါတယ်။ ဒါတွေအားလုံးဟာ Spider-Man ကြောင့် ဖြစ်ရတာဆိုပြီး အပြစ်တင်လိုက်တဲ့ Kingpin ဟာ ဒေါသတကြီးနဲ့ Miles ကို အရင် Peter Parker လိုမျိုး အဆုံးစီရင်ပစ်ဖို့ လက်သီးနဲ့ အားကုန် ထုနှက်လိုက်တာကြောင့် Miles တစ်ယောက် သတိလစ် မေ့မြောကာ လဲကျသွားပါတော့တယ်။

Miles ပြန်လည်သတိရလာတဲ့အခါ ဘေးကို ကြည့်လိုက်တော့ ထိန်းချုပ်ရေးစခန်း ပြတင်းပေါက်ဆီ ရောက်ရှိလာတဲ့ သူ့ရဲ့ အဖေ Jefferson ကို လှမ်းမြင်လိုက်ရပါတယ်။ မကြုံစဖူး သူ့အဖေရဲ့ ပါးစပ်ကနေ “ထစမ်းပါ Spider-Man… ပြန်ထစမ်းပါ” ဆိုပြီး အားပေးအော်ဟစ်နေတဲ့ စကားသံကြောင့် Miles ဟာ အားတင်းပြီး ပြန်ထလာခဲ့ပါတယ်။ ဦးလေး Aaron သင်ပေးခဲ့တဲ့ ပခုံးကိုင်နည်း “Shoulder Touch” အကွက်ကို အသုံးချကာ သူ့ရဲ့လက်ကို Kingpin ရဲ့ ပခုံးပေါ် တင်လိုက်ပြီး လက်ကနေ Venom Strike လျှပ်စစ်စွမ်းအင် အပြည့်အဝ ထုတ်လွှတ်ကာ Kingpin ကို အလဲထိုး ပစ်လိုက်နိုင်ပါတော့တယ်။ အဲဒီနောက် ပင့်ကူကြိုးနဲ့ လှမ်းဆွဲပြီး စက်ကြီးကို ပိတ်ပစ်နိုင်မယ့် ပင်မခလုတ်ကို တွန်းချလိုက်တာကြောင့် Super-Collider စက်ကြီး ပေါက်ကွဲပျက်စီးသွားပြီး Portal လည်း အပြီးတိုင် ပိတ်သွားပါတော့တယ်။

မြေအောက်ဓာတ်ခွဲခန်းဆီ ရောက်လာတဲ့ Miles ရဲ့ အဖေက ဒုစရိုက်သမားတွေကို အကုန်လုံး ဖမ်းဆီးထိန်းသိမ်းလိုက်နိုင်ပါတယ်။ အဲဒါကို အဝေးကနေ ကြည့်နေတဲ့ Miles က သူ့အဖေဆီ ဖုန်းဆက်လိုက်ပြီး သူ အဆင်ပြေကြောင်းနဲ့ ဦးလေး Aaron ဆုံးပါးသွားတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရကြောင်း သားအဖနှစ်ယောက် နွေးထွေးစွာ စကားပြောဖြစ်ကြပါတယ်။ နားလည်မှု ရရှိသွားတဲ့ အဖေဖြစ်သူကလည်း သားဖြစ်သူရဲ့ ဝါသနာကို အသိအမှတ်ပြုပေးကာ သူ မမြင်တဲ့ နေရာတွေမှာ သဘောကျတဲ့ ပန်းချီတွေ ဆွဲခွင့်ပြုကြောင်း ခွင့်ပြုချက်ပေးလိုက်ပါတယ်။

ဝမ်းသာသွားတဲ့ Miles ဟာ Spider-Man ဝတ်စုံနဲ့ သူ့ရဲ့ အဖေရှေ့ ရောက်ရှိလာပြီး ပခုံးချင်းတိုက် နှုတ်ဆက်လိုက်ကာ “နောက်လည်း အတူတူ မြို့ကြီးကို ကာကွယ်ကြတာပေါ့” လို့ ပြောလိုက်ပါတယ်။ Spider-Man ဟာ သူ့သားဖြစ်နေမှန်း မသိသေးတဲ့ အဖေကလည်း ဒီတစ်ခါမှာတော့ Spider-Man ကို အသိအမှတ်ပြုပြီး မြို့ကြီးကို အတူတူ ကာကွယ်ဖို့ သဘောတူလိုက်ပါတယ်။ ထွက်မသွားခင် Miles က သူ့အဖေအတွက် လက်ဆောင်အဖြစ် ပင့်ကူမျှင်တွေနဲ့ ချည်နှောင်ထားတဲ့ Kingpin ကို အဆင်သင့် အပ်နှံပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ New York မြို့ကြီးမှာ စစ်မှန်တဲ့ Spider-Man အသစ်တစ်ယောက် ပေါ်ထွက်လာခဲ့ပြီး၊ Miles ကိုယ်တိုင်လည်း သေဆုံးသွားခဲ့တဲ့ Peter Parker ရဲ့ တာဝန်တွေကို အကောင်းဆုံး ဆက်ခံ ထမ်းဆောင်နေပါပြီ။ ကျောင်းမှာလည်း သူ့ရဲ့ အဆောင်အခန်းဖော် Ganke နဲ့ ပိုမို ရင်းနှီးသွားခဲ့သလို၊ အဖေဖြစ်သူနဲ့လည်း နံရံပေါ်မှာ ဦးလေး Aaron ကို အမှတ်ရစေမယ့် Graffiti ပန်းချီကားကြီးကို အတူတူ ဆွဲဖြစ်ခဲ့ကြပါတယ်။

တစ်ဖက်မှာလည်း မိမိတို့ ကမ္ဘာဆီ ပြန်လည်ရောက်ရှိသွားတဲ့ Peter B. Parker က Miles ရဲ့ စိတ်ဓာတ်ကြောင့် Spider-Man တစ်ယောက် ဖြစ်ရတဲ့ အဓိပ္ပာယ်ကို ပြန်လည်နားလည်သွားခဲ့ပြီး၊ သူ့ရဲ့ ဇနီးဟောင်း Mary Jane နဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာအောင် ကြိုးစားနေပါတော့တယ်။ Miles ကိုယ်တိုင်လည်း မြို့ကြီးကို ကာကွယ်စောင့်ရှောက်မယ့် Spider-Man အဖြစ် မိမိကိုယ်ကို အပြည့်အဝ ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်လက် လျှောက်လှမ်းသွားရင်း ဇာတ်လမ်းလေး ပြီးဆုံးသွားပါတော့တယ်။

Spider-Man: Into the Spider-Verse (2018) ရုပ်ရှင်ရဲ့ အဓိက အနှစ်သာရဟာ စူပါဟီးရိုးတစ်ယောက်ရဲ့ စွမ်းအားတွေထက် မိမိကိုယ်ကိုယ် အပြည့်အဝ ယုံကြည်လက်ခံနိုင်မှု (Self-Acceptance) နဲ့ ရဲဝံ့စွာ ခြေလှမ်းသစ်စတင်ခြင်း (Leap of Faith) ဆိုတဲ့ အတွေးအခေါ်အပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ လူကြီးတွေရဲ့ မျှော်လင့်ချက်တွေ၊ မရေရာတဲ့ အနာဂတ်တွေနဲ့ ကိုယ်ပိုင်ဝါသနာတို့ကြား ဗျာများနေရတဲ့ Miles Morales ရဲ့ ဘဝခရီးဟာ လက်တွေ့ဘဝက ဆယ်ကျော်သက်တိုင်း ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုကို ပီပြင်စွာ ထင်ဟပ်စေပါတယ်။ ဇာတ်လမ်းထဲမှာ Peter Parker ပြောခဲ့သလိုပဲ ဘဝမှာ တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့အတွက် ၁၀၀ ရာခိုင်နှုန်း အဆင်သင့်ဖြစ်နေမယ့် အချိန်ဆိုတာ မရှိဘဲ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ ရဲရဲဝံ့ဝံ့ စတင်လိုက်တဲ့ အခိုက်အတန့်မှာသာ စစ်မှန်တဲ့ ရင့်ကျက်မှုနဲ့ စွမ်းရည်တွေ နိုးထလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီရုပ်ရှင်က ပေးတဲ့ နောက်ထပ် အရေးကြီးတဲ့ မက်ဆေ့ခ်ျတစ်ခုကတော့ “မျက်နှာဖုံးနောက်ကွယ်မှာ ဘယ်သူမဆို စူပါဟီးရိုးတစ်ယောက် ဖြစ်လာနိုင်တယ်” ဆိုတဲ့ အချက်ပါပဲ။ မတူညီတဲ့ နောက်ခံ၊ မတူညီတဲ့ စကြဝဠာတွေက လာကြတဲ့ Spider-Man တိုင်းမှာ ကိုယ်စီ နာကျင်စရာ ဆုံးရှုံးမှုတွေ ရှိခဲ့ကြပေမဲ့ အဲဒီ ဒဏ်ရာတွေကို အားအင်အဖြစ် ပြောင်းလဲပြီး တခြားသူတွေကို ကာကွယ်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ Miles အတွက်လည်း ဦးလေး Aaron ရဲ့ ဆုံးရှုံးမှုဟာ စိတ်ဓာတ်ကျစရာ အကြောင်းရင်း မဟုတ်တော့ဘဲ ပိုမိုတာဝန်သိတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာစေဖို့ တွန်းအားတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဆုံးသတ်မှာတော့ Into the Spider-Verse ဟာ အမြင်အာရုံဆိုင်ရာ အန်နီမေးရှင်း အလှတရားတွေသာမက ဇာတ်ကောင်တွေရဲ့ အတွင်းစိတ် ကြီးပြင်းလာမှု၊ မိသားစုမေတ္တာနဲ့ မတူကွဲပြားမှုတွေကြားက စည်းလုံးညီညွတ်မှုကို ရသစုံလင်စွာ ချပြသွားတဲ့ လက်ရာမွန်တစ်ခု ဖြစ်စေခဲ့ပါတယ်။

Keep reading

အဖေဆုံးပါးသွားပြီးနောက် နောင်တတွေနဲ့ ကျန်ရစ်ခဲ့တဲ့ သမီးငယ်လေး Momo နဲ့ သူမတို့သားအမိကို စောင့်ရှောက်ဖို့ ကောင်းကင်ဘုံက ရောက်လာတဲ့ ထူးဆန်းသော မိစ္ဆာသုံးကောင်အကြောင်း ဖော်ကျူးထားသည့် စိတ်နွေးထွေးဖွယ် ဂျပန်အန်နီမေးရှင်း ရုပ်ရှင်အကျဉ်း။

အန်စာတုံး လှည့်စားပစ်ရင်းကနေ ဒဏ္ဍာရီလာ ရွှေမြို့တော် El Dorado ဆီ မတော်တဆ ရောက်ရှိသွားကာ နတ်ဘုရားအဖြစ် ဟန်ဆောင်ခဲ့ကြတဲ့ လူလိမ်နှစ်ယောက် Tulio နဲ့ Miguel တို့ရဲ့ ဟာသနှင့် စွန့်စားခန်းအပြည့် DreamWorks အန်နီမေးရှင်း ရုပ်ရှင်အနှစ်ချုပ်။

ကျောင်းလခနဲ့ ဆိုင်ကယ်အစုတ်ဝယ်ပြီး လမ်းသရဲလုပ်ချင်တဲ့ ကောင်လေးနဲ့၊ အတိတ်ဆိုးတွေကို ဖုံးကွယ်ထားတဲ့ မာဖီးယားစားဖိုမှူးကြီးတို့ ဆုံတွေ့ကြတဲ့အခါ... ဟာသ၊ အက်ရှင်နဲ့ ဘဝသင်ခန်းစာတွေ ပြည့်နှက်နေတဲ့ Start-Up (2019) ရုပ်ရှင် ဇာတ်လမ်းအကျဉ်း။