Search Data Lam Hnyin Articles

ပါရမီရှင်တွေက မွေးရာပါလား၊ လေ့ကျင့်ယူလို့ရလား - ဉာဏ်ကြီးရှင်တို့၏ သိပ္ပံနည်းကျ လျှို့ဝှက်ချက်

ဉာဏ်ကြီးရှင်ဆိုတာ ကြိုးစားလေ့ကျင့်မှုသက်သက်ဖြင့် ဖန်တီးယူနိုင်သလား၊ သို့မဟုတ် DNA နှင့် မွေးရာပါ စွမ်းရည်များကသာ အဆုံးအဖြတ်ပေးနေသလားဆိုသည့် မေးခွန်းကို အာရုံကြောသိပ္ပံ အထောက်အထားများဖြင့် ရှင်းလင်းတင်ပြချက်။

Share

ကျွန်တော်တို့ Elon Musk၊ Leonardo da Vinci တို့လို လူတွေအကြောင်း ဗီဒီယိုလုပ်တဲ့အခါ စိတ်ထဲမှာ တော်တော်လေး စူးစမ်းချင်စရာကောင်းတဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ ဒီလူတွေက ဘာလို့များ ဒီလောက်တောင် တော်နေရတာလဲ၊ ဘာလို့ ဒီလောက်တောင် အောင်မြင်ထွန်းပေါက်နေကြတာလဲ ဆိုတာပါပဲ။ ခေတ်အခြေအနေတွေ မတူကြဘူး၊ နောက်ခံတွေ မတူကြဘူး။ ဒါပေမဲ့ လူတိုင်းက သူတို့ကို ကြည့်လိုက်ရင် “Genius” (ဉာဏ်ကြီးရှင်) ဆိုတာမျိုး တန်းပြီး ကောက်ချက်ချရလောက်အောင်ကို တော်နေကြတာပါ။

စဉ်းစားတော့ စဉ်းစားစရာပါပဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း အဲဒီလောက်ကြီး မဟုတ်ရင်တောင်မှ စာသိပ်မကျက်ဘဲနဲ့ အမြဲတမ်း အတန်းထဲမှာ ကိုယ့်ထက်သာပြီး အဆင့် ၁ ရနေတဲ့သူမျိုးတွေကို တွေ့ဖူးကြပါလိမ့်မယ်။ ဆိုတော့ Genius တွေက မွေးကတည်းက ဉာဏ်ကြီးရှင်အဖြစ် မွေးဖွားလာတာလား၊ ဒါမှမဟုတ် လေ့ကျင့်ယူထားလို့ Genius ဖြစ်လာတာလား။ တရုတ်သိုင်းကားတွေထဲကလို ခေါင်းကို ရုတ်တရက် ထိခိုက်မိပြီး ဉာဏ်ပညာတွေ ပွင့်သွားတဲ့ အဖြစ်အပျက်မျိုးတွေရော တကယ် ရှိရဲ့လား။ အဲဒါတွေကို ဒီနေ့ ဆောင်းပါးမှာ အတူတူ ဆက်ပြီး လေ့လာကြည့်ကြပါမယ်။ ကော်ဖီလေး သွားဖျော်ပြီး အေးအေးဆေးဆေး ဆက်ကြည့်လိုက်ရအောင်ပါ။

ပုံပြင်လေးတစ်ပုဒ်နဲ့ ကျွန်တော်တို့ စတင်လိုက်ကြရအောင်။ ဒီမေးခွန်းကို အသည်းအသန် စူးစမ်းချင်လွန်းလို့ အဖြေရဖို့အတွက် မိန်းမယူ၊ ကလေးမွေးပြီး စမ်းသပ်ပြခဲ့တဲ့ လူတစ်ယောက် ရှိပါတယ်။ ဇာတ်လမ်းလေးက ၁၉၆၉ ခုနှစ်မှာ ဟန်ဂေရီနိုင်ငံသား ပညာရေးစိတ်ပညာရှင် László Polgár ဆိုတဲ့ လူကနေ စတင်ခဲ့တာပါ။ သူက Klara လို့ခေါ်တဲ့ ယူကရိန်းသူ ကျောင်းဆရာမတစ်ယောက်ဆီကို လက်ထပ်ခွင့်တောင်းတဲ့ စာတွေ စတင် ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ လက်ထပ်ခွင့်ဆိုတာထက် သူ့ခေါင်းထဲက စွဲလမ်းနေတဲ့ အယူအဆတစ်ခုကို ရေးသားခဲ့တာပါ။ အဲဒါကတော့ “ကျန်းမာတဲ့ ကလေးတစ်ယောက်ကို ငယ်ငယ်ကတည်းက သေချာ စနစ်တကျ ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးမယ်ဆိုရင် ကမ္ဘာ့အဆင့်မီ ပါရမီရှင်တစ်ယောက် ဖြစ်လာအောင် ပုံသွင်းယူလို့ ရတယ်” ဆိုတဲ့ သီအိုရီပါပဲ။

ဖြစ်ချင်တော့ အဲဒီ ကျောင်းဆရာမ Klara ကလည်း အဲဒီ စမ်းသပ်ချက်ကို သဘောတူ လက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ လက်ထပ်လိုက်ကြပြီး Budapest မြို့က တိုက်ခန်းလေးတစ်ခုထဲကို ပြောင်းရွှေ့ နေထိုင်ကြပါတယ်။ အဲဒီ တိုက်ခန်းလေးကို သူတို့ရဲ့ အစီအစဉ်အတိုင်း စစ်တုရင် (Chess) ပါရမီရှင်တွေ မွေးထုတ်ပေးမယ့် နေရာအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ အခန်းရဲ့ နံရံတွေမှာ စစ်တုရင် စာအုပ်ပေါင်း ၁ သောင်းကျော်ကို စီရရီ ထားရှိထားပြီး စစ်တုရင် ပွဲစဉ်တွေ၊ နည်းဗျူဟာတွေကို မှတ်တမ်းတင်ထားတဲ့ ကတ်ပြားပေါင်း ၄ သိန်းကျော်ကို သေချာ စုစည်းထားပါတယ်။

သူတို့ရဲ့ သမီး ၃ ယောက်ဖြစ်တဲ့ Susan, Sofia နဲ့ Judit တို့ အသက် ၄ နှစ် ပြည့်တာနဲ့ လေ့ကျင့်ခန်းတွေ စတင်ပါတော့တယ်။ ကလေးတွေကို ကျောင်းမထားဘဲ အိမ်မှာပဲ Homeschooling လုပ်ပြီး စာသင်ပေးပါတယ်။ သူတို့ရဲ့ နေ့စဉ် အချိန်ဇယားထဲမှာ နိုင်ငံခြား ဘာသာစကားတွေ၊ အဆင့်မြင့် သင်္ချာတွေ၊ ကိုယ်ကာယ ကြံ့ခိုင်ရေးတွေအပြင် အလွန် တော်တဲ့ ပြိုင်ဘက်တွေနဲ့ စစ်တုရင် လေ့ကျင့်တဲ့ အချိန်တွေနဲ့သာ ပြည့်နှက်နေခဲ့ပါတယ်။

ရလဒ်ကတော့ “ပါရမီရှင်ဆိုတာ မွေးရာပါ မဟုတ်ဘူး၊ လေ့ကျင့် ဖန်တီးယူလို့ ရတယ်” ဆိုတာကို ငြင်းမရအောင် သက်သေပြလိုက်နိုင်တာပါပဲ။ အကြီးဆုံးဖြစ်တဲ့ Susan ဟာ Grandmaster ဖြစ်လာခဲ့ပြီး အမျိုးသမီး ကမ္ဘာ့ချန်ပီယံ ဖြစ်သွားပါတယ်။ ဒုတိယသမီး Sofia ကတော့ International Master ဖြစ်လာခဲ့ပြီး ရောမမြို့မှာ ကျင်းပတဲ့ ထိပ်တန်း ပြိုင်ပွဲတစ်ခုမှာ ၉ ပွဲ ကစား၊ ၈ ပွဲခွဲ နိုင်တဲ့အထိ စံချိန်တင် အောင်မြင်ခဲ့ပါတယ်။ အငယ်ဆုံးသမီး Judit ကတော့ အသက် ၁၅ နှစ်နဲ့ သမိုင်းမှာ အသက်အငယ်ဆုံး Grandmaster ဖြစ်လာခဲ့ပြီး Bobby Fischer ရဲ့ စံချိန်ကိုတောင် ချိုးဖျက်ပစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာ့အဆင့် ၈ အထိ ရောက်ရှိလာခဲ့ပြီး ကမ္ဘာ့ချန်ပီယံ Garry Kasparov ကိုတောင် အနိုင်ကစားပြခဲ့ပါတယ်။

ဒီဇာတ်လမ်းဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာတဲ့အထိ လူတွေကို ယုံကြည်မှုတစ်ခု ပေးခဲ့ပါတယ်။ လူတွေရဲ့ မူလ စွမ်းရည်ဆိုတာ စာရွက်ဖြူ ဗလာတစ်ရွက်လိုပဲဖြစ်ပြီး၊ နာရီပေါင်း သောင်းနဲ့ချီ အပတ်တကုတ် လေ့ကျင့်မယ်ဆိုရင် ဘယ်သူမဆို ပါရမီရှင်တစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတဲ့ အတွေးအခေါ်ပါပဲ။

ဒီလောက်ဆိုရင် Genius တွေကို လေ့ကျင့် မွေးထုတ်လို့ ရတယ်ဆိုတာ သက်သေပြပြီးပြီ၊ မေးခွန်းလည်း အဖြေထွက်ပြီမို့ ဗီဒီယို ဒီမှာတင် ပြီးပြီလို့ ထင်စရာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလောက်အထိ မရိုးရှင်းပါဘူး။ သူ လုပ်ခဲ့တဲ့ စမ်းသပ်မှုကြီးမှာ ကြီးမားတဲ့ သိပ္ပံနည်းကျ ကွက်လပ်ကြီးတစ်ခု ရှိနေပါတယ်။ ထောက်ပြစရာ အချက်ကတော့ Susan, Sofia နဲ့ Judit တို့ဟာ လမ်းပေါ်က ကောက်ခေါ်လာတဲ့ ကလေးတွေ မဟုတ်ပါဘူး။ ပညာတတ်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ မိဘနှစ်ပါးဆီကနေ မွေးဖွားလာတဲ့ ညီအစ်မအရင်းတွေ ဖြစ်နေကြတာပါ။ ပိုပြီး ထင်ရှားတာက အားလုံး အတူတူ လေ့ကျင့်ခဲ့ကြတာ ဖြစ်ပေမဲ့ စစ်တုရင်မှာ သူတို့ရဲ့ အမြင့်ဆုံး Rating တွေက အများကြီး ကွာဟခဲ့ပါတယ်။ ၂၅၀၀ ဝန်းကျင်ကနေ Judit ရဲ့ အမြင့်ဆုံး Rating ၂၇၃၅ အထိ သိသိသာသာ ကွာခြားခဲ့ပါတယ်။

ဆိုတော့ “သေချာ စနစ်တကျ လေ့ကျင့်ရုံ (Training) နဲ့ တကယ်ပဲ Genius ဖြစ်လာနိုင်မှာလား” ဆိုတဲ့ မေးခွန်းက ထပ်ပေါ်လာပါတယ်။ နောက်ထပ် Case Study တစ်ခုကို ကျွန်တော်တို့ ထပ်ကြည့်ကြရအောင်။

၁၉၉၃ ခုနှစ်တုန်းက စိတ်ပညာရှင် Anders Ericsson က အဲဒီ မေးခွန်းကို အဖြေရှာဖို့ ကြိုးစားခဲ့ပါတယ်။ တကယ် ထူးချွန်တဲ့သူတွေနဲ့ သာမန်အဆင့် ရှိတဲ့သူတွေကြားမှာ ဘာတွေ ကွာခြားသလဲဆိုတာကို သူက တယောကျောင်းသားတွေကို အုပ်စု ၃ စု ခွဲပြီး လေ့လာခဲ့ပါတယ်။

အုပ်စု ၁ က နိုင်ငံတကာအဆင့် Solo တီးခတ်မယ့် အတော်ဆုံး အုပ်စု အုပ်စု ၂ က ဒေသတွင်း သံစုံတီးဝိုင်းလောက်မှာ ဝင်တီးမယ့် အလယ်အလတ် အုပ်စု၊ အုပ်စု ၃ က သာမန် ဝါသနာရှင်အဆင့် ဂီတဆရာလောက်သာ ဖြစ်လာမယ့် အုပ်စု၊ ပြီးတော့ သူတို့ ငယ်စဉ်ကတည်းက အချိန်တွေကို ဘယ်လို အသုံးချခဲ့သလဲဆိုတာကို ပြန်လည် ခြေရာခံ လေ့လာခဲ့ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက ပျော်ရုံ သက်သက် တီးခတ်လေ့ကျင့်တာတွေကို မှတ်တမ်းတင်တာ မဟုတ်ပါဘူး။ သူ အဓိကထား မှတ်တမ်းတင်တာက “Deliberate Practice” လို့ခေါ်တဲ့ ရည်ရွယ်ချက်ရှိရှိ သီးသန့် လေ့ကျင့်မှု ဖြစ်ပါတယ်။

Deliberate Practice ဆိုတာ ကိုယ် ရပြီးသား သီချင်းတွေကို အလွတ် ပြန်တီးနေတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အားနည်းချက်ကို သိသိသာသာ ပြင်ဆင်နိုင်ဖို့အတွက် လက်ရှိ လုပ်နိုင်တာထက် ပိုမို ခက်ခဲတဲ့ အရာတွေကို အာရုံစူးစိုက်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ရတာ ဖြစ်ပါတယ်။ ပျော်စရာ မကောင်းသလို စိတ်ပိုင်းဆိုင်ရာအရလည်း တော်တော်လေး ပင်ပန်းတဲ့ အလုပ်တစ်ခုပါ။ ဒါဟာ ပျော်စရာကောင်းတယ်လို့ ထင်ရတဲ့ အလုပ်တိုင်းမှာ ရှိပါတယ်။ ဥပမာ - Esports Pro Player တွေလိုပေါ့။ ခင်ဗျား ဂိမ်းဆော့ရတာ ဝါသနာပါပြီး ပျော်နေပေမဲ့ Esports Pro Player တွေ လေ့ကျင့်ရတဲ့ Routine ကိုသာ တွေ့ရင် ဆက်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ Deliberate Practice ဆိုတာ အဲဒီလို ခက်ခဲပင်ပန်းတဲ့ လေ့ကျင့်မှုကို ဆိုလိုတာပါ။

ဒီလိုနဲ့ အသက် ၂၀ အရွယ်အထိ သူတို့ လေ့ကျင့်ခဲ့တဲ့ အချိန်တွေကို ပေါင်းစပ်ကြည့်လိုက်တဲ့အခါ ကွာဟချက်က ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာပါတယ်။ သာမန် အုပ်စုက နာရီ ၄၀၀၀ လောက်သာ လေ့ကျင့်ခဲ့ပြီး၊ အလယ်အလတ် အုပ်စုက နာရီ ၈၀၀၀ လောက် ရှိပါတယ်။ အတော်ဆုံး အုပ်စုကတော့ ပျမ်းမျှအားဖြင့် နာရီပေါင်း ၁ သောင်းနီးပါး လေ့ကျင့်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

အဲဒီ သုတေသန ရလဒ် အပြင်ရောက်သွားတဲ့အခါ Malcolm Gladwell ရဲ့ “10,000-Hour Rule” (နာရီ ၁ သောင်း စည်းမျဉ်း) ဆိုပြီး နာမည်ကျော် လူသိများတဲ့ အယူအဆတစ်ခု ဖြစ်လာခဲ့ပါတယ်။ “ပါရမီဆိုတာ အလကားပဲ၊ မင်း ဘယ်အလုပ်ကိုမဆို အာရုံစိုက်ပြီး နာရီ ၁ သောင်းပြည့်အောင် Deliberate Practice လုပ်မယ်ဆိုရင် ထိပ်တန်း ပါရမီရှင် ဖြစ်လာမယ်” ဆိုတဲ့ သဘောမျိုးပါ။

ဒါပေမဲ့ တကယ့် Data တွေထဲမှာတော့ အဲဒီလို မဟုတ်ပါဘူး။ အဲဒီ နာရီ ၁ သောင်းဆိုတာ အောင်မြင်မှုဆီ သွားတဲ့ မှော်အတုတ် လျှို့ဝှက်ချက် မဟုတ်သလို၊ လူတိုင်းအတွက် နာရီ ၁ သောင်း ပြည့်ရုံနဲ့ အောင်မြင်မယ်ဆိုတဲ့ အာမခံချက်လည်း မရှိပါဘူး။ အဲဒါဟာ အုပ်စုတစ်ခုရဲ့ ပျမ်းမျှ သင်္ချာကိန်းဂဏန်း သက်သက်သာ ဖြစ်ပါတယ်။ အတော်ဆုံး အုပ်စုထဲမှာတင် တစ်ယောက်နဲ့တစ်ယောက် လေ့ကျင့်ခဲ့တဲ့ အချိန်တွေက ကွာခြားနေဆဲပါ။ တချို့က နာရီ ၁ သောင်း မပြည့်ဘဲ ထိပ်တန်း ရောက်သွားကြသလို၊ တချို့ကျတော့ နာရီပေါင်းများစွာ ပိုမို လေ့ကျင့်ခဲ့ပေမဲ့ အတော်ဆုံး အုပ်စုထဲ မပါဝင်နိုင်ခဲ့ပါဘူး။ Ericsson ကိုယ်တိုင်ကလည်း အဲဒီ “နာရီ ၁ သောင်း စည်းမျဉ်း” ဆိုပြီး ပုံသေ ကောက်ချက်ချတာကို ပြန်လည် ကန့်ကွက်ခဲ့ပါတယ်။ ကိန်းဂဏန်းတစ်ခုတည်းနဲ့ ပါရမီရှင် ဖြစ်လာမှုကို အာမမခံနိုင်ပါဘူး။

ဒါကြောင့် ၂၀၁၄ ခုနှစ်မှာ စိတ်ပညာရှင် Brooke Macnamara, David Hambrick နဲ့ Frederick Oswald တို့က Deliberate Practice အပေါ် ထားရှိတဲ့ အယူအဆတွေကို ပြန်လည် ဆန်းစစ်ဖို့အတွက် Meta-analysis သုတေသနကြီးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ဂီတကျောင်းလေးတစ်ခုက လူအနည်းငယ်ကို လေ့လာတာ မဟုတ်တော့ဘဲ၊ နယ်ပယ်အသီးသီးက လူပေါင်း ၁၁,၀၀၀ ကျော် ပါဝင်တဲ့ သီးခြား သုတေသန ၈၈ ခုရဲ့ Data တွေကို စုစည်း လေ့လာခဲ့တာ ဖြစ်ပါတယ်။

သူတို့ သိချင်တာက အလွန် တိကျပါတယ်။ လူတွေရဲ့ စွမ်းဆောင်ရည် ကွာဟချက်တွေမှာ ဒီလို စနစ်တကျ လေ့ကျင့်မှုတွေက ဘယ်လောက် ရာခိုင်နှုန်းအထိ အကျိုးသက်ရောက်မှု ရှိသလဲဆိုတာပါပဲ။ ထွက်ပေါ်လာတဲ့ ရလဒ်တွေကတော့ “လေ့ကျင့်မှု သာလျှင် အရာရာ” ဆိုတဲ့ အယူအဆဟောင်းကို တော်တော်လေး ရိုက်ချိုး ပစ်လိုက်နိုင်ပါတော့တယ်။

Deliberate Practice က စွမ်းဆောင်ရည် ကွာဟချက်ရဲ့ ပျမ်းမျှအားဖြင့် ၁၂% လောက်ကိုပဲ ရှင်းပြနိုင်ပါတယ်။ ကျန်တဲ့ ၈၈% သော ကွာဟချက်က ဘာကြောင့် ဖြစ်နေရတာလဲဆိုတာကို လေ့ကျင့်မှုတစ်ခုတည်းနဲ့ ရှင်းပြလို့ မရနိုင်ဘဲ ဖြစ်နေပါတယ်။ Data Science တို့၊ Machine Learning တို့ လေ့လာဖူးတဲ့သူတွေဆိုရင် သိပါလိမ့်မယ်။ Linear Regression မှာ R-squared တန်ဖိုး ၁၂% လောက်ပဲ ရတဲ့ သဘောပါပဲ။

နယ်ပယ်အလိုက် ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်မယ်ဆိုရင် လေ့ကျင့်မှုရဲ့ အခန်းကဏ္ဍဟာ တဖြည်းဖြည်း လျော့ကျသွားတာကို တွေ့ရပါလိမ့်မယ်။

စည်းမျဉ်းစည်းကမ်း တိကျသေချာတဲ့ ဘုတ်ဂိမ်းတွေ၊ ဗီဒီယိုဂိမ်းတွေမှာ လေ့ကျင့်မှုက ၂၆% အထိ အကျိုးသက်ရောက်မှု ရှိပါတယ်။

ဂီတနယ်ပယ်မှာ ၂၁%၊ အားကစားနယ်ပယ်မှာ ၁၈%၊ ပညာရေးနယ်ပယ်မှာကျတော့ ၄% အထိ ထိုးကျသွားပါတယ်။

ပိုဆိုးတာကတော့ ခင်ဗျားတို့ ကျွန်တော်တို့ အများစု လုပ်ကိုင်နေကြတဲ့ လက်တွေ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်တွေမှာ ဖြစ်ပါတယ်။ အဲဒီမှာဆိုရင် လေ့ကျင့်မှုကြောင့် စွမ်းဆောင်ရည် ကွာဟသွားတယ်ဆိုတာ ၁% တောင် မပြည့်ပါဘူး။

ဘာကြောင့် ဒီလောက်တောင် ကွာဟသွားရတာလဲ။ အဓိက အကြောင်းအရင်းကတော့ ကိုယ် လုပ်ကိုင်ရမယ့် အလုပ်ရဲ့ “ကြိုတင် ခန့်မှန်းနိုင်မှု” (Predictability) သဘောတရားပေါ်မှာ မူတည်နေလို့ပါ။ စည်းမျဉ်းတွေက ပုံသေဖြစ်ပြီး ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာကို ချက်ချင်း သိနိုင်တဲ့ အခြေအနေမျိုး (ဥပမာ - စစ်တုရင် ကစားတာ ဒါမှမဟုတ် Classical ဂီတ တီးခတ်တာမျိုးတွေ) မှာ Deliberate Practice က အလုပ်ဖြစ်ပါတယ်။ အဲဒါတွေက ကျွမ်းကျင်မှုကို တည်ဆောက်ပေးလို့ ရတဲ့ နယ်ပယ်တွေပါ။ ဒါပေမဲ့ အဲဒီလို အကောင်းဆုံး အခြေအနေတွေမှာတောင်မှ စွမ်းဆောင်ရည် ကွာဟချက်ရဲ့ ၇၅% လောက်ကို လေ့ကျင့်မှုတစ်ခုတည်းနဲ့ ရှင်းပြဖို့ မလုံလောက်သေးပါဘူး။

အပြင်လောက လုပ်ငန်းခွင်တွေလို ပြဿနာတွေက အမြဲတမ်း ပြောင်းလဲနေပြီး ကိုယ် လုပ်လိုက်တဲ့ အလုပ်ရဲ့ ရလဒ်ကို ချက်ချင်း မသိနိုင်တဲ့ နေရာမျိုးတွေမှာဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။ လူတစ်ယောက် ဘယ်လောက် လေ့ကျင့်ထားသလဲဆိုတာကို ကြည့်ပြီး သူ ထိပ်တန်း ရောက်မလား၊ မရောက်ဘူးလားဆိုတာကို ခန့်မှန်းဖို့ အလွန် ခက်ခဲသွားပါတယ်။

Fernand Gobet နဲ့ Guillermo Campitelli တို့ရဲ့ စစ်တုရင် ကစားသမားတွေကို လေ့လာထားတဲ့ သုတေသနမှာ ဒါကို ပိုပြီး ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။ Master အဆင့်ကို ရောက်ဖို့အတွက် ကစားသမားတွေရဲ့ လေ့ကျင့်ချိန်တွေဟာ အလွန်ကို ကွာဟနေခဲ့ပါတယ်။ တချို့က Deliberate Practice နာရီပေါင်း ၃,၀၀၀ လောက်နဲ့တင် Master ဖြစ်သွားကြပေမဲ့ တချို့ကျတော့ ပြင်းပြင်းထန်ထန် နာရီပေါင်း ၂၅,၀၀၀ ကျော် လေ့ကျင့်ခဲ့တာတောင်မှ အဲဒီအဆင့်ကို ဘယ်တော့မှ ရောက်မလာခဲ့ပါဘူး။ လေ့ကျင့်တဲ့ အချိန်တစ်ခုတည်းနဲ့တင် ဒီလူ ဘယ်လောက်အထိ တော်လာမလဲဆိုတာကို ကြိုတင် ခန့်မှန်းလို့ မရပါဘူး။

ဒီနေရာမှာ လေ့ကျင့်မှုက အရေးမပါဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး။ ထိပ်တန်းကို ရောက်ဖို့အတွက် နာရီပေါင်း ထောင်သောင်းချီ ပြင်ဆင်ရတာဟာ မဖြစ်မနေ လိုအပ်တဲ့ အခြေခံလိုအပ်ချက် (Prerequisite) တစ်ခု ဖြစ်ပါတယ်။ လေ့ကျင့်မှု မရှိဘဲနဲ့တော့ ပါရမီရှင် ဖြစ်နေရုံနဲ့ Grandmaster ဘယ်တော့မှ ဖြစ်မလာနိုင်သလို၊ နိုင်ငံတကာအဆင့် အားကစားသမားတစ်ယောက်လည်း ဖြစ်မလာနိုင်ပါဘူး။ လူတိုင်းကတော့ လေ့ကျင့်ကြရတာပါပဲ။ ဒါပေမဲ့ အဲဒီ လေ့ကျင့်မှုကနေ ရရှိလာတဲ့ အောင်မြင်မှု အတိုင်းအတာကတော့ တစ်ယောက်နဲ့တစ်ယောက် အလွန် ကွာခြားနိုင်ပါတယ်။ ဆိုလိုတာက လေ့ကျင့်မှုဆိုတာ အောင်မြင်မှုအတွက် လိုအပ်တဲ့ “ဝင်ခွင့်လက်မှတ်” သာ ဖြစ်ပြီး “နောက်ဆုံး အဖြေ” မဟုတ်ပါဘူး။

လေ့လာခဲ့တဲ့ နယ်ပယ်တိုင်းမှာ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်တွေရဲ့ ၇၄% ကနေ ၉၉% အထိဟာ လေ့ကျင့်မှု သက်သက်နဲ့ လုံးဝ မသက်ဆိုင်နေခဲ့ပါဘူး။

ဒါဆိုရင် မေးစရာ ရှိလာပါတယ်။ လေ့ကျင့်မှုက လူတစ်ယောက်ရဲ့ အောင်မြင်မှုမှာ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုလောက်သာ နေရာယူတယ်ဆိုရင် ကျန်တဲ့ ကြီးမားတဲ့ ကွာဟချက်တွေကို ဖန်တီးပေးနေတဲ့ တိုင်းတာလို့ မရနိုင်တဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာ စွမ်းရည်တွေက ဘာတွေများ ဖြစ်မလဲ။

အဲဒါကို စမ်းသပ်ဖို့အတွက် “Complex Operation Span Task” ဆိုတဲ့ စမ်းသပ်နည်းနဲ့ စမ်းသပ်ကြပါတယ်။ ဘယ်လို စမ်းသပ်သလဲဆိုရင် Screen ပေါ်မှာ သင်္ချာပုစ္ဆာတစ်ခု ပေါ်လာပါမယ်။ ဥပမာ - (9×4)−6=30 မှန်သလား၊ မှားသလားဆိုတာကို ဖြေရပါမယ်။ ဖြေပြီးတာနဲ့ အင်္ဂလိပ် အက္ခရာတစ်လုံး ပေါ်လာပါမယ်။ ပြီးရင် နောက်ထပ် သင်္ချာပုစ္ဆာတစ်ခု ပေါ်လာမယ်၊ အက္ခရာ နောက်တစ်လုံး ပေါ်လာမယ်။ ဒီလိုနဲ့ အကြိမ်ရေ တော်တော်များများ ပြီးသွားတဲ့အခါ Display က အမည်းရောင် ပြောင်းသွားပါတော့တယ်။ အဲဒီအချိန်မှာ စမ်းသပ်ခံရသူက ပုစ္ဆာတွေကိုလည်း အမှန် ဖြေဆိုနိုင်ရမယ့်အပြင် ပေါ်လာခဲ့တဲ့ အက္ခရာတွေကိုလည်း အစီအစဉ်အတိုင်း အတိအကျ ပြန်လည် မှတ်မိရမှာ ဖြစ်ပါတယ်။

ဒါဟာ ရိုးရိုး အလွတ်ကျက်ခိုင်းတာ မဟုတ်ပါဘူး။ “Working Memory Capacity” ကို သီးသန့် ခွဲထုတ်ပြီး တိုင်းတာတာ ဖြစ်ပါတယ်။ စိတ်ပညာရှင် Randall Engle ပြသခဲ့သလိုပဲ Working Memory ဆိုတာ အချက်အလက်တွေကို သိုလှောင်ရုံတစ်ခုလို ငြိမ်ငြိမ်လေး သိမ်းဆည်းထားပေးတာ သက်သက် မဟုတ်ပါဘူး။ သူဟာ “Executive Attention” လို့ခေါ်တဲ့ ကိုယ် အာရုံစိုက်ရမယ့် အလုပ်ကို အနှောင့်အယှက်တွေ၊ အာရုံလွှဲစရာတွေ ကြားထဲကနေ တည်တည်ငြိမ်ငြိမ် ဆက်လက် လုပ်ဆောင်နိုင်စွမ်း ဖြစ်ပါတယ်။

ဒီနေရာမှာ လူသားတွေအနေနဲ့ ဒီစွမ်းဆောင်ရည်က တော်တော်လေး ကန့်သတ်ချက် ရှိပါတယ်။ Nelson Cowan ရဲ့ လေ့လာမှုအရဆိုရင် ကျွန်တော်တို့ ဦးနှောက်ရဲ့ Working Memory ဟာ တစ်ကြိမ်မှာ အချက်အလက် ၃ ခု ဒါမှမဟုတ် ၄ ခုလောက်ကိုပဲ တစ်ပြိုင်နက်တည်း ထိန်းထားနိုင်စွမ်း ရှိပါတယ်။

Brain Training ကို ယုံကြည်တဲ့သူတွေကတော့ ဒီလိုမျိုး Mental Bandwidth ကို စနစ်တကျ လေ့ကျင့်မှုတွေနဲ့ ချဲ့ထွင်ယူလို့ ရတယ်ဆိုပြီး ငြင်းဆိုကြပါတယ်။ မှတ်ဉာဏ် အလွန်ကောင်းတဲ့ ဉာဏ်ကြီးရှင်တွေကို သာဓကပြလေ့ ရှိကြပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာ K. Anders Ericsson နဲ့ William G. Chase တို့ ပြုလုပ်ခဲ့တဲ့ ထူးခြားတဲ့ သုတေသနတစ်ခု ရှိပါတယ်။

“S.F.” လို့ အမည်ပေးထားတဲ့ တက္ကသိုလ်ကျောင်းသား အပြေးသမားတစ်ယောက်ဟာ ဂဏန်းတွေကို မှတ်သားရတဲ့ စမ်းသပ်မှုတစ်ခုအတွက် နာရီပေါင်း ရာနဲ့ချီ လေ့ကျင့်ခဲ့ပါတယ်။ စစချင်းမှာ သူဟာ သာမန်လူတွေလိုပဲ ဂဏန်း ၇ လုံးလောက်ကိုသာ မှတ်မိခဲ့ပါတယ်။ ဒါပေမဲ့ လေ့ကျင့်ချိန် နာရီ ၂၀၀ ကျော် သွားတဲ့အခါမှာတော့ တစ်စက္ကန့်ကို တစ်လုံးနှုန်းနဲ့ ရွတ်ပြတဲ့ ဂဏန်း ၈၂ လုံးအထိကို အမှားအယွင်းမရှိ ပြန်လည် ပြောပြနိုင်လာခဲ့ပါတယ်။

ဒါကို ကြည့်ရင် ဦးနှောက်ရဲ့ စွမ်းဆောင်ရည် အကြီးအကျယ် တိုးတက်သွားပြီလို့ ထင်စရာပါပဲ။ ဒါပေမဲ့ တကယ်တမ်းကတော့ အဲဒီလို မဟုတ်ပါဘူး။ သူဟာ အဝေးပြေး အားကစားသမားတစ်ယောက် ဖြစ်နေတာကြောင့် ဂဏန်းတွေကို အပြေးမှတ်တမ်း အချိန်တွေအဖြစ် ပြောင်းလဲပြီး မှတ်သားလိုက်တာပါ။ ဥပမာ - “၃၅၉၄” ဆိုတဲ့ ဂဏန်းကို “၃ မိနစ် ၅၉ ဒသမ ၄ စက္ကန့်” ဆိုပြီး အစုအဖွဲ့ (Chunking) အဖြစ် ဖွဲ့စည်းကာ Long-term Memory ထဲ ထည့်သွင်း သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။ အဲဒါကို ရိပ်မိသွားတဲ့ သုတေသီတွေက ဂဏန်းတွေနေရာမှာ အင်္ဂလိပ် အက္ခရာတွေကို ပြောင်းလဲ စမ်းသပ်လိုက်တဲ့အခါ သူ့ရဲ့ မှတ်ဉာဏ်ဟာ မူလအတိုင်း ၇ လုံးဝန်းကျင်အထိ ချက်ချင်း ပြန်လည် ထိုးကျသွားခဲ့ပါတယ်။

ဆိုလိုတာက S.F. ဟာ တကယ့် Working Memory Capacity ကို ချဲ့ထွင်လိုက်တာ မဟုတ်ဘဲ Memory Chunking နည်းလမ်းကို သုံးပြီး Indexing Strategy တစ်ခုကို တည်ဆောက်လိုက်တာသာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်မှုမှာ Raw Working Memory အစစ်ကတော့ နဂိုအတိုင်း ဘာမှ ပြောင်းလဲမသွားပါဘူး။ ဒါဟာ ကွန်ပျူတာ Hard Drive ထဲက ဖိုင်တွေကို Zip ချုံ့လိုက်သလိုမျိုးသာ ဖြစ်ပြီး RAM ကို ထပ်တိုးလိုက်တာ မဟုတ်ပါဘူး။

ဆိုလိုတာက ခင်ဗျားအနေနဲ့ မနားတမ်း လေ့ကျင့်ပြီး သီးသန့် နယ်ပယ်တစ်ခုအတွက် ကျွမ်းကျင်မှုကို တည်ဆောက်ယူလို့ ရနိုင်ပေမဲ့ ခင်ဗျားရဲ့ အခြေခံ Executive Attention ကတော့ မူလအတိုင်းပဲ ဆက်ရှိနေဦးမှာပါ။ Software ကို Update လုပ်လို့ ရပေမဲ့ Hardware RAM ကိုတော့ လေ့ကျင့်ရုံနဲ့ Upgrade လုပ်လို့ မရနိုင်ပါဘူး။

ဒါဆိုရင် ကျွန်တော်တို့ရဲ့ ဒီ အခြေခံ Bandwidth နဲ့ ကန့်သတ်ချက်တွေဟာ ဘယ်ကနေ ရောက်ရှိလာတာလဲ။ မွေးကတည်းက ဒီစွမ်းရည်တွေရဲ့ ဘယ်လောက် ရာခိုင်နှုန်းက ကျွန်တော်တို့ရဲ့ DNA ထဲမှာ ရေးဆွဲ သတ်မှတ်ပြီးသား ဖြစ်နေတာလဲ။

နောက်ထပ် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ခုနဲ့ ဆက်လက် လေ့လာကြည့်ကြပါမယ်။ ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလမှာ အသက် ၃၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Jim Lewis နဲ့ Jim Springer ဆိုတဲ့ အမွှာညီအစ်ကိုနှစ်ယောက် ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်။ သူတို့ဟာ မွေးဖွားပြီး တစ်လသား အရွယ်မှာတင် ကွဲကွာသွားခဲ့ပြီး မတူညီတဲ့ မိသားစုတွေဆီမှာ သီးခြားစီ ကြီးပြင်းလာခဲ့ကြတာပါ။ ဒီကြားထဲမှာ တစ်ယောက်နဲ့တစ်ယောက် ဘာအဆက်အသွယ်မှ မရှိခဲ့ပါဘူး။

University of Minnesota က စိတ်ပညာရှင်တွေက သူတို့ကို ခေါ်ယူ လေ့လာကြည့်တဲ့အခါ တွေ့ရှိရတဲ့ တိုက်ဆိုင်မှုတွေဟာ အလွန်ကို အံ့အားသင့်စရာ ကောင်းနေခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ကားအမျိုးအစားတူ မောင်းနှင်ကြတယ်၊ စီးကရက် တံဆိပ်တူ သောက်ကြတယ်၊ သစ်သားလက်မှုပစ္စည်း ပြုလုပ်တဲ့ ဝါသနာတူ ရှိကြသလို၊ သူတို့ရဲ့ သားဦးလေးတွေကိုတောင်မှ “James Alan” ဆိုပြီး နာမည်တူ ပေးထားခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီထက် ပိုမို ထူးဆန်းပြီး စိတ်ပညာရှင်တွေကို အံ့အားသင့်စေခဲ့တာကတော့ သူတို့ရဲ့ Cognitive Performance လို့ခေါ်တဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေပါပဲ။

သူတို့အဖွဲ့ဟာ ကွဲကွာနေတဲ့ အမွှာအတွဲပေါင်း ၁၀၀ ကျော်ကို “Minnesota Study of Twins Reared Apart” သုတေသနမှာ အသေးစိတ် စမ်းသပ်လေ့လာခဲ့ပါတယ်။ မွေးကတည်းက ကွဲကွာသွားတဲ့ အမွှာတွေရဲ့ IQ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ အမူအကျင့်တွေကို တိုင်းတာကြည့်တဲ့အခါ မတူညီတဲ့ မိသားစု၊ မတူညီတဲ့ စီးပွားရေး အခြေအနေနဲ့ မတူညီတဲ့ ကျောင်းတွေမှာ ကြီးပြင်းခဲ့ကြပေမဲ့ သူတို့ရဲ့ အခြေခံ ဉာဏ်ရည်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကတော့ အံ့ဩစရာ ကောင်းလောက်အောင် ထပ်တူနီးပါး ကျနေခဲ့တာကို တွေ့ရပါတယ်။

ကျွန်တော်တို့ရဲ့ ပုံမှန် အထင်ကတော့ ဇီဝဗေဒဆိုင်ရာ မျိုးရိုးဗီဇဟာ ကလေးဘဝမှာပဲ အရေးအပါဆုံးဖြစ်ပြီး၊ ကြီးပြင်းလာတာနဲ့အမျှ ကျောင်းပညာရေး၊ မိဘရဲ့ ပြုစုပျိုးထောင်မှုနဲ့ ဘဝအတွေ့အကြုံတွေက ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇကို ဖုံးလွှမ်းသွားလိမ့်မယ်လို့ ထင်မှတ်တတ်ကြပါတယ်။ ဒါပေမဲ့ Behavioral Genetics လို့ခေါ်တဲ့ ရေရှည် လေ့လာမှုတွေအရ တွေ့ရှိရတာကတော့ ဒီအယူအဆရဲ့ ပြောင်းပြန်ကြီး ဖြစ်နေပါတယ်။

ဖွံ့ဖြိုးမှု စိတ်ပညာမှာ ဒါကို “Wilson Effect” လို့ ခေါ်ပါတယ်။ Ronald Wilson က စတင် တွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာ Robert Plomin တို့ရဲ့ Lifespan Meta-analysis ကြီးတွေကလည်း ဒါကို ထပ်မံ အတည်ပြုပေးခဲ့ပါတယ်။ မွေးကင်းစ အရွယ်မှာ ဉာဏ်ရည်စွမ်းရည်အပေါ် မျိုးရိုးဗီဇရဲ့ လွှမ်းမိုးမှုက ၂၀% ဝန်းကျင်လောက်ပဲ ရှိပါတယ်။ ကျောင်းစတက်တဲ့ ကလေးဘဝကို ရောက်တဲ့အခါမှာတော့ ၄၀% ဝန်းကျင်အထိ တက်လာပါတယ်။ ဒါပေမဲ့ လူကြီးအရွယ် ရောက်သွားတဲ့ အချိန်မှာတော့ Heritability လို့ခေါ်တဲ့ မျိုးရိုးဗီဇ လွှမ်းမိုးနိုင်စွမ်းက ၈၀% လောက်အထိကို ထိုးတက်သွားပါတယ်။

ဘာဖြစ်လို့ အသက်ကြီးလာလေလေ ဗီဇက ပိုပြီး လွှမ်းမိုးလာရတာလဲ။ အဲဒါက “Active Gene-Environment Correlation” ဆိုတာနဲ့ သွားဆိုင်ပါတယ်။ ရိုးရိုးရှင်းရှင်း နားလည်လွယ်အောင် ပြောရရင် “Niche-picking” လို့ခေါ်တဲ့ ကိုယ်နဲ့ ကိုက်ညီမယ့် ပတ်ဝန်းကျင်ကို ကိုယ်တိုင် ရွေးချယ်မှုပါပဲ။ ကလေးဘဝ အစောပိုင်းမှာ ပတ်ဝန်းကျင်က ခင်ဗျားအပေါ် လုံးဝ အပြည့်အဝ လွှမ်းမိုးထားပါတယ်။ မိဘတွေက ခင်ဗျားရဲ့ စာအုပ်စင်ပေါ်မှာ ဘာစာအုပ်တွေ ထားမလဲ၊ ဒီနေ့ စားဖို့ ဘာတွေ ကျွေးမလဲ၊ နေ့စဉ် အချိန်ဇယား ဘယ်လို သွားမလဲဆိုတာကို ဆုံးဖြတ်ပေးခဲ့တာပါ။ အဲဒီလိုမျိုး ပံ့ပိုးမှု ကောင်းတဲ့ ပတ်ဝန်းကျင်က ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည် ရမှတ်ကို ခဏတဖြုတ်တော့ မြှင့်တင်ပေးနိုင်ပါတယ်။

ဒါပေမဲ့ လူကြီးဖြစ်လာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့် ရလာပြီဆိုတဲ့ အချိန်မှာတော့ လူတွေဟာ သူတို့ရဲ့ အခြေခံ မျိုးရိုးဗီဇ အရည်အချင်းနဲ့ ကိုက်ညီမယ့် ပတ်ဝန်းကျင်တွေကိုပဲ ကိုယ်တိုင် ရွေးချယ်၊ ပြင်ဆင်၊ တည်ဆောက်လာကြပါတယ်။ မွေးရာပါ Spatial Ability အားကောင်းတဲ့သူတွေက ပိုပြီး Challenging ဖြစ်တဲ့ ဝါသနာတွေ ရှိကြတယ်၊ Strategy ဂိမ်းတွေကို ပိုကြိုက်တတ်ကြသလို ဖတ်ရခက်ပြီး ပိုလေးနက်တဲ့ စာအုပ်တွေကို ကိုယ့်သဘောနဲ့ကိုယ် ရှာဖတ်ကြပါတယ်။ အဲဒီလိုပဲ မွေးကတည်းက လုံးဝ မတူတဲ့ သဘာဝရှိတဲ့သူကတော့ လုံးဝ မတူညီတဲ့ လှုံ့ဆော်မှုတွေကိုပဲ ရွေးချယ်ပါလိမ့်မယ်။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုက အရေးပါနေဆဲ ဆိုပေမဲ့ လူကြီးဖြစ်လာတာနဲ့အမျှ လူတွေဟာ အဲဒီ ပတ်ဝန်းကျင်ကို သူတို့ရဲ့ မျိုးရိုးဗီဇအရ ကိုယ်တိုင် ရွေးချယ် ဖန်တီးလိုက်ကြတာ ဖြစ်ပါတယ်။

ဒီရလဒ်တွေအရ ကြည့်မယ်ဆိုရင် Genius တွေဟာ ဒီအတိုင်း လေ့ကျင့်ရုံ သက်သက်နဲ့တင် Genius ဖြစ်လာတာမျိုး မဟုတ်ပါဘူး။ နဂို သူတို့ရဲ့ DNA ထဲမှာကတည်းက စူးစမ်းလေ့လာချင်တဲ့၊ နားလည်ချင်တဲ့၊ စိတ်အားထက်သန်တဲ့ တွန်းအားတွေ ပါလာကြတာပါ။ နဂို DNA ထဲမှာ Analytical Thinking ထက် Physical Activity တွေကိုပဲ အားသန်တဲ့သူတွေက အားကစားလို နယ်ပယ်မျိုးမှာ ထူးချွန်ကြတာပေါ့။ ဆိုလိုတာက ခင်ဗျားက အားကစားဘက် အားသန်ပြီး အိမ်ထောင်ဖက်ကလည်း အားကစားသမားပဲ ဖြစ်နေမယ်ဆိုရင် မွေးလာတဲ့ ကလေးက Chess Genius ဖြစ်ဖို့ထက် အားကစားသမား ဖြစ်ဖို့အတွက် ပိုပြီး နီးစပ်ပါတယ်။ ပုံသေ ပြောလို့တော့ မရဘူးဆိုပေမဲ့ ဖြစ်နိုင်ခြေကတော့ အများကြီး ပိုများပါတယ်။

ဒါပေမဲ့ အခု ကျွန်တော်တို့ ပြောခဲ့တာတွေက သာမန် Case တွေသာ ဖြစ်ပါတယ်။ အရမ်းကို ထူးဆန်းပြီး အစောပိုင်း ကာလတွေမှာ သိပ္ပံပညာနဲ့တောင် ရှင်းပြရ ခက်ခဲခဲ့တဲ့ “ရုတ်တရက် Genius ဖြစ်သွားတဲ့ ကိစ္စတွေ” လည်း တကယ်တော့ ရှိနေပါတယ်။ တရုတ်သိုင်းကားထဲမှာပဲ ရှိတာ မဟုတ်ပါဘူး။

အဲဒီလို လူတွေဟာ အရင်တုန်းက ဘာထူးခြားမှုမှ မရှိဘဲ သာမန်လူတွေချည်းပါပဲ။ ဒါပေမဲ့ ဦးနှောက် ထိခိုက်သွားတာ၊ လေဖြတ်သွားတာ ဒါမှမဟုတ် Central Nervous System လို့ခေါ်တဲ့ ဗဟိုအာရုံကြော စနစ်ကို တစ်ခုခု ပြင်းပြင်းထန်ထန် ထိခိုက်မိသွားတဲ့အခါ ဂီတ၊ အနုပညာ၊ သင်္ချာ စတဲ့ နယ်ပယ်တွေမှာ Genius လိုမျိုး စွမ်းရည်တွေ ရုတ်တရက် ပေါ်ထွက်လာတာတွေ ရှိပါတယ်။ သူတို့ဟာ အရင်တုန်းက ဒီလို အရည်အချင်းမျိုး ဘယ်တုန်းကမှ မပြသခဲ့ဖူးသလို၊ နာရီပေါင်း ထောင်သောင်းချီ လေ့ကျင့်ခဲ့တာမျိုးလည်း မရှိပါဘူး။ ဒါမျိုး စွမ်းရည်တွေ ရုတ်တရက် ရရှိလာတာက ကျွမ်းကျင်မှုတစ်ခု ရဖို့အတွက် ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်ယူရမယ်ဆိုတဲ့ အယူအဆကို အကြီးအကျယ် စိန်ခေါ်လိုက်သလို ဖြစ်နေပါတယ်။

Case တစ်ခုကို ပြောပြပါမယ်။ ၂၀၀၆ ခုနှစ် အောက်တိုဘာလတုန်းက အသက် ၃၉ နှစ်အရွယ် Derek Amato ဆိုတဲ့ လူဟာ ရေကူးကန်ရဲ့ ရေတိမ်ပိုင်းဘက်ကို ခေါင်းထိုး ခုန်ချလိုက်ပါတယ်။ သူ့ခေါင်းက ရေကန်အောက်ခြေက ကွန်ကရစ် ကြမ်းပြင်နဲ့ ပြင်းထန်စွာ ဆောင့်မိသွားခဲ့ပါတယ်။ ဒဏ်ရာကြောင့် မှတ်ဉာဏ်တွေ အကုန်လုံး ချို့ယွင်းသွားပြီး အကြားအာရုံ ၃၅% လောက် ဆုံးရှုံးသွားခဲ့ပါတယ်။ အဲဒါ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို အလည်သွားရင်း အဲဒီမှာရှိတဲ့ Keyboard တစ်ခုကို တွေ့တော့ မနေနိုင်မထိုင်နိုင် တီးချင်စိတ်တွေ ပေါ်လာပါတယ်။ အရင်က သူဟာ ဘယ်တူရိယာကိုမှ မတီးဖူးသလို Music Theory ကိုလည်း သင်ယူဖူးတဲ့သူ မဟုတ်ပါဘူး။

ဒါပေမဲ့ သူ့ရဲ့ လက်ချောင်းတွေဟာ Keyboard ခလုတ်တွေပေါ်မှာ အလွန် မြန်ဆန်စွာ ပြေးလွှားပြီး ကိုယ်တိုင် ဖန်တီးထားတဲ့ Classical သီချင်းတွေကို ၆ နာရီ ဆက်တိုက် မရပ်မနား တီးခတ်နေခဲ့ပါတယ်။ အဲဒီလို ဖြစ်သွားတဲ့ အချိန်မှာ သူ့ရဲ့ အမြင်အာရုံမှာ Synesthesia လို့ခေါ်တဲ့ ခံစားမှုမျိုးကို ရရှိခဲ့တယ်လို့ ပြန်ပြောပြပါတယ်။ မျက်စိထဲမှာ အဖြူနဲ့ အမည်း လေးထောင့်ကွက်လေးတွေ စီးဆင်းနေတာကို မြင်တွေ့နေရပြီး အဲဒီ အကွက်လေးတွေက သူ့လက်ချောင်းတွေကို ဘယ်နေရာမှာ ဘယ်လို နှိပ်ရမယ်ဆိုတဲ့ Motor Sequence တွေကို လုံးဝ Instruction ပေး ညွှန်ကြားနေသလိုပဲလို့ ဆိုပါတယ်။

အဲဒီလိုပဲ နောက်ထပ် ထင်ရှားတဲ့ လူတစ်ယောက်ကတော့ Alonzo Clemons ဆိုတဲ့သူ ဖြစ်ပါတယ်။ ကလေးဘဝမှာ Clemons ဟာ အမြင့်ကနေ ပြုတ်ကျပြီး ဦးနှောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီ ဒဏ်ရာကြောင့် သူ့ရဲ့ IQ ဟာ ၄၀ နဲ့ ၅၀ ကြားထဲမှာပဲ ရှိတော့ပြီး စကားပြောဆိုနိုင်စွမ်းလည်း တော်တော်လေး ချို့ယွင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူ့ဆီကမှ စနစ်တကျ သင်ယူဖူးခြင်း မရှိဘဲနဲ့ သူဟာ ကမ္ဘာ့အဆင့်မီ ပန်းပုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တီဗီဖန်သားပြင်ကနေ တိရစ္ဆာန်တစ်ကောင်ကို စက္ကန့် အနည်းငယ်လောက် ကြည့်လိုက်ရုံနဲ့တင် ၄၅ မိနစ်အတွင်း အဲဒီ တိရစ္ဆာန်ရဲ့ 3D ပုံစံ ဖယောင်း ဒါမှမဟုတ် ရွှံ့စေး ပန်းပုရုပ်ကို ပုံတူ ထုလုပ်ပေးနိုင်ပါတယ်။ သူ ထုလုပ်လိုက်တဲ့ ပုံတွေဟာ ကြွက်သား အနေအထား၊ အချိုးအစားနဲ့ ကိုယ်ဟန်အနေအထားကအစ ကင်မရာနဲ့ ရိုက်ထားသလို တိတိကျကျ မှန်ကန်နေခဲ့ပါတယ်။

ဒါမျိုးကကျတော့ ဘယ်လို ဖြစ်တာလဲ။ ဦးနှောက်ထဲမှာ နဂိုကတည်းက ဒါတွေက မသင်ဘဲနဲ့ ရှိနေတာလား။ ဒါဆိုရင် နာရီပေါင်း သောင်းနဲ့ချီ လေ့ကျင့်မယ့်အစား ဦးနှောက်ပါဝါ ပွင့်သွားအောင် ခေါင်းနဲ့ နံရံကို ပြေးဆောင့်လိုက်တာ ပိုမကောင်းဘူးလား။ Lucy ရုပ်ရှင်ထဲကလို Brain Power ကို ၁၀၀% အပြည့် သုံးလို့ မရဘူးလား။ အဲဒီအပိုင်းကို ဆက်ကြည့်ကြရအောင်။

၁၉၉၈ ခုနှစ်မှာ စိတ်ပညာရှင် Bruce Miller က ဒီအဖြစ်အပျက်ကို “Paradoxical Functional Facilitation” လို့ အမည်ပေးခဲ့ပါတယ်။ တကယ်တော့ ဦးနှောက်ရဲ့ Neural Circuit တွေမှာ အစိတ်အပိုင်း တစ်ခုချင်းစီက သီးခြား အလုပ်လုပ်နေကြတာ မဟုတ်ဘဲ တစ်ခုနဲ့တစ်ခု အပြန်အလှန် ထိန်းချုပ် (Inhibition) ထားကြတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ထိန်းချုပ်ထားတဲ့ နေရာတစ်ခုကို ပြင်ပက ထိခိုက်မှုတစ်ခုက သွားရောက် ဖျက်ဆီးလိုက်တဲ့အခါမှာ အရင်က ပိတ်လှောင်ခံထားရတဲ့ အောက်ခြေက စွမ်းရည်တွေ ပွင့်ထွက်လာတာ ဖြစ်ပါတယ်။ သိုင်းကားတွေထဲကလို အပိတ်ခံထားရတဲ့ အကြောတွေ ပွင့်သွားပြီး သိုင်းပညာရှင်ကြီး ဖြစ်သွားသလိုမျိုးပေါ့။

ဒေါက်တာ Darold Treffert ရဲ့ ဦးနှောက်ပုံဖော် လေ့လာမှုတွေအရ ဒီလိုမျိုး Acquired Savant တွေ အားလုံးရဲ့ ဦးနှောက်မှာ တူညီတဲ့ ပျက်စီးမှု ပုံစံတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်း၊ အထူးသဖြင့် ဘယ်ဘက် Anterior Temporal Lobe နဲ့ Frontal Cortex နေရာတွေမှာ တည်ဆောက်ပုံ ပျက်စီးသွားတာ ဒါမှမဟုတ် အလုပ်လုပ်နိုင်စွမ်း ကျဆင်းသွားတာကို သွားတွေ့ရတာပါ။

ပုံမှန် အခြေအနေမှာ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းက အဓိပ္ပာယ် ပုံဖော်ပေးတဲ့ Executive Semantic Filter အနေနဲ့ အလုပ်လုပ်ပါတယ်။ ခင်ဗျားတို့ရဲ့ အာရုံခံစားမှုကနေတစ်ဆင့် ဝင်ရောက်လာတဲ့ အချက်အလက်တွေကို “သစ်ပင်”၊ “အဆောက်အအုံ”၊ “တေးဂီတ” စသဖြင့် အကြမ်းဖျင်း သဘောတရားလေးတွေအဖြစ် Label တပ်ပေးလိုက်ပါတယ်။ ပြီးတော့ အသေးစိတ်ကျတဲ့ Raw Data တွေကို အသိစိတ်ဆီ မရောက်ခင်မှာ ကြိုတင်ပြီး Data Compression လုပ်ချုံ့ပစ်လိုက်ပါတယ်။

ဦးနှောက် ထိခိုက်မှုကြောင့် အဲဒီ ဘယ်ဘက်ခြမ်းက Anterior Temporal Lobe ပျက်စီးသွားတဲ့အခါ အပေါ်ကနေ ထိန်းချုပ်ထားတဲ့ Filter ကြီး မရှိတော့ပါဘူး။ အဲဒီအခါမှာ ညာဘက်ခြမ်းက လွတ်လပ်သွားပြီး ကိုယ်ပိုင် အစွမ်းတွေကို ထုတ်ပြလာပါတယ်။ အမြင်၊ အသံ၊ Spatial အသေးစိတ် Raw Data တွေဟာ အသိစိတ်ထဲကို တိုက်ရိုက် လွတ်လွတ်လပ်လပ် ဝင်ရောက်လာပါတယ်။ အရင်တုန်းက 360p အနေနဲ့ Compress လုပ်ထားတဲ့ အရာတွေက Filter မရှိတော့တဲ့အခါ 4K အနေနဲ့ ရုတ်တရက်ကြီး ဝင်လာသလိုမျိုးပါပဲ။ ဆိုလိုတာက ဒီ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုက ပါရမီအသစ်တစ်ခုကို ဖန်တီးပေးလိုက်တာ မဟုတ်ဘဲ၊ ဒီ ပါရမီတွေကို ဖုံးကွယ်တားဆီးထားတဲ့ ဦးနှောက်ရဲ့ Neural Sensor ကြီးကို ပိတ်ချပစ်လိုက်တာသာ ဖြစ်ပါတယ်။

ဒါဆိုရင် တကယ် ထိခိုက်ဒဏ်ရာ မရထားတဲ့ သာမန်လူတွေမှာရော ဒီလို Neural Filter ကြီးကို ပိတ်ပစ်လို့ ရနိုင်မလား။ Genius တွေကို အဲဒီလို ခလုတ်ပိတ်ပြီး မွေးထုတ်ယူလို့ ရမလား။

University of Sydney က Centre for the Mind ဓာတ်ခွဲခန်းမှာ Neuroscientist ဖြစ်တဲ့ Allan Snyder က ဒီစွမ်းရည်တွေကို သာမန်လူတွေဆီမှာ တမင်တကာ ဖော်ထုတ်လို့ ရမလားဆိုတာကို စမ်းသပ်ခဲ့ပါတယ်။ သူက ကျန်းမာရေးကောင်းတဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘယ်ဘက် နားထင်ပေါ်မှာ Figure-8 သံလိုက် Coil တစ်ခု တပ်ဆင်ပေးလိုက်ပါတယ်။ ပြီးတော့ တစ်စက္ကန့်ကို တစ်ကြိမ်နှုန်းနဲ့ Low-frequency Repetitive Transcranial Magnetic Stimulation (rTMS) လို့ခေါ်တဲ့ သံလိုက်လှိုင်းတွေကို လွှတ်ထုတ်ပေးခဲ့ပါတယ်။

ဦးနှောက်ရဲ့ သတ်မှတ်ထားတဲ့ နေရာတစ်ခုကို ယာယီ ပိတ်ချပစ်လိုက်ဖို့အတွက် အနုပညာ အခံမရှိတဲ့ သာမန်လူတွေကို တိရစ္ဆာန်တွေနဲ့ လူမျက်နှာပုံတွေ ဆွဲခိုင်းကြည့်ပါတယ်။ သံလိုက်လှိုင်းနဲ့ မလှုံ့ဆော်ခင်တုန်းကတော့ သူတို့ ဆွဲတဲ့ ပုံတွေဟာ Concept Memory ပေါ်မှာ အခြေခံပြီး ခပ်ကြမ်းကြမ်း ချရေးထားတဲ့ သာမန် ပုံကြမ်းလေးတွေသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သံလိုက်လှိုင်းနဲ့ လှုံ့ဆော်ပြီးတဲ့အခါမှာတော့ သူတို့ရဲ့ ပန်းချီဆွဲဟန်တွေက သိသိသာသာ ပြောင်းလဲသွားပါတယ်။ မြင်ကွင်း အနီးအဝေး (Perspective) တွေ မှန်ကန်လာတယ်၊ အချိုးအစား အတိအကျ မှန်လာပြီး ခန္ဓာဗေဒဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို သဘာဝကျကျ စတင် ရေးဆွဲလာနိုင်ကြပါတယ်။

နောက်ထပ် အရေအတွက်နဲ့ ပတ်သက်တဲ့ စမ်းသပ်မှုတွေမှာလည်း Snyder ဟာ ကွန်ပျူတာ Screen ပေါ်မှာ အစက်ပေါင်း ၁၀၀ ကျော်ကို စက္ကန့်ပိုင်းအတွင်း ဖြတ်ပြလိုက်ပါတယ်။ ပုံမှန် အခြေအနေမှာဆိုရင် လူ့ဦးနှောက်က တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ အစက် ၅ ခုလောက်ကိုပဲ အတိအကျ ရေတွက်နိုင်ပြီး ဒီထက် ကျော်လွန်သွားရင်တော့ ခန့်မှန်းရုံသာ တတ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်ဘက် Temporal Lobe ကို ယာယီ ပိတ်ထားတဲ့ အချိန်မှာတော့ အဲဒီ Participants တွေဟာ အသိစိတ်နဲ့ သင်္ချာတွက်ချက်တာမျိုး လုံးဝ မလုပ်ဘဲ အရေအတွက် အများကြီး ရှိတဲ့ အစက်တွေကို အတိအကျနီးပါး ခန့်မှန်းနိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီလို စွမ်းဆောင်နိုင်မှုကလည်း ၁၅ မိနစ်ကနေ ၄၅ မိနစ်လောက်အတွင်းမှာပဲ ယာယီ အလုပ်ဖြစ်တာပါ။ သံလိုက်လှိုင်းရဲ့ အာနိသင် ကုန်သွားတာနဲ့ မူလအတိုင်း ပြန်ဖြစ်သွားပါတယ်။ နောက်ပြီး ဒီလို ဦးနှောက် အလုပ်လုပ်ပုံ ပြောင်းလဲသွားတာဟာ သတ်မှတ်ထားတဲ့ နယ်ပယ်တစ်ခုအတွက်သာ ကောင်းမွန်သွားပြီး တခြား နေရာတွေမှာတော့ အရမ်း အားနည်းသွားပါတယ်။ ဆိုလိုတာက အဲဒီနေရာတွေမှာ ပိုကောင်းလာဖို့အတွက် စကားပြောစွမ်းရည်၊ စိတ်ကူးယဉ်တွေးခေါ်နိုင်စွမ်းတွေကို ရင်းနှီးလိုက်ရတဲ့ သဘောမျိုး ဖြစ်တာကြောင့် အရင်းအနှီး အရမ်းကြီးလွန်းပါတယ်။

ဒီတော့ Snyder ရဲ့ လေ့လာမှုက ဘာကို ပြသနေသလဲဆိုရင် ဒီလိုမျိုး ဆန်းကြယ်တဲ့ တွက်ချက်မှုတွေ၊ အနုပညာ ဖန်တီးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တဲ့ Raw Algorithms တွေဟာ သာမန် လူ့ဦးနှောက်တိုင်းမှာ ရှိနှင့်ပြီးသား ဖြစ်နေတယ် ဆိုတာပါပဲ။ ဒီစွမ်းရည်တွေဟာ မသိစိတ်ရဲ့ အောက်ခြေမှာ အမြဲတမ်း အလုပ်လုပ်နေပေမဲ့ ကျွန်တော်တို့ရဲ့ Executive Network ကပဲ ပြန်လည် စစ်ထုတ် ဖယ်ရှားပစ်နေတာ ဖြစ်ပါတယ်။

အခု ကျွန်တော် စကားပြောနေတဲ့ အချိန်မှာတောင် ခင်ဗျားရဲ့ ဦးနှောက်ဟာ အပြင်လောကက အချက်အလက် ၉၉% လောက်ကို တမင်တကာ စစ်ထုတ် ဖယ်ရှားပစ်နေပါတယ်။ Air-con က လာတဲ့ အသံတွေ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့နေတဲ့ အဝတ်အစားရဲ့ ဖိအားတွေ၊ မျက်လုံးထောင့်စွန်းက အရိပ်တွေနဲ့ ပတ်ဝန်းကျင်က အသံလှိုင်းတွေ အကုန်လုံးဟာ အသိစိတ်ဆီ မရောက်ခင်မှာတင် ဦးနှောက်က ကြိုတင် ဖြတ်တောက် ပစ်လိုက်တာပါ။ ဒီလိုမျိုး အလိုအလျောက် စစ်ထုတ်ပေးတဲ့ စနစ်ကို “Latent Inhibition” လို့ ခေါ်ပါတယ်။ ဆိုလိုတာက ဦးနှောက်ဟာ ခင်ဗျားနဲ့ ရင်းနှီးပြီးသား အန္တရာယ်မရှိတဲ့ လှုံ့ဆော်မှုတွေကို အရေးမပါဘူးဆိုပြီး Tag တွဲကာ ဖယ်ထုတ်လိုက်တာကြောင့် အသိစိတ်ထဲကိုတောင် ရောက်မလာတော့ပါဘူး။ တကယ်လို့သာ အဲဒီလို Filter Gate မရှိဘူးဆိုရင် ခင်ဗျားရဲ့ Working Memory ဟာ အဆက်မပြတ် ဝင်ရောက်လာတဲ့ 4K Stream လို Raw Sensory Data တွေအောက်မှာ ပိပြားပြီး ရူးသွပ်သွားပါလိမ့်မယ်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာတဲ့အထိ စိတ်ရောဂါ ပညာရှင်တွေက ဒီ Latent Inhibition စစ်ထုတ်မှု အားနည်းတာကို စိတ်ကမောက်ကမရောဂါ (Schizophrenia) နဲ့ သက်ဆိုင်တဲ့ ဆေးဘက်ဆိုင်ရာ ချို့ယွင်းချက်တစ်ခုလို့ပဲ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၀၃ ခုနှစ်မှာ Harvard တက္ကသိုလ်က သုတေသနတစ်ခုမှာ အရေးပါတဲ့ အာရုံကြောဆိုင်ရာ ကွဲလွဲချက်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အရည်အချင်း မြင့်မားတဲ့သူတွေရဲ့ စစ်ထုတ်နိုင်စွမ်းနဲ့ အသိဉာဏ် စွမ်းရည်ကို စမ်းသပ်ကြည့်တဲ့အခါ ထူးချွန်တဲ့ ဖန်တီးရှင် အများစုမှာ Latent Inhibition အားနည်းနေတာကို ထူးထူးခြားခြား သွားတွေ့ရပါတယ်။ သူတို့ရဲ့ ဦးနှောက်က ပတ်ဝန်းကျင်က အချက်အလက်တွေကို ပိတ်ဆို့ စစ်ထုတ်ပစ်မယ့်အစား အာရုံခံ ချန်နယ်တွေကို အမြဲ ဖွင့်ထားပေးနေတာပါ။ ဒါပေမဲ့ ဒီလို Filter ပွင့်နေရုံနဲ့တင် မလုံလောက်ဘဲ Working Memory နဲ့ IQ မြင့်မားတဲ့သူတွေမှာသာလျှင် Genius Level ဖန်တီးမှု စွမ်းရည်တွေအဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ သာမန်လူတွေမှာဆိုရင်တော့ စိတ်ရှုပ်ထွေး ရူးသွပ်သွားနိုင်တာမို့ “ထုရင်ထူး၊ မထုရင်ရူး” ဆိုတာ ဒါကို ပြောတာပါပဲ။

မွေးကတည်းက Autistic Savant ဖြစ်နေတဲ့ Daniel Tammet ဆိုတဲ့ လူတစ်ယောက် ရှိပါတယ်။ သူဟာ သင်္ချာကိန်းသေ Pi ရဲ့ ဒသမကိန်းဂဏန်းပေါင်း ၂၂,၅၁၄ လုံးအထိကို မှတ်ဉာဏ်ထဲကနေ အလွတ် ရွတ်ပြနိုင်ခဲ့ပါတယ်။ စဉ်းစားကြည့်ပါ၊ ကိန်းဂဏန်းပေါင်း နှစ်သောင်းကျော်ကို ရွတ်ပြနိုင်တာပါ။ Tammet အတွက်ကတော့ ၁ ကနေ ၁၀,၀၀၀ အထိ ကိန်းဂဏန်း တစ်ခုချင်းစီတိုင်းမှာ ကိုယ်ပိုင် သီးသန့် ပုံသဏ္ဌာန်၊ အရောင်နဲ့ အထိအတွေ့ ခံစားချက်တွေ ရှိနေပါတယ်။ Pi တန်ဖိုးကို ရွတ်ပြတယ်ဆိုတာ သူ့ရဲ့ Visual Cortex ပေါ်မှာ ဂဏန်းတွေရဲ့ ပုံစံကို ကြည့်ပြီး ဖတ်ပြနေတာ ဖြစ်ပါတယ်။

ရုပ်ရှင်တွေထဲမှာတော့ ဒီလို Savant ဉာဏ်ကြီးရှင်တွေကို သာမန် ဦးနှောက်ပေါ်မှာ နောက်ထပ် ဉာဏ်ရည်အလွှာတစ်ခု ထပ်ဆောင်း ထည့်ပေးထားသလိုမျိုး ဖော်ပြတတ်ကြပါတယ်။ ဒါပေမဲ့ ဆေးဘက်ဆိုင်ရာ အာရုံကြော ပညာရပ်မှာတော့ ဒီလို ထူးချွန်ပြောင်မြောက်တဲ့ Savant တွက်ချက်မှုဆိုတာ ဘာပေးဆပ်မှုမှ မပါတဲ့ လက်ဆောင်တစ်ခု မဟုတ်ပါဘူး။ မွေးရာပါ Autism ကြောင့်ပဲဖြစ်ဖြစ်၊ ဦးနှောက် ထိခိုက်မှုကြောင့်ပဲဖြစ်ဖြစ် ဒီလို အလွန်အမင်း ထူးခြားတဲ့ စွမ်းရည်တွေ ရလာပြီဆိုရင် လူမှုဆက်ဆံရေး၊ ဘာသာစကား စွမ်းရည်နဲ့ စိတ်ခံစားမှု ဖလှယ်နိုင်စွမ်းတွေမှာ ဆိုးဆိုးရွားရွား ချို့ယွင်းသွားတာကို အမြဲလိုလို တွေ့ရတတ်ပါတယ်။

လူ့ဦးခေါင်းခွံထဲက အာရုံကြောဆိုင်ရာ နေရာလွတ် (Neural Real Estate) ဆိုတာ ပုံသေ သတ်မှတ်ထားတဲ့ ထုထည်တစ်ခုတည်းမှာပဲ ရှိပါတယ်။ ဦးနှောက် အပေါ်ယံလွှာရဲ့ တည်ဆောက်ပုံဟာ တစ်ခုခု ရရှိဖို့အတွက် တစ်ခုခု စွန့်လွှတ်ရတဲ့ Zero-sum စီးပွားရေး စနစ်လိုပဲ အလုပ်လုပ်ပါတယ်။ ခုနက ကောင်လေးလိုမျိုး အာရုံကြော ချိတ်ဆက်မှု အမြောက်အမြားကို သီးသန့် အာရုံခံ တွက်ချက်မှုတစ်ခုတည်းအတွက် ပုံအောပေးလိုက်ရတဲ့အခါ ဘာသာစကားနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတွေအတွက် လိုအပ်တဲ့ Circuit တွေ နေရာယူထားရမယ့် နေရာကို လုယူလိုက်သလို ဖြစ်သွားပါတယ်။ ဦးနှောက်ရဲ့ Module တိုင်းကို တစ်ပြိုင်နက်တည်း အမြင့်ဆုံး စွမ်းအား ရအောင် လုပ်လို့ မရပါဘူး။ နယ်ပယ်တစ်ခုကို ချဲ့ထွင်လိုက်တိုင်း နောက်ထပ် နယ်ပယ်တစ်ခုကတော့ သေချာပေါက် ကျုံ့ဝင်သွားရပါတယ်။

Lucy လိုမျိုး ရုပ်ရှင်တွေထဲမှာ လူ့ဦးနှောက်ရဲ့ အသုံးမပြုရသေးတဲ့ စွမ်းအင် ၉၀% လောက်ကိုသာ ဖွင့်ချလိုက်နိုင်ရင် လမ်းလျှောက်နေတဲ့ စူပါကွန်ပျူတာကြီးတွေ ဖြစ်သွားလိမ့်မယ်လို့ စိတ်ကူးယဉ်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ အဲဒီ အယူအဆနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ထိန်းချုပ်မှု ကင်းမဲ့သွားတဲ့အခါ စူပါ ဉာဏ်ကြီးရှင် ဖြစ်သွားတာ မဟုတ်ဘဲ ဝက်ရူးပြန် အတက်ရောဂါ (Epilepsy) ရသွားတာသာ ဖြစ်ပါတယ်။ ဒါကြောင့် မွေးရာပါပဲဖြစ်ဖြစ်၊ နောက်မှ ရလာတာပဲဖြစ်ဖြစ် Savant လို ထူးခြားတဲ့ စွမ်းရည်တွေဟာ ရောဂါလက္ခဏာတွေနဲ့ အမြဲတမ်းလိုလို ဒွန်တွဲနေတတ်ပါတယ်။

ဒီလိုမျိုး Genius ဖြစ်ဖို့ ကန့်သတ်ချက်တွေ ရှိနေတယ်ဆိုတာကို သိလိုက်ရရင် တစ်ခါတလေ လူတွေက စိတ်ပျက်သွားတတ်ကြပါတယ်။ Working Memory နဲ့ IQ ဟာ မျိုးရိုးလိုက်မှု ၈၀% အထိ ရှိနေတယ်ဆိုရင် ကျွန်တော်တို့ ဘာလို့ ပင်ပန်းခံပြီး လေ့ကျင့်နေရဦးမှာလဲလို့ တွေးမိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို မတွေးသင့်ပါဘူး။ Genius ဖြစ်ဖို့အတွက် DNA ပါရင် ပါလာမယ်၊ မပါရင် မပါလာဘူးဆိုတာ မှန်ပေမဲ့ Deliberate Practice နဲ့ စနစ်တကျ မလေ့ကျင့်ဘူးဆိုရင် ခင်ဗျား စိတ်ဝင်စားတဲ့ နယ်ပယ်ထဲမှာ ရောက်ရှိနိုင်တဲ့ ခင်ဗျားရဲ့ အမြင့်ဆုံး အလားအလာ (Limitation) ကို ဘယ်တော့မှ သိရမှာ မဟုတ်ပါဘူး။

ဆိုတော့ လေ့ကျင့်တိုင်းတော့ Genius မဖြစ်နိုင်ပေမဲ့ မလေ့ကျင့်ရင်တော့ မဖြစ်တာ သေချာပါတယ်။ ကျွန်တော်တို့ သိထားတဲ့ တကယ့် Genius တွေကတော့ မူလ Hardware ကောင်းကောင်း၊ ကိုယ်ပိုင် တွန်းအားတွေနဲ့ မွေးဖွားလာကြပြီး သူတို့နဲ့ ကိုက်ညီတဲ့ နယ်ပယ် (Domain) တစ်ခုကို တွေ့ရှိသွားတဲ့အခါ အဲဒီ မူလစွမ်းရည်တွေကို နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ရင်း သက်ဆိုင်ရာ နယ်ပယ်တွေမှာ အားကျရတဲ့ Genius တွေ ဖြစ်လာကြတာပဲ ဖြစ်ပါတယ်။

“ပါရမီရှင် (Genius) ဆိုတာ မွေးရာပါလား၊ လေ့ကျင့်ယူလို့ ရသလား” ဆိုတဲ့ မေးခွန်းရဲ့ အဆုံးသတ် အဖြေဟာ အဖြူနဲ့ အမည်းလို တိကျတဲ့ မျဉ်းတစ်ကြောင်းတည်းနဲ့ ပိုင်းခြား သတ်မှတ်လို့ မရနိုင်ပါဘူး။ သိပ္ပံနည်းကျ သုတေသန အထောက်အထားတွေအရ မျိုးရိုးဗီဇ (Nature) ဟာ လူတစ်ယောက်ရဲ့ အခြေခံ ဦးနှောက် စွမ်းဆောင်ရည်၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ အလားအလာ အတိုင်းအတာ (Ceiling) ကို သတ်မှတ်ပေးထားတာ မှန်ကန်ပေမဲ့၊ အဲဒီ အလားအလာကို လက်တွေ့ စွမ်းရည်အဖြစ် ဖော်ထုတ်ပေးနိုင်တာကတော့ စနစ်တကျ ကြိုးစား လေ့ကျင့်မှု (Deliberate Practice) သာ ဖြစ်ပါတယ်။ သဘာဝက ပေးထားတဲ့ ကောင်းမွန်တဲ့ Hardware ရှိနေရုံနဲ့တင် ထိပ်တန်း အဆင့်ကို မရောက်နိုင်သလို၊ လေ့ကျင့်မှု မပါဝင်ဘဲ မွေးရာပါ ပါရမီတစ်ခုတည်းနဲ့လည်း ရေရှည် အောင်မြင်မှု မရနိုင်ပါဘူး။

ဒါကြောင့်မို့ လူတစ်ယောက်ရဲ့ အောင်မြင်မှုမှာ မိမိရဲ့ မွေးရာပါ ကန့်သတ်ချက်တွေကို သိရှိ လက်ခံပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ နယ်ပယ် (Niche) ကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့က အလွန် အရေးကြီးပါတယ်။ လူတိုင်းဟာ နယ်ပယ်တိုင်းမှာ Genius မဖြစ်နိုင်ပေမဲ့ မိမိ အားသာရာ နယ်ပယ်တစ်ခုကို တွေ့ရှိသွားတဲ့အခါ အာရုံစိုက် လေ့ကျင့်မှုတွေကတစ်ဆင့် ကိုယ်တိုင် ရောက်ရှိနိုင်တဲ့ အမြင့်ဆုံး အလားအလာကို အပြည့်အဝ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ ဉာဏ်ကြီးရှင် မဖြစ်လာနိုင်မှာကို စိုးရိမ်ပြီး လက်လျှော့ အရှုံးပေးမယ့်အစား ကိုယ်ပိုင် အစွမ်းအစတွေကို နေ့စဉ် တိုးတက်အောင် ပုံသွင်းယူခြင်းကသာ လူသားတိုင်းအတွက် အဓိပ္ပာယ် အရှိဆုံးသော ဖွံ့ဖြိုးတိုးတက်မှု ခရီးစဉ် ဖြစ်ပါတော့တယ်။

ကဲ… ဆိုတော့ ဆောင်းပါးလေးလည်း တော်တော် ရှည်သွားပါပြီ။ ခင်ဗျားတို့ရဲ့ ပတ်ဝန်းကျင်မှာရော အဲဒီလို Genius ဆန်ဆန် လူမျိုးတွေ တွေ့ဖူးကြပါသလား။ အရင်ကရော Genius တွေကို လေ့ကျင့်ယူလို့ ရတယ်လို့ ထင်ခဲ့ကြသလား၊ မွေးရာပါလို့ ထင်ခဲ့ကြသလား။ အောက်က Comment မှာ ဝင်ရောက် ဆွေးနွေးသွားလို့ ရပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်၊ နောက် ဆောင်းပါးတွေမှာ ပြန်ဆုံကြပါမယ်။

Keep reading

ယနေ့ခေတ် လျှပ်စစ်နဲ့ ကြိုးမဲ့နည်းပညာတွေကို မွေးဖွားပေးခဲ့တဲ့ တီထွင်သူ ပါရမီရှင် နီကိုလာ တက်စလာရဲ့ သမိုင်းဝင် လျှပ်စီးကြောင်းစစ်ပွဲ၊ အောင်မြင်မှုများနဲ့ ဘဝနောက်ဆုံးအချိန် အထီးကျန်ဇာတ်သိမ်းအကြောင်း အနှစ်ချုပ် တင်ဆက်မှု။

အပေါင်းအသင်းကြား မျောပါပြီး အပျော်လွန်တာမျိုး မဖြစ်စေဘဲ၊ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ပေါင်းသင်းရင်း ကိုယ်ပိုင် ရည်မှန်းချက် ပန်းတိုင်တွေကို မပျောက်ပျက်အောင် ထိန်းညှိနေထိုင်နည်း လမ်းညွှန်ချက်။

စစ်ပွဲများ၊ ကပ်ရောဂါဆိုးနှင့် သားသမီးဆုံးရှုံးမှုပေါင်းများစွာကြားမှ စိတ်နှလုံးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခဲ့သည့် ရောမဧကရာဇ် Marcus Aurelius ၏ ဘဝသင်ခန်းစာများမှတစ်ဆင့် စိုးရိမ်သောကများကို လွှတ်ချပြီး ပစ္စုပ္ပန်တွင် အဓိပ္ပာယ်ရှိရှိ ရှင်သန်နေထိုင်နည်း အတွေးအမြင်များ။