လူချစ်လူခင်များပြီး အဆင်ပြေစေမယ့် လူမှုဆက်ဆံရေး အနုပညာ
လူတိုင်း စိတ်ဝင်စားတဲ့အရာကနေ စတင်ပြီး နားထောင်တတ်မှု၊ စကားလုံး အသုံးအနှုန်း၊ နာမည်ခေါ်ဆိုခြင်းနဲ့ အွန်လိုင်းရော အပြင်လောကမှာပါ အသုံးတည့်စေမယ့် လက်တွေ့ကျ လူမှုဆက်ဆံရေး အခြေခံသဘောတရားများ။
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် ပထမဦးဆုံး အားလုံးကို မေးခွန်းလေးတစ်ခု အရင်ဆုံး မေးကြည့်ချင်ပါတယ်ခင်ဗျာ။ အဲ့ဒါကတော့ လူ့သမိုင်းစတဲ့ အချိန်ကနေပြီးတော့ အခုအချိန်ထိ လူတွေရဲ့အသက်ကို အများဆုံး ကယ်တင်ထားတဲ့အရာ ဘာဖြစ်မလဲဆိုတာပါ။ အဖြေကို ပြောရမယ်ဆိုလို့ရှိရင်တော့ လူတွေရဲ့အသက်ကို အများဆုံး ကယ်တင်ထားတာကတော့ တခြားလူသားတစ်ယောက်ပါပဲ။
အဲ့မှာ နည်းနည်းလေး အငြင်းပွားစရာ ရှိပါတယ်။ တချို့တွေက ‘ဟာ… မဟုတ်ဘူး၊ ငါ့ကို တခြားလူ ကယ်ခဲ့တာ မဟုတ်ဘူး။ ငါ့ကို သေနတ်နဲ့ လှမ်းပစ်တဲ့အချိန်မှာ ငါ့ရင်ဘတ်ထဲမှာ iPhone ရှိနေတာ၊ အဲ့ဒီ iPhone ကို ထိသွားတယ်။ iPhone က ပိပြားသွားပြီး ငါ့အသားထဲကို ဘာမှမရောက်လိုက်ဘူး ကြည့်စမ်း။ အဲ့တော့ ငါ့အသက်ကို iPhone ပဲ ကယ်ခဲ့တာ’ လို့ ပြောကြတယ်။ ဒါပေမဲ့ တစ်ချက်ပဲ စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် ဒီ iPhone ဟာ လူသားတစ်ယောက်က လုပ်ထားတဲ့အရာ၊ တခြားလူတွေနဲ့ ဆက်ဆံဖို့ ကျွန်တော်တို့မှာ ရှိနေတဲ့ အရာဝတ္ထုပစ္စည်းပဲ ဖြစ်ပါတယ်။ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပတ်သက်နေပါတယ်။
အဲ့ဒီမှာ နောက်တစ်ခု စဉ်းစားလို့ရတဲ့ ရှုထောင့်က ကြည့်မယ်ဆိုရင်ပေါ့နော်၊ တချို့တွေက ‘ငါ့ကိုတော့ ဘုရားသခင် ကယ်လိုက်တာပဲ၊ ဘုရားကယ်လို့ ငါမသေတာ’ ဆိုတဲ့ အသုံးအနှုန်းတွေ တစ်ခါတလေ ကျွန်တော်တို့ ကြားလေ့ရှိပါတယ်။ အဖြစ်တော်တော်များများ အဲ့ဒါနဲ့ပတ်သက်လို့ မငြင်းချင်ဘူးဆိုပေမဲ့ ပြန်ကြည့်မယ်ဆိုလို့ရှိရင် ဘုရားသခင်က ကိုယ်တိုင်ဆင်းလာပြီး ကယ်တယ်ဆိုတာထက် တခြားလူသားတစ်ယောက်ကို သုံးပြီးတော့ ကယ်တာတို့ ဘာတို့ပေါ့။ ငြင်းလို့မရတာကတော့ သဘာဝကျကျ စဉ်းစားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ လူ့သမိုင်းတစ်လျှောက်လုံးမှာ လူသားတွေရဲ့အသက်ကို တခြားလူသားတစ်ယောက်ကသာလျှင် ကယ်တင်ခဲ့တာ များပါတယ်။ အခုချိန်ထိပေါ့။
အဲ့တော့ ကျွန်တော်တို့ မွေးတဲ့အချိန်ကနေ စပြီးတော့ နောက်ဆုံး သေဆုံးသွားတဲ့အချိန်ထိ လူတွေနဲ့ မပတ်သက် မဆက်ဆံလို့ မရပါဘူး။ ‘ဟုတ်ပြီ၊ ငါတော့ တစ်ယောက်တည်းပဲ နေရတာ ပျော်တယ်၊ တစ်ယောက်တည်းပဲ နေချင်တယ်’ ဆို နေလို့ရပါတယ်။ ပြဿနာမရှိပါဘူး၊ နေကြပါတယ်။ အဲ့လိုနေတဲ့လူတွေက အင်မတန် အများကြီးပဲ။ တစ်ယောက်တည်း နေလို့ရတယ်။ ဒါပေမဲ့ မဆက်ဆံလို့ကတော့ မရပါဘူး။ အိမ်မှာ တစ်ယောက်တည်း နေလို့ရတယ်၊ ဒါပေမဲ့ ကဲ… အလုပ်ဆိုရင်ရော ကိုယ်တစ်ယောက်တည်း ဘယ်လိုအလုပ်မျိုး လုပ်မှာလဲ။ ကဲ… ဈေးဝယ်မယ်ဆိုလို့ရှိရင်၊ မိဘတွေကရော၊ သူငယ်ချင်း ပေါင်းသင်းမိတ်ဆွေကရောဆိုတော့ အဲ့လိုမျိုး လူမှုဆက်ဆံရေးတွေက အများကြီး လိုအပ်ပါတယ်။ နော်… အနည်းအများပဲ ကွာသွားမယ်။ သူငယ်ချင်း အနည်းအများ ကွာသွားမယ်၊ အရေအတွက် ကွာသွားမယ်၊ လုပ်ငန်းခွင်မှာ အတူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက် ဘယ်နှယောက်လဲ အဲ့ဒါပဲ ကွာသွားမယ်။ နော်… လုပ်တဲ့ သဘောတရားက ကွာသွားမယ်၊ အဲ့လောက်ပဲ။ သေချာတာကတော့ လုံးဝ မဆက်ဆံဘူးဆိုတာတော့ မဖြစ်နိုင်တဲ့ အခြေအနေပါ။
နောက်တစ်ခါ လောကကြီးမှာပေါ့နော်၊ ကျွန်တော်တို့ အသက်ရှင် နေထိုင်တာ တော်တော်များများ ကြည့်လိုက်မယ်ဆိုလို့ရှိရင် လူမှုရေးပြဿနာ အမြဲတမ်း ကြုံလာရတယ်။ ကျောင်းတက်တဲ့အရွယ်ကနေပြီးတော့ နောက်ဆုံး လုပ်ငန်းခွင်၊ နောက်ဆုံး ပင်စင်ယူတဲ့အချိန်အထိ၊ မိသားစုနဲ့အထိ၊ ဆွေမျိုးတွေအထိ လူမှုရေးပြဿနာ တော်တော်လေး ရှိပါတယ်နော်။ ကျွန်တော်တို့ ရှောင်ပြေးလို့မရတဲ့ အရာတစ်ခုပါ လူမှုရေးပြဿနာ။ အဲ့ဒါကို အကုန်လုံး ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ အဲဒီပြဿနာတွေကို ကျွန်တော်တို့ ကဲ… စာအုပ်တွေမှာ စာတွေရှာပြီးတော့ ဖတ်မယ်၊ အဆင်ပြေသွားလားဆိုတော့ ပြေတော့ ပြေကောင်းပြေသွားနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် အားရမှာ မဟုတ်ဘူး။ လူတွေနဲ့ အဆင်ပြေချင်တယ်၊ အဓိကတော့ ကျွန်တော်တို့ လူတွေရဲ့ သဘောက ဘာလဲဆိုတော့ ကျွန်တော်တို့ တခြားလူတွေရဲ့ သဘောကျတာကို ခံချင်ပါတယ်၊ လိုချင်ပါတယ်။
အဲ့မှာ ‘ငါကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးကွာ’ ဆိုတဲ့သူတွေလည်း ရှိပါတယ်။ ‘ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး၊ တခြားသူအမြင်ကို ငါလုံးဝ ဂရုမစိုက်ဘူး၊ ငါ့ဘာသာငါ ရှင်သန်မယ်၊ ငါ့ဘာသာငါ ဘယ်လိုပေါက်မြောက်မယ်’ ဆိုပြီး တကယ်တမ်း သူတို့က ပါးစပ်ကသာ အဲ့လိုပြောနေတာ။ လူတွေရဲ့ အတွင်းစိတ်တွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဟိုးကမ္ဘာဦး သမိုင်းစတဲ့အချိန်ကနေ အခုချိန်ထိ တစ်ယောက်တည်း မနေနိုင်ဘူး။ လုံးဝ တခြားသူတစ်ယောက်ရဲ့၊ ဒီအဖွဲ့အစည်းပေါ့နော်၊ အပေါင်းအသင်းတွေရဲ့ ချစ်ခင်မှုကို လိုချင်တယ်။ နာမည်ကြီးတဲ့သူတွေ ဆိုလို့ရှိရင်တောင်မှ နာမည်ကြီးချင်တာ ဟုတ်တယ်၊ နာမည်ကြီးတာ ဟုတ်တယ်၊ ဒါပေမဲ့ ရိုးရိုးနာမည်ကြီးတာ မဟုတ်ဘဲနဲ့ လူချစ်လူခင်များပြီးတော့ တခြားလူအများ သဘောကျခြင်းကို ခံချင်တာပါ။ မဖြစ်နိုင်ဘူးဆိုပေမဲ့ပေါ့နော်၊ အကုန်လုံးရဲ့ သဘောကျတာ မဟုတ်ရင်တောင်မှ လူအများစုရဲ့ သဘောကျတာကိုတော့ လိုချင်ပါတယ်။ ဒါ လူသားသဘာဝပါပဲ၊ ငြင်းလို့မရပါဘူး။ ကိုယ့်ဟာကိုယ် မရှက်တမ်း ပြန်ကြည့်၊ အဲ့လိုပါပဲ။ ကျွန်တော်လည်း အဲ့လိုပါပဲ၊ ဝန်ခံရမယ်ဆိုလို့ရှိရင် နာမည်ကြီးတာထက် လူချစ်လူခင်များတာ ပိုမှန်ပါတယ်။
အဲ့တော့ ကျွန်တော်တို့တွေက ဘာလုပ်လို့ရမလဲပေါ့နော်။ အဲဒီမှာ လူချစ်လူခင်များမယ်ဆိုလို့ရှိရင် လူမှုဆက်ဆံရေး ပုံစံတွေ ရှိပါတယ်။ ဘာကို မလုပ်နဲ့၊ ဘာကို လုပ်ပါဆိုတဲ့ ဟာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ ခက်တာက ဘာလဲဆိုတော့ အဲ့ဒါတွေက အချိန်တိုင်း ပြောင်းလဲလာတာပါ။ အခုခေတ်ဆိုလို့ရှိရင် ပိုဆိုးတယ်။ ကမ္ဘာနှစ်ခုမှာ ရှင်သန်နေရသလိုပဲပေါ့နော်။ ကမ္ဘာတစ်ခုကကျတော့ တကယ် လက်တွေ့ကမ္ဘာပေါ့၊ ဆွေမျိုးတွေ၊ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ။ နောက်တစ်ခုကကျတော့ အွန်လိုင်းပေါ့နော်၊ အဲ့လို နှစ်ခုရှိပါတယ်။ ဆက်ဆံတဲ့ ပုံစံချင်း မတူပါဘူး။ အဲ့ဒါကိုလည်း ဒီနေ့မှာ အွန်လိုင်းတော့ နည်းနည်း၊ တကယ် အပြင်လောက ခပ်များများပေါ့နော်၊ ကျွန်တော် ဝေမျှသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
အဲ့ဒီမှာ ဆက်ဆံတဲ့ပုံစံက ကျွန်တော်တို့ ခေတ်အလိုက်ပေါ့နော်၊ တော်တော်လေးကို အပြောင်းအလဲတွေ အများကြီး ရှိပါတယ်။ ဖုန်းတွေ ရှိကြတယ်၊ တစ်ခုဆိုလို့ရှိရင် အရေးအကြောင်းဆိုလို့ရှိရင် ချက်ချင်း အကြောင်းကြား၊ တစ်ခုဖြစ်သွားပြီဆိုလို့ရှိရင် ဒီဖြစ်ပျက်ကို သက်ဆိုင်ရာဆီ ဖုန်းဆက်ပြီးတော့ ပြောတာပေါ့နော်။ ဥပမာ ကျွန်တော်တို့ဆိုလို့ရှိရင် မိဘကိုပေါ့နော်၊ ‘ပြန်လာနေပြီ’ တို့၊ ‘ဘယ်ရောက်သွားပြီ’ တို့၊ သူငယ်ချင်းကိုပေါ့နော်၊ ‘ငါ ဘယ်နားရောက်နေပြီ’ ဆိုပြီး ဖုန်းဆက်ပြီးတော့ ပြောကြတယ်။ အခုနောက်ပိုင်းမှာကျတော့ အဲ့လိုမဟုတ်တော့ဘူး။ ရုတ်တရက် ဖုန်းဆက်လိုက်မယ်ဆိုလို့ရှိရင် အဲ့ဒါ ရိုင်းသလိုတောင် ဖြစ်လာတယ်။ စက္ကန့်ပိုင်းမှာ ကြိုပြီးတော့ ‘ဖုန်းဆက်လို့ရမလား’၊ ဒါမှမဟုတ် မက်ဆေ့ချ် (Message) နဲ့ ပို့ကြတယ်။ အဲ့လိုမျိုး ပြောင်းလာတယ်။
လူမှုဆက်ဆံရေး ပုံစံတွေက အမြဲတမ်း ပုံသေနည်းဆိုတာ မရှိပါဘူး။ အဲ့ဒါက ခက်ခဲစေတာပါ။ အရင်တုန်းက ရိုင်းတယ်ဆိုတဲ့ စကားလုံး အသုံးအနှုန်း၊ အရင်တုန်းက အပြုအမူက လက်ရှိအချိန်မှာ လက်ခံထားတာ ရှိတယ်။ အရင်တုန်းက တအား ကောင်းပါတယ်ဆိုတဲ့ ဟာတွေကို အခုလက်ရှိအချိန်မှာ ဘယ်လိုမှ လက်မခံနိုင်တော့တာ ရှိတယ်။ အဲ့တော့ သေချာတာကတော့ ဒီဟာ အမြဲတမ်း ပြောင်းလဲနေမှာပဲ။ ဆက်ဆံရေး ပုံစံတွေက ပထမတစ်ချက်အနေနဲ့ သိထားသင့်တာနော်။ မိဘတွေဆိုလို့ရှိရင်၊ ကိုယ့်အဖွားဆိုလို့ရှိရင် ကိုယ်က အသုံးအနှုန်းတစ်ခု၊ သူငယ်ချင်းဆို တစ်ခု။ သူငယ်ချင်းတောင်မှ လုပ်ငန်းထဲမှာ အတူလုပ်နေပြီဆိုလို့ရှိရင် ပြောတဲ့ အသုံးအနှုန်းနဲ့၊ အလုပ်ပြီးသွားပြီ အရက်အတူ သွားသောက်ကြမယ်၊ ဘီယာ (Beer) အတူ သွားသောက်ကြမယ်ဆိုလို့ရှိရင် ဘီယာဝိုင်းမှာ ပြောတဲ့ စကားလုံး အသုံးအနှုန်းနဲ့ ပုံစံက လုံးဝမတူတော့ဘူးပေါ့။ အဲ့လို အခြေအနေနဲ့ အချိန်အခါ ပုံစံပေါ် မူတည်ပြီးတော့ အမျိုးမျိုး ကွဲသွားတာပါ။
အဲ့တော့ ကျွန်တော်ကတော့ ဒီနေ့ ဗီဒီယိုမှာ အဓိကက ‘ဟုတ်ပြီ၊ ဒီစကားလုံးကတော့ သုံးသင့်တယ်၊ ဒီစကားလုံးကို မသုံးသင့်ဘူး’ ဆိုတာမျိုး အသေးစိတ်ပေါ့နော်၊ ‘ဒီစကားလုံးလေး ပြောလိုက်မယ်ဆိုလို့ရှိရင်တော့ ပိုပြီးတော့ လှပသွားမယ်’ ဆိုတာ… အဲ့ဒါတွေက ကျွန်တော် လုပ်ငန်းခွင် ဝင်တဲ့အချိန်မှာပေါ့နော်၊ တခြားသူနဲ့ အဆင်ပြေချင်လို့ အဲ့ဒါတွေကို ဖတ်ထားတယ်၊ လေ့လာခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါတွေကို ကျွန်တော် မဝေမျှတော့ဘူး။ အသုံးတည့်တယ်ဆိုပေမဲ့ အဓိက ဒီနေ့ဗီဒီယိုမှာကျတော့ အခြေခံအကြောင်းတွေပဲ ပြောသွားမှာပေါ့။ အမြဲတမ်း တောက်လျှောက် သုံးလို့ရမယ့် အဲ့လို အကြောင်းအရာကို အဓိကထားပြီးတော့ ပြောသွားမှာပေါ့နော်။ ဥပမာ ကျွန်တော် အရင်တုန်းက ဖတ်ထားတဲ့ စာအုပ်မှာဆို ဥပမာ နမူနာ ပြောပြတာနော်။ ဒီဟာလေးတစ်ခု ပြောရမယ်ဆိုရင် ဟုတ်ပြီ… ကျွန်တော်တို့က အလုပ်လုပ်တယ်။ တခြားလူတစ်ယောက်နဲ့ပေါ့နော်။ ကိုယ့်ရဲ့ ဖောက်သည်ကနေပြီးတော့ ကိုယ် ဒီရက်မှာ သတ်မှတ်ထားကြတယ်။ ဟုတ်ပြီ… ဒီလ ၂၅ ရက်နေ့မှာ သူအပ်ထားတဲ့ အလုပ်ကို ကိုယ်က ပြန်ပြီးတော့ သူ့ဆီ ပေးနိုင်ရမယ်။ ဟုတ်ပြီ… ဒီဇိုင်းပေါ့နော်။ ကိုယ်က ဒီဇိုင်းဆွဲတယ်။ ဟုတ်ပြီ… ဒီဇိုင်းကို ၂၅ ရက်နေ့ အပ်ရမယ်။ ဖြစ်ချင်တော့ မပြီးဘူး။ ပြီးတော့ သူ့ကို ဖုန်းဆက်… သူ့ကို ဖုန်းဆက်ရတော့မယ်။ ‘အေး… ၂၅ ရက်နေ့ ပြောထားတယ်ဆိုပေမဲ့၊ ကတိပေးထားတယ်ဆိုပေမဲ့ အဲ့ဒီရက်နေ့တော့ မပြီးဘူး။ ၂၇ ရက်နေ့မှ ပြီးမယ်။ ကျွန်တော့်ကို နောက် ၂ ရက်လောက် အချိန်ပေးပါ’ လို့ ပြောမယ်။ အဲ့ဒါဆိုလို့ရှိရင် သေချာတယ်၊ အဲဒီ အသုံးအနှုန်းနဲ့ဆိုလို့ရှိရင် မရိုင်းပါဘူး၊ ယဉ်ကျေးပြီးသားပါပဲ။ ဒါပေမဲ့ ဧည့်သည်ဘက်က သိပ်လက်မခံချင်ပါဘူး။ ‘ဪ… ဒီကောင် ကတိမတည်တဲ့ကောင်ပဲ။ သတ်မှတ်ထားတဲ့ အချိန်မှာ အရင်တည်းက ကတိတည်ထားတဲ့ ဒီရက်ကို မလုပ်နိုင်ဘူး၊ မပြီးဘူး’ အဲ့လိုပါလားဆိုပြီးတော့ ကိုယ့်အပေါ် အမြင်စောင်းသွားမှာပါ။ လက်လည်း မခံချင်ပါဘူး။ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး၊ နောက်ပိုင်း ဆက်ဆံရေးမှာလည်း။
အဲ့လိုမဟုတ်ဘဲနဲ့ စကားလုံး အသုံးအနှုန်းလေးကို ပြောင်းလိုက်ပြီးတော့… ‘ဟုတ်ပြီ၊ ကျွန်တော် ၂၅ ရက်နေ့မှာ ကတိကဝတ် ပေးထားတယ်ဆိုပေမဲ့ ဒီထက်ပိုပြီးတော့ ကောင်းတဲ့အရာလေး ကျွန်တော် အခု အိုင်ဒီယာအသစ် (Idea) ပေါ်လာတယ်။ ဒီထက် ၂ ရက်လောက် အချိန်ပိုပေးလိုက်မယ်ဆိုလို့ရှိရင် ကျွန်တော် တော်တော်လေးကို customer အတွက်၊ ဧည့်သည်အတွက် ပိုပြီးတော့ ကောင်းမွန်တဲ့ design လေးတစ်ခုကို ရနိုင်တယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော့်ကို ၂ ရက်လောက်တော့ နည်းနည်းလေး အချိန်ထပ်ပေးလိုက်ပါ။ ကျွန်တော် ပိုကောင်းတဲ့ ရလဒ်တစ်ခုနဲ့ ကျွန်တော် ၂၇ မှာ အပ်ဖို့ အကောင်းဆုံး ပြင်ဆင်နေပါတယ်’။ အဲ့ဒါဆိုလို့ရှိရင် ဟိုဘက်က ကြားတဲ့သူဘက်က၊ ဖောက်သည်ဘက်ကနေပြီးတော့ ‘ဟာ… ဟုတ်ပြီ၊ ငါ့ design ကို သူ စေတနာထားပြီး လုပ်နေတာပဲ။ နောက်ထပ် ၂ ရက်လောက် အချိန်ပို… နောက်ထပ် ၂ ရက်လောက် အချိန်ပိုပေးလိုက်မယ်ဆိုလို့ရှိရင်၊ စောင့်လိုက်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ ကောင်းတာ ရလာမှာပဲ’ ဆိုတဲ့ စိတ်က ဖြစ်သွားပါတယ်။
တကယ်တမ်း အတူတူပါပဲနော်။ ဒီ ၂ ရက် ထပ်ပြီးတော့ ကိုယ့်ကို အချိန်ပို ပေးမလား၊ မပေးမလားဆိုတာ မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းအားဖြင့်ဆိုလို့ရှိရင် ပိုပြီးတော့ များပါတယ်။ ဘာဖြစ်လို့လဲဆို စကားလုံးလေး ပြောလိုက်တာနဲ့၊ အသုံးအနှုန်းလေး ပြောင်းလိုက်တာနဲ့ ကျွန်တော်တို့ လူမှုဆက်ဆံရေးတွေမှာ လုပ်ငန်းခွင်မှာ အများကြီး ကွာသွားပါတယ်။ အဲ့ဒါ ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ အဲ့ဒါ စကားလုံးအသုံးမှာပေါ့နော်။
ဒါပေမဲ့ အဲ့ဒါမျိုး ပြောမယ်ဆိုလို့ရှိရင် အများကြီး ရှိတာပေါ့နော်။ ကျွန်တော် အရင်တုန်းက အဲ့ဒါ စာအုပ်ထဲမှာ ဖတ်ထားဖူးတယ်၊ မှတ်သားဖူးတာပေါ့နော်။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ မသုံးဖြစ်ဘူးဆိုလို့ရှိရင် ခဏပဲ မေ့သွားတာပဲပေါ့နော်။ တကယ့်တကယ်တော့ အဓိက ကျွန်တော်တို့ ဒီထဲမှာကျတော့ အသေးစိတ်ကို လိုက်မှတ်စရာ မလိုဘူး။ လူတွေရဲ့ စိတ်သဘောထားကိုပဲ ပြောပြမှာပေါ့။ အဲ့ဒါဆိုလို့ရှိရင်တော့ လူတွေအကြောင်းကို သိပြီဆိုလို့ရှိရင် ကျွန်တော်တို့ ဆက်ဆံရတာ အဆင်ပြေသွားတာ။
ဟုတ်ပြီ… အဲ့တော့ လူတွေအကြောင်း သိဖို့ဆိုလို့ရှိရင် လူတွေ စိတ်အဝင်စားဆုံး အရာပေါ့နော်၊ အဲ့ဒါ ဘာလဲပေါ့နော်။ လူတွေ စိတ်ဝင်စားဆုံးအရာဆိုတော့ ကျွန်တော်တို့ ခေါင်းထဲမှာ ပေါ်လာတာ ငွေကြေးလားပေါ့နော်၊ ဒါမှမဟုတ်လို့ရှိရင် မိသားစုလား၊ ဒါမှမဟုတ်လို့ရှိရင် အချစ်လား၊ ဒါမှမဟုတ်ရင် တချို့တွေက နိုင်ငံရေးလားပေါ့နော်။ ဒါ မဟုတ်ဘူး။ လူတွေက တစ်ယောက်နဲ့တစ်ယောက် တူမှာ မဟုတ်ဘူး၊ စိတ်ဝင်စားတဲ့အရာ ကွဲနေမှာပဲပေါ့နော်။ မဟုတ်ဘူး… ကျွန်တော်တို့ လူတိုင်း စိတ်ဝင်စားတဲ့ အရာတစ်ခု ရှိပါတယ်။ လူတိုင်း သဘောကျတာ၊ လူတိုင်း ချစ်တာ အဲ့ဒါ ဘာလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ပါပဲ။ ဟုတ်ပါတယ်။ လူတွေက ကိုယ့်ကိုယ်ကိုယ်တော့ လူတိုင်း ချစ်ကြပါတယ်။
တချို့တွေကလည်း ‘ငါ ကိုယ့်ကိုယ်ကိုယ် မချစ်ပါဘူး၊ ငါ ကိုယ့်ကိုယ်ကိုယ် မကျေနပ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် မုန်းတယ်၊ ငါ ကိုယ့်ကိုယ်ကိုယ် ကြည့်မရဘူး’ အဲ့ဒါ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် မချစ်တာ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် အားမရတာပါ။ ကိုယ် ဖြစ်ချင်တဲ့နေရာကို မရောက်သေးလို့၊ ကိုယ် လုပ်ချင်တာ ကိုယ် မလုပ်နိုင်သေးလို့။ သေချာတာ ကိုယ့်ကိုယ်ကိုယ် မချစ်ဘူးဆိုတာ မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ချစ်ပါတယ်။ ဘာဖြစ်လို့လဲဆို အခုချိန်ထိ သေသေချာချာ အသက်ရှင်နေသေးတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူပါပဲ။ အဲ့ဒါ မမေ့တာ အဓိကအချက်ပဲ။
လူတွေ စိတ်သဘော သေချာတာတော့ တစ်ချက်အနေနဲ့ လူတွေက ကိုယ့်ကိုယ်ကိုယ် ချစ်တယ်။ အဲ့ဒါနဲ့ ဆက်စပ်ပြီးတော့ လူတွေက ကိုယ့်ကိုယ်ကိုယ် စိတ်ဝင်စားပါတယ်၊ ကိုယ့်အကြောင်းကို တကယ် စိတ်ဝင်စားပါတယ်။ အဲ့မှာ နည်းနည်းလေး အဲ့ဒီ စကားလုံး အသုံးအနှုန်းက နည်းနည်း အထင်လွဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ‘ဟာ… မဟုတ်ဘူး၊ လူတော်တော်များများက သူများအကြောင်းကို စိတ်ဝင်စားတယ်၊ ကိုယ့်အကြောင်းထက် သူများအကြောင်း စပ်စုကြတယ်’ ဆိုပေမဲ့ တကယ့်တကယ် သူတို့ စိတ်ဝင်စားတဲ့အရာက ကိုယ့်အကြောင်းပါပဲ။
ကျွန်တော် နမူနာတစ်ခု ပြောရမယ်ဆိုလို့ရှိရင် အခုခေတ်မှာ နည်းနည်းလေး နည်းသွားပြီဆိုပေမဲ့ အရင်ခေတ်တုန်းကဆိုလို့ရှိရင် ကျွန်တော်တို့ ဗေဒင်ဆရာတွေ သိပ်ခေတ်စားပါတယ်။ ဗေဒင်သွားမေးတယ်ဆိုတာ ဗေဒင်ဆရာ့အကြောင်းကို ကျွန်တော်တို့ မေးတာ မဟုတ်ဘူး၊ ကိုယ့်အကြောင်းကို ဗေဒင်ဆရာဆီ သွားပြီးတော့ မေးတာပါ။ ကိုယ့်အကြောင်းကို သိချင်လို့ တော်တော်များများ ဗေဒင်ဆရာကို ပိုက်ဆံပေးပြီးတော့ မေးကြတယ်။ အနာဂတ်မှာ ဘာဖြစ်မလဲ၊ ဒီလိုအခြေအနေက ဘာဖြစ်သွားနိုင်လဲဆိုတော့ အဓိက ကိုယ့်ဘဝအကြောင်း၊ ကိုယ့်အကြောင်း သွားပြီးတော့ တိုင်ပင်ကြတယ်၊ ဗေဒင်ဆရာ ပြောတာ နားထောင်ကြတယ်။ အဲ့တော့ ဗေဒင်ဆရာတွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဘယ်မှာ ကိုယ့်အကြောင်းကိုယ် မပြောဘူး။ ‘ငါ့ဘဝကို နည်းနည်း နားထောင်ကြည့်စမ်းပါဦးကွာ’ ဆိုတဲ့ ဗေဒင်ဆရာ… အဲ့လိုမျိုးတွေ ပြောနေတာ မဟုတ်ပါဘူး။ ဗေဒင်ဆရာ သေချာပေါက် လက်ကိုကြည့်ရင် ကြည့်မယ်၊ ဒါမှမဟုတ်လို့ရှိရင် ကျွန်တော်တို့ မွေးသက္ကရာဇ်ကို မေးပြီးတော့ တွက်ချက်တာတွေ လုပ်မယ်။ ပြီးရင် သူ စပြောတာ ဘာလဲဆိုတော့ အဲ့ဒီ မေးတဲ့သူရဲ့ အကြောင်းပါ၊ ကောင်းကောင်း သွားပြောမယ်။ အဲ့တော့ ဘာဖြစ်လို့လဲဆို လူတွေက ကိုယ့်အကြောင်းကိုယ် စိတ်ဝင်စားလို့ သွားပြီးတော့ မေးကြတာ။
အဲဒီမှာ ကျွန်တော်တို့ ဗေဒင်ပညာနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အရင်တုန်းကပေါ့နော်၊ အခုကတော့ မသိတော့ဘူး အဲ့စာအုပ်တွေ ရှိ မရှိပေါ့နော်။ အရင်တုန်းက ဘာလဲဆိုတော့ ဗေဒင်စာအုပ်တွေ ထွက်ပါတယ်။ တစ်နှစ်တစ်ခေါက်ပေါ့နော်၊ ရာသီခွင် ဟောစာတမ်းလို ပုံစံမျိုး။ ဥပမာ ကျွန်တော်ဆိုလို့ရှိရင် Scorpio (ဗြိစ္ဆာရာသီ) ပေါ့နော်။ အဲ့ဒါဆိုလို့ရှိရင် ဒီနှစ်မှာ… ဒီနှစ်မှာ ဘာများဖြစ်မလဲ၊ ဘာများ ကြုံရမလဲ၊ ဘယ်အရောင်တွေက ကံကောင်းစေမလဲ၊ အချစ်ရေးဆိုရင် ကြယ်ဘယ်နှပွင့်၊ စီးပွားရေးဆိုရင် ကြယ်ဘယ်နှပွင့်၊ အလုပ်အကိုင်ဆို ကြယ်ဘယ်နှပွင့်၊ အဲဒါမျိုးလေး ပြတာပေါ့နော် ဒီနှစ်မှာ။ အဲ့တော့ အဲ့လိုမျိုး စာအုပ်လေးတွေ ရောင်းရင် ကျွန်တော်တို့လည်း ခေတ်စားပါတယ်၊ ကျွန်တော်တို့ ခေတ်တုန်းကပေါ့နော်။ အကြမ်းဖျင်း ကျွန်တော် ဆယ်ကျော်သက်တုန်းက အဲ့ဒီ ပတ်ဝန်းကျင်မှာ ဖြစ်မှာပေါ့နော်။ ဗေဒင် ဝါသနာမပါတဲ့သူတောင်မှ ဝယ်ကြတာ၊ ဝယ်ပြီဆိုလို့ရှိရင် သေချာတာ ကိုယ့်ရာသီခွင်ပဲ ကိုယ်ဝယ်ပါတယ်။ ကိုယ့်မွေးနေ့နဲ့ ကိုက်ပြီးတော့ တခြားသူဟာ… တခြားရာသီခွင်မှာတော့ ဘယ်လိုဖြစ်နေမယ်ဆိုတာ ဝင်ပြီးတော့ စိတ်ဝင်စားတာ မဟုတ်ဘူး။ ဘယ်သူလဲဆို… ကျွန်တော့်အမေဆိုရင် သူ့ဗေဒင် သူ့ရာသီခွင်နဲ့ သူဝယ်တယ်၊ ကျွန်တော့်ညီမဆိုလည်း သူ့ရာသီခွင်နဲ့ ပတ်သက်တာပဲ သူဝယ်တယ်။ ဘာဖြစ်လို့လဲဆို သူ့အကြောင်း သူပဲ စိတ်ဝင်စားတယ်၊ သိချင်တာကိုး သူဘာဖြစ်မလဲဆိုတာ။ တခြားဟာကို ဝယ်ပြီးတော့ တခြားလူ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မကြည့်ဘူးပေါ့။
အဲ့လိုပါပဲ၊ လူတွေက သေချာတာ ကိုယ့်အကြောင်းကိုယ် စိတ်ဝင်စားတယ်။ အဲ့ဒါ အခြေခံအားဖြင့် သိထားဖို့ လိုပါတယ်။ တချို့တွေက အထင်လွဲတာ ဘာလဲဆိုတော့ ‘ငါ့အကြောင်း သူ စိတ်ဝင်စားမလား မသိဘူး’ ဆိုပြီးတော့ စကားပြောတဲ့ အချိန်မှာ ကိုယ့်အကြောင်း ဦးစားပေးပြီးတော့ ပြောပါတယ်။
ဟုတ်ပြီ… အဲ့တော့ ဒုတိယတစ်ဆင့်အနေနဲ့ ဘာလဲဆိုတော့ စကားပြောတာပေါ့နော်။ ဟုတ်ပြီ… အဲ့မှာ စကားပြောတဲ့ နေရာမှာ ကျွန်တော်တို့ အပြန်အလှန်ပေါ့နော်၊ မျှတတယ်ဆိုတဲ့ ဟာမျိုးလေးတွေ ကျွန်တော်တို့ သိကြတာ။ ဟုတ်ပြီ… သူ့အကြောင်း သူပြောမယ်၊ ကိုယ့်အကြောင်း ကိုယ်ပြောမယ်၊ ဒါ တစ်ယောက်နဲ့တစ်ယောက် တစ်ဝက်တစ်ဝက်ဆီပေါ့နော်၊ အာမခံချက်ရအောင်… မဟုတ်ပါဘူး၊ အဲ့လို မဟုတ်ပါဘူး စကားပြောတာ။ ပြောလို့မရဘူးလားဆို ရပါတယ်။ ဒါပေမဲ့ အဓိကက ဘာလဲဆိုတော့ လူမှုဆက်ဆံရေး ကောင်းမွန်ချင်တယ်ဆိုလို့ရှိရင် သူ့ကို ဦးစားပေးပါ။ သူဟာပဲ အဓိက။ အချိုးအစားကို ကြည့်မယ်ဆိုလို့ရှိရင် သူတစ်လှည့် ကိုယ်တစ်လှည့် မဟုတ်ပါဘူး။ သူပြောမယ်၊ ပြီးလို့ရှိရင် သူပဲ၊ ပြီးလို့ရှိရင်လည်း သူပဲ။ ကိုယ့်အကြောင်း ဘယ်အချိန်မှာ ပြောမလဲပေါ့။ ကိုယ့်အကြောင်း ဘယ်အချိန် ပြောမလဲဆို သူ မေးတဲ့အချိန်ကျရင် ပြောရမှာပါ။ သူကနေ ‘မင်းက ဘယ်လိုလဲ’ ဒါမှမဟုတ် ကိုယ့်အကြောင်းကို စိတ်ဝင်တစား မေးလိုက်ပြီဆို အဲ့ဒါကျတော့မှ ပြန်ဖြေလို့ရတယ်။
အဲ့လိုမဟုတ်ဘဲနဲ့ အတင်းပေါ့နော် ကျွန်တော်တို့တွေက များသောအားဖြင့် သူက တစ်ခုပြောလိုက်မယ်ဆိုလို့ရှိရင် ကိုယ်ကလည်း ပြန်ပြီးတော့ အားကျမခံ အုပ်လိုက်မယ်ဆိုပြီးတော့ အဲ့ဒါမျိုးပေါ့နော်။ အဓိကတော့ အဆင်ပြေချင်တာပါ၊ စိတ်ထဲမှာ လုံးဝ မကောင်းတဲ့စိတ် မရှိပါဘူး၊ ဘာမှ မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ လူတော်တော်များများဟာ အဖြစ်အပျက် တူပြီဆိုလို့ရှိရင် ‘ငါ့တုန်းကလည်း… ငါက ဘယ်လိုမျိုး’ ဆိုတာ ပြန်ပြီးတော့ ပြောတတ်ပါတယ်။ ကိုယ့်ပုံစံနဲ့ပေါ့နော်။ အဲ့ခါကျလို့ရှိရင် သူပြောမယ့်ဟာက၊ သူဆိုလိုရင်းက တစ်ခါတလေကျရင် အဲဒီမှာတင် ရပ်တန့်သွားပါပြီ။
အဲ့တော့ အဲ့ဒါတွေက ပြဿနာမဖြစ်ဘူးဆိုရင်တောင်မှ စိတ်ထဲမှာ ပြောရတာ စကားပြောလို့ဆိုလို့ မကောင်းဘူးဆိုတာ ရေရှည်မှာ ဖြစ်လာတတ်ပါတယ်။ အဓိက လူတွေ တော်တော်များများ ချစ်ကြတယ်၊ လူတွေနဲ့ ပြောဆို အဆင်ပြေတယ်ဆိုတာ ဘာလဲဆိုတော့ နားထောင်ကောင်းတဲ့သူတွေပါ။ များသောအားဖြင့် ကျွန်တော်တို့က ဘာလုပ်တတ်လဲဆိုတော့ လူတစ်ယောက်က ပြောမယ်… ‘ဟာ… ငါ ပြီးခဲ့တဲ့အပတ်တုန်းက ငါ အိုကီနာဝါ (Okinawa) သွားတယ်’ ဆိုလို့ရှိရင် ‘ဟာ… ငါ့တုန်းကလည်း’ ဆိုပြီးတော့ ပြောကြပါတယ်။ ဒါ တကယ် အပြင်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေပါပဲ။ ‘ကျွန်တော်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့တစ်ခေါက်တုန်းက အိုကီနာဝါ သွားတာ၊ အဲ့တုန်းက ကွာ… ဘယ်လို’ ဆိုပြီး ပြောနေတဲ့အချိန်မှာ ‘ငါ့တုန်းက မိုးရွာတာကွာ၊ ငါ အဲ့မှာ သွားပြီး ဘာစားခဲ့သေးတာ၊ မင်း အဲ့ဒါ စားခဲ့သေးလား’ အဲ့ဒါမျိုး ဖြစ်လာတာ။ အဲ့တော့ ဟိုဘက်ကနေပြီးတော့ ပြောချင်တဲ့အကြောင်း၊ အဲ့လောက်ကြီး ဆိုလိုရင်းက အများကြီး ကိုယ့်ဆီကို မရောက်တော့ဘူး။ နောက်တစ်ခုက ကျွန်တော်တို့ အဓိက ပြဿနာက ဘာလဲဆိုတော့ ဒီလူမှုရေးမှာ အရေးကြီးဆုံးက ဘာလဲဆိုတော့ ကျွန်တော်တို့ နားထောင်တတ်ဖို့ပါ။ လုံးဝ အရေးကြီးပါတယ်။ နားထောင်တတ်ဖို့ဆိုတာ ကျွန်တော်တို့ တော်တော်များများ အခုချိန်ထိက ဘာလဲဆိုတော့ စကားပြောပြီဆိုလို့ရှိရင် နားထောင်ပါတယ်။ သေသေချာချာ နားထောင်ပါတယ်။ ဒါပေမဲ့ နားထောင်ရင်း ဘာလုပ်နေလဲဆိုတော့ ကျွန်တော်တို့က စဉ်းစားနေတာပါ။ စဉ်းစားတယ်ဆိုတာ သူ စကားပြောနေပြီ… သူ စကားပြောတဲ့အချိန်မှာ ပြီးသွားပြီဆိုလို့ရှိရင် ငါက ဘာပြန်ပြောလိုက်မလဲဆိုတာ စဉ်းစားတာပါ။
ဟုတ်ပြီ… သူက စကားပြောမယ်၊ အကြောင်းအရာတစ်ခု ပြောနေပြီ။ ဟုတ်ပြီ… ပြောနေပြီ။ သူ စကားပြောပြီဆိုလို့ရှိရင် ပြန်ဖြေဖို့ စဉ်းစားရမယ်၊ အဖြေကို ခေါင်းထဲမှာ စဉ်းစားနေတာ၊ တော်တော်များများ နားမထောင်ပါဘူး။ အဲ့တော့ များသောအားဖြင့် လူတွေက သူပြီးပြီဆိုတာနဲ့ ‘ငါ့အလှည့်ပဲ’ ဆိုပြီးတော့ ကိုယ့်အလှည့်ကို စောင့်နေတဲ့ ပုံစံတွေ များတတ်ပါတယ်။ အလှည့်ကို အဲ့လို စောင့်တာမဟုတ်ဘဲနဲ့ သူ့ဟာကို သေသေချာချာ အာရုံစိုက်ပြီးတော့ နားထောင်ပေးဖို့ လိုပါတယ်။ အဲ့ဒါ အကျင့်လုပ်ဖို့ လိုပါတယ်။ အဲ့ဒါ အရေးကြီးပါတယ်။
ဟုတ်ပြီ… နောက်တစ်ခုက ဘာလဲဆိုတော့ လူတွေရဲ့ သဘောတရားက ဘာလဲဆိုတော့ တခြားလူတွေ အသိအမှတ်ပြုခြင်းကို ခံချင်တယ်။ များသောအားဖြင့် တိတ်တိတ်လေး မကျေနပ်တဲ့သူက များတယ်။ အဲ့ဒါ နည်းနည်းလေး အဆင့်မြင့်သွားပြီဆို တချို့ကလည်း လူမှုကွန်ရက်ပေါ်မှာ ကြွားတယ်ဆိုတဲ့ ပုံစံ ဖြစ်လာတယ်။ ငယ်ငယ်တုန်းကပေါ့နော်၊ ကျွန်တော် ကလေးဘဝတုန်းက ကျောင်းမှာ ပထမဆုရတာ ဆုတက်ယူရမယ်။ ပထမဆုရတာ ဟုတ်တယ်။ အဲ့တော့ ကျွန်တော် ဘာလိုချင်တာလဲဆိုတော့ ပထမဆုကို လိုချင်တာဆိုတော့ ဟုတ်တယ်၊ လိုချင်ပါတယ်။ အဲ့ဒီမှာ ဆရာမကနေ ညှိမယ်ပေါ့နော်… ‘ဟုတ်ပြီ၊ မောင်ကျော်ဇေယျာထွန်း… မင်းကတော့ ပထမဆုရတာ၊ ဒါပေမဲ့ တခြားလူကို ပေးမသိတော့ဘူး။ မင်း ပထမဆုကို ပေးမယ်၊ ဒါပေမဲ့ ငြိမ်ငြိမ်လေး နေလိုက်၊ မင်း ပါးစပ်ပိတ်ထားလိုက်၊ မင်း ပထမဆုရတာကို ဘယ်သူ့မှ မပြောနဲ့၊ ဘယ်သူ့မှလည်း ပေးမသိနဲ့၊ ဒီအတိုင်းပဲနေ၊ ဒါ မင်း ပထမဆုရတာ မင်း အတော်ဆုံးပဲ၊ မင်း ဒီအတိုင်းလေးနေ’ ဆို ကျွန်တော် လက်မခံချင်ဘူး၊ လက်မခံနိုင်ပါဘူး။
ပထမဆု ရတယ်ဆိုလို့ရှိရင် ကြွားတာ မဟုတ်ဘူးဆိုရင်တောင်မှ အနည်းဆုံး ဒါ အသိအမှတ်ပြုခြင်းကို ခံချင်ပါတယ်။ ဪ… ဘယ်လိုပဲပြောပြော အဲ့ဒါ ငြင်းလို့မရတဲ့ အချက်ပါပဲ။ ဘယ်သူမှမသိတဲ့ ပထမဆုကို မလိုချင်ပါဘူး။ အင်မတန်မှ စင်ပေါ်တက်ရမှာ ရှက်တယ်ဆိုပေမဲ့လည်း ကျွန်တော် မှတ်မိပါသေးတယ်။ ကျွန်တော့်တုန်းကလည်း အဲ့လို ဆုရတာပေါ့နော်။ နောက်နှစ်ကျလို့ရှိရင်၊ နောက်ရက်ကျလို့ရှိရင် ကျွန်တော် ဆုတက်ယူရမယ်။ များသောအားဖြင့် ဆုတက်ယူပြီဆိုရင် ကျွန်တော်တို့ ကလေးဘဝတုန်းကပေါ့နော်၊ ကျောင်းဆုပေးပွဲမှာဆိုရင် တိုက်ပုံတွေ ဘာတွေ ဝတ်ပြီးတော့ တက်ယူကြတာပေါ့နော်။ ကျွန်တော်တို့ခေတ်တုန်းကတော့ အမေ့ကို ကျွန်တော် ‘တိုက်ပုံလေး ဝယ်ပေးဦး’ ဆိုတော့… ‘ဟာ… မဟုတ်ဘူး၊ မနှစ်တုန်းက တိုက်ပုံ ရှိသေးတယ်မလား၊ အဲ့ဒီဟာလေး ဆင်လို့ရသေးတယ်၊ တော်သေးတယ်မလား’ ဆို… ‘မဟုတ်ဘူး၊ အသစ်လိုချင်တယ်၊ အဖြူအဝင်းလေး ဝယ်ပေးပါ’ ဆိုတော့ အဲ့ဒါပေါ့နော်။ အဓိက ဘာလဲဆိုတော့ ကျွန်တော်တို့ ရှက်တတ်တဲ့သူတောင်မှ၊ စင်ပေါ်တက်ရမှာ ရှက်တဲ့သူတောင်မှ ပထမဆုရတယ်ဆိုတာကို အသိအမှတ်ပြုခြင်းကို ခံချင်တယ်။ အဲ့လိုပါပဲ၊ လူတွေက အသိအမှတ်ပြုခံချင်တာ လူ့သဘာဝပဲ၊ ဘယ်လိုမှ ငြင်းလို့မရတဲ့ အရာပဲ။ အဲ့ဒါ ပါလာတာပဲ၊ အနည်းနဲ့အများ ကွာမယ်။ အဲ့ဒါကို ဘယ်လိုပြသလဲဆိုတာပဲ ကွာတာ၊ သေချာတာကတော့ သဘောသဘာဝအရ အဲ့ဒါမျိုးပါ။
အဲ့ဒီမှာ ကဲ… စကားတွေ ပြောကြပြီပေါ့နော်။ ဘယ်လိုပုံစံမျိုး ပြောကြမလဲပေါ့နော်။ အဓိကကတော့ ကျွန်တော်တို့ တစ်ခါတလေကျလို့ရှိရင် အပြောကောင်းတဲ့သူတွေ ရှိပါတယ်။ ကျွန်တော် အားကျတယ်၊ ‘ဟာ… ဒီလူ အပြောကောင်းလိုက်တာ’ ဆိုတော့… တကယ်တော့ အဲ့ဒါ စိုးရိမ်စရာ မလိုပါဘူး။ ကျွန်တော်တို့ လူမှုဆက်ဆံရေး ကောင်းတာနဲ့ အပြောကောင်းတာနဲ့ ပုံစံမတူပါဘူး၊ ကွဲပြားပါသေးတယ်။ အပြောကောင်းတာကကျတော့ ဖျော်ဖြေရေး ပုံစံမျိုးပါ။ လူတွေကို ရယ်အောင်လုပ်လိုက်မယ်၊ ငိုအောင်လုပ်လိုက်မယ်။ လူတွေကို အများနဲ့ဆိုလို့ရှိရင် လက်ခုပ်လက်ဝါးတီးရတဲ့အထိကို ပြောနိုင်တယ်၊ လူတွေ အာရုံစိုက်ပြီးတော့ နားထောင်အောင် ပြောသွားနိုင်တယ်။ အဲ့ဒါ အပြောကောင်းတာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် ဖျော်ဖြေရေး အစိတ်အပိုင်းတစ်ခုလို့ ပြောလို့ရပါတယ်။
လူမှုဆက်ဆံရေး ကောင်းတယ်ဆိုတာ အဲ့လို မဟုတ်ပါဘူး။ လူအများ ယုံကြည်တာပါ။ သူနဲ့ ရှိနေပြီဆိုလို့ရှိရင် ‘ဟာ… ဒီလူက စိတ်ချရတယ်၊ ကတိတည်တယ်၊ ဒီလူက စကားကို အလွန်အကျွံ မပြောဘူး၊ ထိန်းထိန်းသိမ်းသိမ်း ရှိတယ်’၊ ပြောရမယ်ဆိုလို့ရှိရင်လည်း ကိုယ့်ဘက်က စကားပြောမယ်ဆိုလို့ရှိရင်လည်း စိတ်ချရတယ်နော်။ ဒီလူက ဘာကိုမှ မကျော်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်၊ အလုပ်အကိုင်ပဲ ကြည့်ကြည့်၊ သူငယ်ချင်းပဲ ကြည့်ကြည့်၊ မိသားစုတွေမှာပဲ ကြည့်ကြည့်၊ ဆွေမျိုးထဲမှာပဲ ကြည့်ကြည့်၊ နောက်ဆုံး တစ်စိမ်းတစ်ရံပဲ ဖြစ်ဖြစ်ပေါ့နော်၊ လူမှုဆက်ဆံရေး ကောင်းတဲ့သူက ရေရှည်မှာ ပိုပြီးတော့ အပြောကောင်းတဲ့သူထက် သာပါတယ်။
ရုပ်တရား… အဲ့ဒီမှာ အပြောကောင်းတာနဲ့ လူမှုဆက်ဆံရေး ကောင်းတာနဲ့ ပုံစံကွဲချင်မှ ကွဲမှာ… မဟုတ်ဘူး၊ လုံးဝ ကွဲပါတယ်။ အဲ့ဒါ အပြောကောင်းတယ်ဆိုတာ စကားလုံး အရသာ၊ ကျွန်တော်တို့ ဒီ လေသံ အနိမ့်အမြင့်၊ အတက်အကျတွေ၊ အမူအရာတွေ၊ နောက်တစ်ခါ အခြေအနေတွေ၊ လူစိတ်ဝင်စားမယ့် ဇာတ်ကြောင်းကို ဘယ်လို ဆွဲယူလိုက်တာ၊ အဲ့ဒါတွေက အပြောကောင်းတာပါ။ ဒါပေမဲ့ တကယ့်တကယ် လူမှုဆက်ဆံရေးကကျတော့ လူတိုင်းမှာ ရှိသင့်တဲ့ အရည်အချင်းပါ။ ခုနတုန်းကကျတော့ ပါရမီလည်း ဖြစ်ရင်ဖြစ်မယ်၊ ကိုယ်က လေ့ကျင့်တာလည်း ဖြစ်ရင်ဖြစ်မယ် စကားအပြောကောင်းတာကကျတော့။ ဒါပေမဲ့ လူမှုရေးကကျတော့ ကျွန်တော်တို့ သေသေချာချာ ဂရုတစိုက်နဲ့ ဘဝတစ်လျှောက်လုံးမှာ လေ့ကျင့်ရမယ့်အရာ၊ မှတ်သားထားရမယ့်အရာ၊ ဆင်ခြင်ရမယ့် အရာတစ်ခုပါ။
ဟုတ်ပြီ… ကဲ… စကားပြောကြပြီပေါ့နော်။ စကားပြောမယ်ဆိုလို့ရှိရင် တစ်ဖက်သားကို ကိုယ်က မေးခွန်းမေးကြပြီ။ အဲ့တော့ မေးခွန်းမေးတာ အရေးကြီးပါတယ်။ ဟုတ်… အဓိက မေးခွန်းဆိုတာ ဘယ်လိုပုံစံလဲပေါ့နော်။ ကျွန်တော် အလွယ်တစ်ခု ပြောရမယ်ဆိုလို့ရှိရင်တော့ ဟို Yes တို့ No တို့ အဲ့လိုမျိုး ပိတ်ထားတဲ့၊ ဟုတ်တယ်တို့ မဟုတ်ဘူးတို့ ဖြေလို့ရတဲ့ မေးခွန်း မဟုတ်တာပေါ့နော်။ ဟုတ်… အဲ့ဒါဆိုလို့ရှိရင် အပြင်မှာ တွေ့ကြပြီပေါ့နော်… ‘ဪ… ထမင်းစားပြီးပြီလား’ ဆိုတော့ ‘စားပြီးပြီ’။ ‘ဘာဟင်းနဲ့ စားလဲ’၊ ‘ကြက်သားဟင်းနဲ့’။ ‘တခြား ဘာပါလဲ’ ဆိုတော့ ‘တို့စရာ’။ ‘ဘာတို့စရာလဲ’ ဆိုတော့ ‘သခွားသီးနဲ့ ချဉ်ဖတ်’။ ‘ဘာချဉ်ဖတ်လဲ’။ အဲ့လို တောက်လျှောက်တွေ မေးနေမယ်ဆို ဘာဖြစ်သွားမလဲဆိုတော့ စကားတော့ အဆက်မပြတ်သွားဘူး၊ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ စစ်ဆေးတာနဲ့ သွားတူပါတယ်။ ဟို ရဲစခန်းမှာ ခေါ်ပြီး စစ်နေတဲ့ ပုံစံနဲ့ တူသွားတာ၊ မယုံလို့ စစ်နေတဲ့ ပုံစံ… မပြောလို့ မရပါဘူး။
လူမှုဆက်ဆံရေး ကောင်းချင်တယ်ဆိုလို့ရှိရင် ဒါ ‘ဟုတ်ပြီ၊ မင်းအကြောင်း စိတ်ဝင်စားတဲ့အတွက်ကြောင့် မင်းကို စကားပြောလို့ရအောင် ငါက မေးပေးနေတယ်’ ဆိုရင် မေးခွန်းရဲ့ ပုံစံ ကွာပါသေးတယ်။ ဘယ်လို မေးခွန်းလဲဆိုတော့ အတိုကောက် အလွယ်တကူ မှတ်မယ်ဆိုလို့ရှိရင်တော့ အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ Why တို့ How တို့ အဲ့လိုနဲ့ စတာပေါ့နော်။ ‘ဘာကြောင့် ဒီလို ဖြစ်သွားတာလဲ’၊ ‘ဟာ… ဘယ်လိုဖြစ်လို့ ဒါမျိုး ဒီလိုမျိုး ဖြစ်သွားတာလဲ’ အဲ့ဒါမျိုး သေသေချာချာ… အဲ့ဒါမျိုးလေး သေသေချာချာပေါ့နော် ဟိုဘက်က ရှင်းပြလို့ရအောင်ပေါ့နော်၊ စကားလေးကို နည်းနည်းလေး ခပ်များများ ပြောလို့ရအောင်ဆို သူ့ဘက်ကို ဦးစားပေးတာပေါ့။ တော်တော်များများ စကားပြောပြီဆိုလို့ရှိရင် တစ်ဖက်လူကို ဦးစားမပေးချင်ကြဘူးပေါ့။ ဘာလို့လဲဆိုတော့ ခုနတုန်းက အခြေခံ သဘောတရားအရဆိုလို့ရှိရင် လူက ကိုယ့်ကိုယ်ကိုယ် ချစ်တယ်၊ ကိုယ့်အကြောင်းကို စိတ်ဝင်စားတယ်၊ ကိုယ့်အကြောင်းကို ပြောချင်တယ်၊ အဲ့ဒါကြောင့်မို့ပါ။
ကျွန်တော်ဆိုလို့ရှိရင် အခု YouTube မှာ စကားတွေ ပြောနေတာ၊ အပြင်မှာဆိုလို့ရှိရင် သူငယ်ချင်းတွေကို ထပ်ပြီးတော့ ပြောချင်ပါသေးတယ်။ ဖတ်ထားတဲ့ စာအုပ်တွေကပဲဖြစ်ဖြစ်၊ ကိုယ်ကြုံခဲ့တဲ့ အရာတွေပဲဖြစ်ဖြစ်၊ ကိုယ့်အတွေ့အကြုံတွေပဲဖြစ်ဖြစ် ပြောချင်ပါသေးတယ်။ ဘာလို့လဲဆို ပြောစရာ အကြောင်းကလည်း ရှိတယ်။ ဟိုဘက်က ဘယ်လိုလာလာ ကိုယ့်မှာ အဲ့ဒါ တုံ့ပြန်တဲ့ ဟာတွေက ရှိတယ်။ ဒါပေမဲ့ တကယ့်တကယ်ကတော့ ကိုယ်က လျှော့ပေးရမှာ။ တစ်ဖက်သားက ပြောမယ်ဆိုလို့ရှိရင် ‘ဟာ… ဒါ ဒီလို လုပ်လိုက်’ ဆိုတော့ ကိုယ့်အကြံဉာဏ်တွေ၊ အလုပ်တွေကို အလျင်အမြန် ပေးလို့ မရပါဘူး။ သေသေချာချာ စကားပြောကောင်းတဲ့သူ၊ ဆက်ဆံရေး ကောင်းချင်တဲ့သူဆိုတာ တစ်ဖက်ကို ဦးစားပေးရတာပေါ့။ အဲ့ဒီကနေ စတာပါ။
အဲ့ဒီမှာ တစ်ဖက်သား ကိုယ့်ကို မေးလာပြီပေါ့နော်… ‘မင်း ဘယ်လိုမြင်လဲ’။ အဲဒါဆိုလို့ရှိရင် ကျွန်တော်တို့ လုပ်ရမယ့်အရာက ကျွန်တော်တို့ မြန်မာစကားနဲ့ ပြောရမယ်ဆိုလို့ရှိရင် နှမ်းဖြူးတယ်ပေါ့နော်။ အသာလေး ဆားလေးခတ်၊ နည်းနည်းလေးပဲ ဆားလေး ဖြူးပေးလိုက်၊ တော်ပြီ အဲ့လောက်ပဲ။ သူ့စကားလုံးကို၊ သူပြောတဲ့ အကြောင်းအရာကို သိပ်ပြီးတော့ ကျွန်တော်တို့ သံပရာသီးတွေ ညှစ်မယ်၊ ငံပြာရည်တွေ ထည့်မယ်၊ ပြီးလို့ရှိရင် ငရုတ်သီးစိမ်းတွေ လှီးထည့်ပြီးတော့ ချဉ်ငံစပ် လုပ်ပစ်လိုက်မယ်ဆိုတာ စကားလုံး သွားမလုပ်ပါနဲ့။ အဲ့ဒါမျိုး သူ့ရဲ့ အဖြစ်အပျက်ကို သွားပြီးတော့ ပုံစံပြောင်းသွားအောင်၊ အရသာ ပိုပြီးတော့ သွားမလုပ်ပါနဲ့။ ခပ်ပါးပါးလေးပဲ အသာလေး ဖြူးပေးလိုက်၊ နည်းနည်းလေး ပိုပြီးတော့ လေးသွားပြီ၊ ဒီလောက်ပဲ တော်ပြီ။
အဲ့တော့ ဒီလိုမျိုး ဆက်ဆံရေး ကောင်းတယ်ဆို အတတ်နိုင်ဆုံး ကိုယ့်ဘက်က အများကြီး ဆင်ခြင်ရမှာ။ စကား အများကြီး ပြောပြီဆိုလို့ရှိရင် ပြဿနာ ဖြစ်ကြတယ်ဆိုတာ ကျွန်တော်တို့ သိကြတယ်။ ဒါပေမဲ့ စကားလည်း မပြောလို့ မရဘူး။ အဲ့တော့ ဘယ်လို ပြောကြမလဲပေါ့နော်။ အဓိက ကိုယ်က ဘယ်အရာတွေကို သတိထားပြီးတော့ ပြောမလဲပေါ့နော်။ အဲ့ဒါလည်း အခြေခံကို ပြန်သွားမယ်ဆိုလို့ရှိရင် ခုနဘုံမှာ ကျွန်တော်တို့ အသုံးအများဆုံး စကားလုံး ရှိပါတယ်။ လူတိုင်းလူတိုင်းမှာ အဲ့ဒါ ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ နာမည်ပါ။ အရေးအကြီးဆုံးကလည်း အဲ့ဒါပဲ ဖြစ်မှာပါ။ နောက်ဆုံးအားဖြင့် Form တွေ ဖြည့်ပြီဆိုလို့ရှိရင်၊ ကျွန်တော်တို့ ဗီဇာတင်ပြီဆိုလို့ရှိရင်လည်း ကျွန်တော်တို့ နာမည် ထိပ်ဆုံးက ဖြည့်ရတာပဲ။ ‘နာမည် ဘယ်သူလဲ’။ နော်… ကျွန်တော်တို့ ငယ်ငယ်တည်းကနေပြီးတော့ ကျောင်းတက်တည်းကနေပြီးတော့ ကိုယ့်စာအုပ်ပေါ်မှာ ကိုယ့်နာမည်ကို စပြီးတော့ ကျွန်တော်တို့ ရေးကြတာ အခု နောက်ဆုံးအချိန်ထိပဲပေါ့နော်။ အလုပ်မှာဆိုလည်း အဲ့လိုပဲ၊ တစ်ခုဆိုလို့ရှိရင်လည်း နာမည်က ရေးလိုက်ရပြီ၊ ဖြည့်လိုက်ရပြီ။ အင်တာနက်က လုပ်တဲ့ အလုပ် တော်တော်များများ၊ အင်တာနက်က လုပ်တဲ့ အလုပ်တွေမှာ ပထမဆုံး အရာ ဘာလဲဆိုတော့ ကိုယ့်နာမည်ပါ။
ဘဝတစ်လျှောက်လုံး ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် အရေးအကြီးဆုံးက ကိုယ့်နာမည်ပါ။ နာမည်နဲ့ ပတ်သက်လို့ လူတွေက တအား သဘောကျပါတယ်၊ နာမည်ကို တအား ကြိုက်ကြတာ။ ဘယ်လို ဘယ်လို ပုံစံမျိုးလဲဆိုတော့ ဥပမာ ထားပါတော့ဗျာ၊ ကျွန်တော့်ကို မေးပေါ့နော်… ‘ဟို ကျော်ဇေယျာထွန်း… မင်းကတော့ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ’ ဆိုတော့ ‘ကြက်ဥကြော်ပေါ့နော်’ ထားပါတော့။ ကြက်ဥကြော်ဆိုလို့ရှိရင် ကြုံတွေ့ရင် ကျွန်တော် ကြက်ဥကြော်ကိုပဲ ကျွေးပါဆို ထားပါစို့နော်။ အဲ့တော့ ကြိုက်တယ်ပေါ့နော်။ အဲ့အချိန်မှာ စကားပြောနေရင်းနဲ့ လူတစ်ယောက်ကနေပြီးတော့ ‘ပုစွန်ထုတ်’ လို့ ပြောတဲ့အချိန်မှာ ကိုယ်က ရုတ်တရက် ကိုယ်ကြိုက်တဲ့ ဟင်းနာမည်ကျတော့ အသံက ‘ဟာ… ပုစွန်ထုတ်ဆိုတာ ဘယ်သူက ပြောလိုက်တာလဲ’ ပေါ့နော်၊ ရုတ်တရက် ခေါင်းထောင်လာတယ်၊ အဲ့လောက် အဆင့်ပဲ။ အဲ့အချိန်မှာ တစ်ယောက်ယောက်ကနေပြီးတော့ ‘ကျော်ဇေယျာထွန်း’ ဆိုတဲ့ စကားလုံး အသံကို ထွက်လိုက်မယ်ဆိုလို့ရှိရင် လူက လုံးဝ လန်းလန်းဆန်းဆန်း ဖြစ်သွားပြီ။ ‘ဘယ်လိုဖြစ်တာလဲ’ ပေါ့နော်၊ ‘ငါ ဘာဖြစ်လို့လဲ’ ပေါ့နော်။ လူက ကိုယ့်နာမည်နဲ့ ပတ်သက်လာပြီဆိုလို့ရှိရင် တအား လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်၊ စိတ်ခံစားမှုက တက်လာပါတယ်။ ဘာဖြစ်လို့လဲ… ခေါ်ပြီဆို အဲ့လိုပဲ၊ နာမည်ခေါ်ပြီဆို တအား သဘောကျသွားကြတယ်။ ဆရာမ စာမေး… စာမေးတာ သက်သက်ပေါ့နော်။
အဲ့ အပြင်လောကမှာ လူချင်း ဆက်ဆံမယ်ဆို ကိုယ့်နာမည်လေးကို ကြားပြီး ပြောမယ်ဆိုလို့ရှိရင် ကိုယ့်ကို လေးစားတယ်၊ ကိုယ့်ကို အလေးထားတယ်၊ အဲ့ဒါ တော်တော်လေးကို ခံစားလို့ ကောင်းပါတယ်။ အဲ့တော့ တခြားလူတွေက အဲ့လိုပဲ အပြန်အလှန်အားဖြင့်။ အဲ့တော့ တစ်ခုဆိုလို့ရှိရင် နာမည် ခေါ်ပေးတာပေါ့နော်။ နာမည်လေး ထည့်ထည့်ပြီးတော့ ပြောတာ သဘာဝကျသွားပါတယ်။ မနက်ခင်း နှုတ်ဆက်ပြီဆိုလို့ရှိရင်လည်း ရုံးတွေမှာ သိသာပါတယ်၊ စနစ်တကျပေါ့နော် လေ့ကျင့်ထားတဲ့သူဆိုလို့ရှိရင် သေချာ နာမည်ခေါ်ကြတယ်။ အဲ့မှာ ဒီ နာမည်ခေါ်တာနဲ့ ပတ်သက်လို့ပေါ့နော်၊ ကျွန်တော့် အတွေ့အကြုံတစ်ခု ပြောရမယ်ဆိုလို့ရှိရင် ထားပါတော့၊ ဒီက ဂျပန်အတွေ့အကြုံ တစ်ခုပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြပြီဆိုလို့ရှိရင် ကျွန်တော်တို့ ဒီ လိပ်စာကတ်တွေ လဲကြတာပေါ့နော် အပြန်အလှန်။ အဲ့ဒါဆိုလို့ရှိရင်တော့ လိပ်စာကတ်မှာ နာမည် ဖတ်လိုက်တယ်၊ ပြီးလို့ရှိရင် ဆက်ပြီးတော့ ပြောလို့ရတယ်။
ကျွန်တော် ကြုံခဲ့တဲ့ အဖြစ်အပျက်တစ်ခုက ဘာလဲဆိုတော့ အဲ့ဒီမှာ ဒီလူနဲ့ ကျွန်တော်နဲ့ တွေ့ရမယ်။ အဲ့တော့ ဖြစ်ချင်တော့ မမျှော်လင့်ဘဲနဲ့ ချိန်းထားတဲ့ အချိန်မတိုင်ခင်မှာ ကျွန်တော်တို့ တွေ့ကြတယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ လိပ်စာကတ် မပါလာဘူး။ ဒါပေမဲ့ ဒီလူနဲ့တင် ကျွန်တော်နဲ့ သိတယ်၊ သေချာ မိတ်ဆက်ပေးတဲ့သူကလည်း ရှိတယ်။ ပြီးရင်တော့ ကျွန်တော် နောက်တစ်ယောက်ရယ်၊ ဟိုဘက်ကလည်း နှစ်ယောက်ပါ။ နှစ်ယောက် အချင်းချင်း ဒါ လမ်းအလှည့်မှာ ယောက်ျားလေး အိမ်သာရှေ့မှာ လာပြီးတော့ တွေ့ကြတယ်။ နှုတ်မဆက်လို့ မရတော့ဘူး၊ မိတ်မဆက်လို့ မရတော့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဘာမှ မပါလာဘူး၊ လိပ်စာကတ် မပါလာဘူး။ လိပ်စာကတ်တွေ မပါလာဘူး။
အဲ့အချိန်မှာ နှုတ်ဆက်လိုက်ကြတယ်။ အဲ့အချိန်မှာ ဘာဖြစ်သွားလဲဆိုတော့ နည်းနည်းလေး ရင်ခုန်ပြီးတော့ နှစ်ယောက်လုံးက ခေါင်းညိတ်ပြီး အပြန်အလှန် တစ်ယောက်နဲ့တစ်ယောက် နာမည် ပြောလိုက်တာ… ‘ကျွန်တော့်နာမည် ဘယ်သူပါ’ ပေါ့နော်။ အဲ့ဒါမျိုး ခေါင်းညိတ်လိုက်တဲ့အချိန်မှာ နှစ်ယောက်လုံးက စကားထပ်သွားတယ်၊ အသံက ထပ်သွားတယ်။ အဲ့တော့ သူ့နာမည် ကျွန်တော် သေသေချာချာ မကြားလိုက်ဘူး၊ ကျွန်တော့်နာမည်လည်း သူ သေချာ မကြားလိုက်ဘူး။ အဲ့အချိန်မှာ ကျွန်တော့် ခေါင်းထဲမှာ ဘာဝင်လာလဲဆိုတော့ ရှက်ရတော့မယ်ဆိုတာပဲ။ ဒီလူ့နာမည်တော့ မသိဘူး၊ ဒါပေမဲ့ အသာလေး ထားလိုက်မယ်ပေါ့နော်။ နာမည် ထည့်မပြောဘဲနဲ့ ဒီအတိုင်းလေးပဲ၊ နောက်ပြီးသွားတဲ့ အခါကျမှ တခြားသူတစ်ယောက်ကတစ်ဆင့် ဒါမှမဟုတ် သူ့နာမည် ဘာလဲဆိုတာ ပြန်ပြီး စုံစမ်းလိုက်မယ်ပေါ့နော်။
အဲ့လိုပုံစံ စဉ်းစားတယ်။ အဲ့လိုပုံစံ စဉ်းစားတော့ အဲဒီမှာ ဟိုဘက်က ဘာလုပ်လဲဆိုတော့ အံ့ဩစရာ ကောင်းတာက ဟိုဘက်ကနေ ကျွန်တော့်နာမည် ထပ်ပြီးတော့ မေးသွားတာ။ ကျွန်တော့်နာမည် ပြောပြီးပြီ၊ ဘာဖြစ်လို့ သူ နာမည်ထပ်မေးလဲဆိုတော့ သူက စကားလုံးက လှသွားတယ်။ ‘ဟုတ်တယ်… မင်းနာမည်ကို ငါ ပီပီသသ သေသေချာချာ မှန်မှန်ကန်ကန် ခေါ်ချင်လို့တဲ့၊ နာမည်လေး ပြန်ပြောပေးပါ’ တဲ့။ အဲ့လို ပြောပါတယ်၊ အဲ့ဒါကြောင့် အဲ့လို လုပ်လို့ရပါလားပေါ့နော်။
ဟုတ်… အဲ့ခါကျမှ သူက နာမည်ခေါ်ပြီး သေသေချာချာ ပြောပါတယ်။ အဓိက တခြားသူတစ်ယောက် နာမည်မသိဘူးဆိုလို့ရှိရင်၊ သေချာ မကြားလိုက်ဘူးဆိုလို့ရှိရင် ရတယ်၊ ထပ်မေးလို့ ရသွားတယ်။ အဲ့ဒါပဲ၊ အဓိကတော့ ဘာလဲဆိုတော့ နာမည်က အရေးကြီးပါတယ်။ လုံးဝ ရှက်နေတာထက် မသိချင်ယောင်ဆောင်မနေဘဲ မှန်မှန်ကန်ကန် ထပ်ပြီးတော့ မေးလိုက်တာ ပိုပြီးတော့ ကောင်းပါတယ်။ နာမည်က တခြားလူတစ်ယောက်က ဘယ်သူမဆိုပေါ့နော်၊ ကိုယ့်နာမည်မှားရင်တော့ ကြိုက်မှာမဟုတ်ဘူး။ နောက် သေချာတာ နာမည်ကို မမှားဘဲနဲ့ ပီပီသသ သေသေချာချာ မှန်မှန်ကန်ကန်ပေါ့နော်၊ မွေးကတည်းကနေပြီးတော့ သူ့နာမည်က ဒီဟာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်၊ အဲ့ဒါကို သတိထားဖို့ လိုတာပါ။ နာမည်က ဒါ အရေးကြီးပါတယ်။
နောက်တစ်ဆင့်က ဘာလဲဆိုတော့ ဘယ်သူမဆို သေချာတာ အခြေခံက ဘာလဲဆိုတော့ လူတွေက အမြှောက်ကြိုက်ပါတယ်။ အဲ့ဒါ တော်တော်များများ သိကြပါတယ်။ အမြှောက်ကြိုက်တယ်ဆိုတာတော့ သိကြတယ်၊ ဒါပေမဲ့ ကဲ… တခြားသူတစ်ယောက်ကို မြှောက်ဖို့က လွယ်သလားပေါ့နော်။ တချို့တွေက ဘာလုပ်လဲဆိုတော့ ‘ငါကတော့ ဘယ်သူ့ကိုမှ မမြှောက်ဘူး၊ ငါတော့ အမှန်အတိုင်းပဲ ပြောတယ်’ ဆိုတာ ရှိတတ်ပါတယ်။ အဲ့လိုလူတွေက တကယ့် လူမှုဆက်ဆံရေးမှာ သိပ်အဆင်ပြေဖို့ ရာခိုင်နှုန်းဆိုတာ တော်တော်လေးကို နည်းသွားတာပါ။ အဲ့တော့ ကျွန်တော် ပြောချင်တာကတော့ မျက်နှာဖုံးစွပ်ပြီးတော့ လူတွေကို ဆက်ဆံဖို့ ပြောတာ မဟုတ်ပါဘူး။ မြှောက်တယ်ဆိုတာ လိုအပ်ချက်တစ်ခုပါ။ တခြားသူတစ်ယောက်က စိတ်ကျေနပ်မယ်ဆိုလို့ရှိရင်၊ ပျော်သွားမယ်ဆိုလို့ရှိရင်၊ တောက်လျှောက် သူနဲ့ ပြောဆိုရတာ အဆင်ပြေသွားပြီ။ လုပ်ငန်းဆိုလည်း အဲ့လိုပဲ၊ နောက်တစ်ခေါက် တွေ့မယ်ဆိုလည်း အဲ့လိုပဲ၊ ဘာကိစ္စမဆိုပေါ့နော်။ အဲ့တော့ ကိုယ့်ဘက်က တခြားသူတစ်ယောက်ကို မြှောက်ပေးလိုက်တာ ဒီ ကိုယ့်အတွက် အခွင့်အရေးများ ရသွားစေပါတယ်။ ကြည့်လိုက်မယ်ဆိုတော့ ကျွန်တော်တို့ မြန်မာစကားလုံးနဲ့ဆိုလို့ရှိရင် မြှောက်တာ မကောင်းဘူးဆိုပေမဲ့ လူမှုဆက်ဆံရေးမှာ လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။
မြှောက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တစ်ခါတလေကျရင် ဘာကြုံရလဲဆိုတော့ ‘ဟာ… ဒီကောင့်မှာ မြှောက်စရာ ဘာတစ်ကွက်မှကို မရှိဘူး’၊ မြှောက်ပြောချင်တယ် ဒါပေမဲ့ မြှောက်ပြောစရာကို မရှိဘူးဆိုတဲ့ အခြေအနေ ကြုံတတ်ပါတယ်။ ဒါပေမဲ့ အဲ့လို မဟုတ်ပါဘူး။ ဘယ်သူမဆို မြှောက်ပြောစရာ တစ်ကွက်ကတော့ ရှိပါတယ်။ အနည်းဆုံး ကျွန်တော်တို့ ဘာဖြစ်လို့ မြှောက်ပြောလို့ မရလဲဆိုတော့ သူ့ကို ကျွန်တော်တို့ မသိလို့ပါ။ ကျွန်တော်တို့ မမြင်လို့ပါ။ ဘာလို့ မမြင်လဲဆိုတော့ မကြည့်လို့ပါ။ ဘာဖြစ်လို့ မကြည့်လဲဆိုတော့ လူတွေက သူများအကြောင်းထက် ကိုယ့်အကြောင်းကို ပိုစိတ်ဝင်စားလို့ပါ။ သူ့အကြောင်း သေသေချာချာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် သေချာ မြင်လာမယ်။ မြင်လာတဲ့အချိန်ကျမှ သူ့ကို မြှောက်လို့ ရပါပြီ။
ဒါပေမဲ့ မြှောက်တယ်ဆိုတဲ့ စကားလုံးမှာ အရေးအကြီးဆုံးအရာ ရှိပါတယ်။ စည်း ရှိပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ အမှန်အတိုင်း မြှောက်ပါ၊ စိတ်ရင်းနဲ့ မြှောက်ပါ။ မလိမ်ပါနဲ့၊ လိမ်လို့ မရပါဘူး။ မြှောက်တာ လွယ်လွယ်ကူကူပေါ့နော် ‘ဟာ… ချောတယ်ကွာ၊ လှတယ်ကွာ’ အဲ့ဒါမျိုး မဟုတ်ဘူး။ အဲ့ဒါ မြှောက်တာ မဟုတ်ဘူး၊ အဲ့ဒါ အဆင်မပြေဖို့ ပိုပြီးတော့ များပါတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ တကယ်မြှောက်ပြီဆိုလို့ရှိရင် တကယ့် စိတ်နဲ့မြှောက်၊ စိတ်ထဲကနေပြီး အဲ့ဒါကို တကယ်တွေးပြီးတော့ ရှာပါ၊ ရှိပါတယ်။ ဘယ်လိုအရာတွေလဲပေါ့နော်။
မြှောက်တဲ့နေရာမှာလည်း နည်းနည်းလေး ကျွန်တော် အဲ့ဒါလည်း ပညာပါသွားတာ။ မြှောက်တဲ့နေရာမှာလည်း နည်းနည်းလေး အဲ့ဒါ ပညာပါတယ်၊ ဘယ်နေရာကို မြှောက်မှာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့လဲ။ အဓိက ကျွန်တော်တို့ တစ်ခါတလေကျလို့ရှိရင် သိရဲ့သားကြီးနဲ့ကို မခံနိုင်တာ ရှိပါတယ်။ မခံနိုင်တာ ဘာလဲဆိုတော့ မြှောက်တယ်ဆိုတာ သိတယ်၊ ဒါပေမဲ့ ဘယ်လိုမှကို မမြောက်ဘဲ နေတာမျိုး မဟုတ်ဘူး။ ဒါကို ပြောတာ ‘ငါ တည်တည်ငြိမ်ငြိမ်နေမယ်၊ ငါ့ကို မြှောက်လည်း မမြောက်ဘူး’ ဆိုပေမဲ့ အဲ့လိုလူတောင် မခံနိုင်ပါဘူး။ တကယ် မြှောက်တတ်ပြီဆိုလို့ရှိရင် အဲ့လို အခြေအနေပါ။
အရေးကြီးတာ ဘာလဲဆိုတော့ မြှောက်မယ်ဆိုလို့ရှိရင် ဖားမယားပါနဲ့၊ အဲ့ဒါ ပိုပြီးတော့ ဆိုးတဲ့ဘက်ကို ရောက်သွားစေပါတယ်။ စိတ်ရင်းနဲ့ လုပ်ပါ၊ သေသေချာချာ လုပ်ပါ၊ ဂရုစိုက် လုပ်ပါ။ နောက်တစ်ခါ သတိထားရမှာ ဘာလဲဆိုတော့ မမြှောက်တတ်ဘူးဆိုလို့ရှိရင် အပေါ်စီးကနေ ပြောတဲ့ပုံစံ ဖြစ်သွားတတ်ပါတယ်။ ‘မင်း မဆိုးဘူးပဲ၊ မင်း ကောင်းသားပဲ’ ဆိုတာ အဲ့ဒါတွေက ရုတ်တရက် စကားလုံး ကြည့်မယ်ဆိုလို့ရှိရင်တော့ ကောင်းပါတယ်။ ဘာလဲဆိုတော့ ကောင်းတာပဲ ပြောတာ၊ သူ ဆိုးတာ ပြောတာ မဟုတ်ဘူး၊ ‘မင်း မဆိုးဘူး၊ မင်း တော်တယ်’ ဆိုတာ။ ဒါပေမဲ့ သေချာ နားထောင်မယ်ဆိုလို့ရှိရင် စကားလုံးကို နားထောင်ကြည့်တာနဲ့ သိတယ်။ ဘာလဲဆိုတော့ အပေါ်စီးကနေ ပြောနေတာ၊ အဲ့ဒါ မြှောက်တာ မဟုတ်ဘူး၊ အဲ့လို လုပ်လို့မရဘူးပေါ့။
အဲ့တော့ မြှောက်တာလည်း ခက်တယ်ဆိုတာ ကျွန်တော်တို့ သိလာပြီ။ ဘယ်လိုအရာတွေကို မြှောက်မလဲပေါ့နော်။ မြှောက်တဲ့နည်းရော ဘယ်လိုတွေ ရှိလဲဆိုတော့ အများကြီး ရှိပါတယ်။ ဥပမာ နမူနာတစ်ခု ပြောရမယ်ဆိုလို့ရှိရင် ဟိုမှာ သူ့ရဲ့ အမူအကျင့်၊ လှုပ်ရှားပုံ အဲ့ဒါမျိုးလေးတွေ မြှောက်လို့ ရသွားတယ်။ အဲ့တော့ ဥပမာအနေနဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံပဲ ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော် အဲ့တုန်းက ကိစ္စတစ်ခုက တော်တော် အရေးကြီးနေပါတယ်။ မှားလို့ မရဘူး၊ အချိန်ကလည်း မရှိဘူး။ ကျွန်တော် တော်တော်လေးကို ခပ်မြန်မြန် ကျွန်တော် ပြေးပါတယ်။ အဆောက်အအုံထဲမှာပါ။
ကျွန်တော် ပြေးနေတဲ့အချိန်မှာ ဟိုဘက်ကနေပြီး လူတစ်ယောက် လာပါတယ်။ အကွေ့မှာပေါ့နော်၊ လာပြီးတော့ တွေ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်က အရှိန်နဲ့ ပြေးလာရင်းနဲ့ ရုတ်တရက် ရပ်လိုက်ပါတယ်။ မတိုက်မိသွားဘူးပေါ့နော်။ အဲဒီအချိန်မှာ ဟိုဘက်ကလူက ဘာပြောလဲဆိုတော့ ‘ဟာ… မင်း အရှိန်နဲ့ ပြေးလာတာ ချက်ချင်း ရပ်လို့ရတယ်၊ အားကစားတွေ ဘာတွေ လုပ်ထားတာလား၊ မင်း တော်တော်လေးကို ခြေထောက်ရော၊ ခန္ဓာကိုယ်ရော၊ ဦးနှောက်ရော တော်တော်လေးကို ကောင်းတာပဲ’ ဆိုပြီး ချီးကျူးလိုက်ပါတယ်။ ဘာမှ မဟုတ်ပါဘူး၊ ပြေးလာရင်းနဲ့ ရုတ်တရက် ရပ်လိုက်တာကို ဟိုဘက်ကနေ အဲ့လို ချီးကျူးလိုက်တာ။
အဲ့ဒီ အဖြစ်အပျက်က ဘယ်တုန်းက ဖြစ်သွားတာလဲဆိုတော့ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ဖြစ်သွားတာပါ။ ကျွန်တော့် စိတ်ထဲမှာ အခုချိန်ထိ ကျန်သေးပါတယ်၊ မမေ့ပါဘူး။ ဒါ မြှောက်ပြောတာပဲ ဖြစ်ဖြစ်ပေါ့၊ ဒါပေမဲ့လည်း ဘာပဲပြောပြော သဘောကျပါတယ်။ အဲ့လောက်တောင်မှ လူတွေရဲ့ စိတ်ကို အဲ့လိုပဲ ဖြစ်စေတာပါ တစ်ဖက်သားကို။
နောက်တစ်ခုက ဘာလဲဆိုတော့ ဥပမာ ပိုင်ဆိုင်မှုလို ဟာမျိုးပေါ့နော်၊ ပြောလို့ရပါတယ်။ လူတွေက ကိုယ်ပိုင်ဆိုင်တဲ့ အရာကို၊ တကယ် ပိုင်တဲ့အရာကိုပေါ့နော်၊ ကျွန်တော်တို့ များသောအားဖြင့် သဘောကျကြတယ် တခြားသူတစ်ယောက်က မြှောက်ပေးတယ်ဆိုလို့ရှိရင်။ မြှောက်တယ်ဆိုတဲ့ စကားလုံးပဲ သုံးရရင်ပေါ့နော် ဒီထဲမှာတော့။ အဲ့ဒါကို ချီးမွမ်းတယ်ဆိုလို့ရှိရင် တော်တော်များများ ပစ္စည်းဖြစ်နေရင်တောင်မှ သဘောကျပါတယ်။ ဥပမာ ကားနဲ့ လာမယ်၊ ကားမှန် ချလိုက်မယ်၊ ပြီးလို့ရှိရင် လှမ်းကြည့်လိုက်မယ်၊ ‘ဟာ… မင်းကား ကောင်းလှချည်လား’ ဆိုပြီး ချီးကျူးမယ်ဆိုရင် တော်တော်လေး သဘောကျမှာပါပဲ။ အဲ့လို မြင်စေချင်လို့လည်း အဲ့လိုမျိုးမောင်း၊ အဲ့လိုမျိုးတွေ ကြည့်နေတာပေါ့နော်။ ဘာဖြစ်လဲ… စိတ်ထဲကနေပြီးတော့ ချီးကျူးပေးလိုက်ပါ၊ ‘ကွာ… မင်းကားက သဘောကျစရာပဲကွာ’၊ ဘာမှ မဖြစ်ပါဘူး၊ ကိုယ့်အတွက် အနှောင့်အယှက် မဖြစ်သွားဘူး၊ သူကလည်း သဘောကျသွားမှာပဲပေါ့နော်။ အဲ့ဒါမျိုးပေါ့။ ဒါပေမဲ့ ခုနက ပြောသလိုပေါ့နော်၊ နည်းနည်းလေးတော့ ဒီဟာနဲ့ ပတ်သက်လို့ သတိထားဖို့ပေါ့နော်၊ အလွန်အကျွံ မဖြစ်ဖို့ပါပဲ။ ဒါပေမဲ့ စိတ်ရင်းနဲ့ပေါ့နော်၊ အဓိက ကိုယ့်စိတ်က အဲ့လိုမျိုး ပြင်လိုက်မယ်ဆိုလို့ရှိရင် လုံးဝ ကောင်းပါတယ်။
အဲ့ဒါ ပြီးရင် နောက်ထပ် အရေးကြီးတာ ဘာလဲဆိုတော့ ကျေးဇူးတင်စကားပေါ့။ ကျေးဇူးတင်စကားကတော့ အဓိကကတော့ ဘယ်သူမဆို ကျွန်တော်တို့ ကျေးဇူးအတင်ခံချင်ပါတယ်။ အဲ့ဒါကို သိထားဖို့ လိုပါတယ်။ ‘ကျေးဇူးတင်ပါတယ်’ ဆို သဘောကျကြပါတယ်။ ကဲ… ဘယ်အချိန်မှာ ဘယ်လိုပြောမယ်၊ ဘယ်လောက် အရေအတွက်ထိ ပြောမလဲပေါ့နော်။ အဲ့ဒါ ယဉ်ကျေးမှုပေါ် မူတည်ပြီးတော့ ကွဲသွားပါတယ်။ မြန်မာ့ယဉ်ကျေးမှုကကျတော့ ‘ကျေးဇူးတင်ပါတယ်’ ဆိုတာ အဲ့လောက်ကြီး အသုံးအနှုန်း မများဘူး၊ တခြား ယဉ်ကျေးမှုနဲ့ ယှဉ်မယ်ဆိုရင်ပေါ့နော်။ ဥပမာ ဂျပန်မှာဆိုလို့ရှိရင် မိသားစုအချင်းချင်းလည်း တအား ပြောကြတယ်။ ကလေးဆိုလည်း ‘အရိဂါတိုး (Arigatou)’ ဆို အဲ့လိုပဲ ပြောကြတာ။ အဲ့တစ်ခါ ကိုယ့်လူကြီးဆိုလို့ရှိရင် ‘အရိဂါတိုး ဂိုဇိုင်းမတ်စ် (Arigatou gozaimasu)’ လူကြီးကိုလည်း အဲ့လိုပဲ ပြောတာ၊ တအား သုံးပါတယ်။ ‘အရိဂါတိုး’ ဆိုတဲ့ စကားလုံးက ဒီဆိုင်မှာ ဈေးဝယ်ပြီးပြီဆိုတော့လည်း အဲ့ဒါပဲ ပြောတာ။ အင်္ဂလိပ်တွေဆိုလို့ရှိရင်လည်း ‘Thank you’ ဆို အဲ့ဒါကို ထပ်နေတော့တာပဲ၊ တော်တော်လေးကို သုံးတယ်။ ဒါပေမဲ့ မြန်မာမှာကျတော့ ‘ကျေးဇူးတင်ပါတယ်’ ဆိုတဲ့ စကားလုံးကို အဲ့လောက် အရေအတွက် အများကြီး မပြောဘူး။ မိသားစုအချင်းချင်းဆိုရင် မပြောကြဘူး၊ သူငယ်ချင်းအချင်းချင်း ဆိုလို့ရှိရင်တော့ ‘ပြောစရာမလိုပါဘူးကွာ’ ဆိုတဲ့ ဟာမျိုးပေါ့နော်။
ဒါပေမဲ့ ကျွန်တော်တို့ သိထားရမှာ ဘာလဲဆိုတော့ တစ်စိတ်တစ်ဒေသအားဖြင့် ပြောမယ်ဆိုလို့ရှိရင်တော့ စကားပြောမယ်၊ ဆက်ဆံတဲ့ အချိန်မှာဆိုရင်တော့ ကျေးဇူးတင်စကား ပြောဖို့ဆိုတာ လိုအပ်တယ်ဆိုတာပါပဲ။ အချိန်အခါကို ကြည့်ပြီးတော့ပေါ့နော်၊ စကားလုံး အသုံးအနှုန်းကတော့ ကွဲသွားမယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူ့စိတ်ထဲမှာ ကျေးဇူးအတင်ခံချင်တယ်ဆိုတာ သိဖို့ လိုပါတယ်။
အဲ့ဒီမှာ ကျွန်တော်တို့ ကိုယ်အမူအရာပေါ့နော်၊ ကိုယ်အမူအရာနဲ့ ပတ်သက်မယ်ဆိုလို့ရှိရင်တော့ ဒါ လူမှုဆက်ဆံရေးမှာ အရေးကြီးတာ ဘာလဲဆိုတော့ ဒါ အရင်တုန်းက ဗီဒီယိုမှာ ပြောခဲ့ဖူးတာ၊ လူတွေမှာ ပိုက်ဆံရှိတဲ့သူတို့၊ ရုပ်ချောတဲ့သူတို့ အဲ့ဒါတွေက တော်တော်လေး အားသာချက် ရှိပါတယ်။ သဘာဝတရားအရပေါ့နော်၊ အမှားလုပ်တာချင်း တူမယ်ဆိုလို့ရှိရင်တောင်မှ ရုပ်ချောတဲ့သူဆိုလို့ရှိရင် နည်းနည်းလေး ခွင့်လွှတ်ပေးလို့ရတယ်ဆိုပြီးတော့ အဲ့လောက်ကြီး အပြစ်မမြင်တာတွေ ရှိတတ်ပါတယ်။ ‘လောကကြီး မတရားဘူး’ ပဲ ပြောပြော၊ ဘာပဲပြောပြော အဲ့ဒါ ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့ အရာ၊ သဘာဝအရကို အဲ့လို ဖြစ်နေတာ။ ရုပ်ချောတဲ့သူတွေက အဲ့မှာ တစ်ပန်းသာပါတယ်။ နောက်တစ်ခုကကျတော့ ပိုက်ဆံရှိတဲ့သူပေါ့နော်။ ပိုက်ဆံရှိတဲ့သူဆိုလို့ရှိရင် ဘာဖြစ်ဖြစ် ထမင်းဝိုင်း အတူစားကြပြီဆိုလို့ရှိရင်၊ အမှားလုပ်မယ်ဆိုလို့ရှိရင် ‘ငါ ပိုက်ဆံရှင်းလိုက်မယ်၊ ငါပဲ အကုန် အကျခံလိုက်မယ်’ အဲ့ဒါမျိုးဆိုလို့ရှိရင် ဘာပဲပြောပြော သူက တစ်ပန်းသာပါတယ်။ သူ့အပေါ်မှာ လူချစ်လူခင်များဖို့ ရာခိုင်နှုန်း များတာ တစ်နည်းအားဖြင့်ပေါ့နော်။
ဟုတ်ပြီ… နောက်တစ်ခုက ကိုယ်က ရုပ်လည်း မချောဘူး၊ ပိုက်ဆံလည်း မရှိဘူးဆိုလို့ရှိရင် နောက်တစ်ခု ကိုယ် အားစိုက်ရမှာ ဘာလဲဆိုတော့ လူမှုဆက်ဆံရေးပါနော်။ အသွင်အပြင် အမူအရာကစပေါ့နော်၊ ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ ဥပမာ တစ်ကိုယ်ရေသန့်ရှင်းရေးပေါ့နော် တော်တော် ဂရုစိုက်သင့်ပါတယ်။ လူတွေနဲ့ ဆက်ဆံမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဥပမာ သွား သေသေချာချာ တိုက်တာတို့၊ လက်သည်းခြေသည်းတွေပေါ့နော် ရှင်းထားတာတို့၊ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်တာတို့ အဲ့ဒါမျိုးလေး တော်တော်လေး အရေးကြီးပါတယ်။ ဒါ အခြေခံပဲပေါ့နော်၊ အဲ့ဒါတွေက လူမှုရေး ကောင်းချင်တယ်ဆိုရင် အဲ့ဒီအပိုင်းက အရေးကြီးပါတယ်။ တစ်ခါတလေကျလို့ရှိရင် ဒီ အင်တာနက်ပေါ်မှာပေါ့နော် ကျွန်တော်တို့ စာရင်းဇယားတွေ ထောက်ပြပြီးတော့ လူတွေကို ကောင်းတာ မကောင်းတာ ဆုံးဖြတ်တာတို့၊ အဆင့်အတန်းနဲ့ ပတ်သက်ပြီးတော့ ခွဲခြားလား မခွဲခြားလား မေးတာတို့ အဲ့ဒါတွေ အင်တာနက်ပေါ်မှာ တွေ့ရတာပါ။ အဲ့ဒါ ခေါင်းထဲ မထည့်ပါနဲ့။ အဓိက လက်တွေ့ကျကျပေါ့နော် ကိုယ့်ဘာသာကိုယ် သန့်သန့်ရှင်းရှင်းနေတာ တခြားသူ ကိုယ်နဲ့ ဆက်ဆံတဲ့အချိန်မှာ အဆင်ပြေအောင်ဆိုပြီးတော့ တခြားသူဘက်ကို တွေးပေးပြီးတော့ပေါ့နော် ဆက်ဆံ၊ အဲ့ဒါ လုပ်မယ်ဆိုလို့ရှိရင်တော့ အဆင်ပြေမှာပါ။
ဟုတ်ပြီ… အဲ့လိုပြောတဲ့အချိန်မှာ အမူအရာပေါ့နော်၊ အဲ့ဒါကျတော့ ဟုတ်ပြီ… တချို့ကကျတော့ အာရုံစိုက်တယ်ဆိုလို့ရှိရင် တစ်ဖက်သူ စကားပြောနေပြီဆိုလို့ရှိရင် သူ့ရဲ့ မျက်လုံးကို ကြည့်ပါလို့ ပြောတာလည်း ရှိပါတယ်။ အဲ့ဒီ မျက်လုံးကို ကြည့်တာသည် ဘယ်လောက် ကြည့်ရမှာလဲ။ တောက်လျှောက်ကြီး စိုက်ပြီးတော့ပေါ့နော်၊ တောက်လျှောက်ကြီး စိုက်ပြီးတော့ ကြည့်နေမယ်ဆို တစ်ဖက်သားက ဘယ်လိုမှ မလုံမလဲ ဖြစ်လာမှာပေါ့၊ မခံနိုင်ပါဘူး။ ‘ဘာဖြစ်လို့လဲ၊ ငါ့မျက်နှာမှာ တစ်ခုခု ဖြစ်နေလို့လား’ ဆိုပြီးတော့ ကိုယ့်မျက်နှာကို သံသယ ဖြစ်လာမယ်၊ ‘ငါ့ဆံပင်မှာ တစ်ခုခု ကပ်နေတာလား၊ ဘာဖြစ်လို့ အဲ့လောက် ကြည့်နေတာလဲ’ ဆိုပြီးတော့၊ ဒါမှမဟုတ်ရင် ‘ဒီလူ စိတ်မမှန်ဘူးလား’ ဆို အဲ့လို ဖြစ်လာမယ်။
ဟုတ်ပြီ… မျက်လုံးကို မကြည့်ဘဲနဲ့ အဝေးကို ကြည့်နေမယ်ဆိုရင် လူမှုဆက်ဆံရေး သဘောတရားအရ အဝေးကို ကြည့်နေမယ်ဆိုလို့ရှိရင် ‘မင်းကို စိတ်မဝင်စားတော့ဘူး’၊ တံခါးပေါက်ကို ကြည့်နေပြီဆို ‘ပြန်ချင်တယ်’ ဆိုတဲ့ အဓိပ္ပာယ်၊ အဝေးကို ကြည့်နေတယ်ဆိုလို့ရှိရင် ‘မင်းထက် စိတ်ဝင်စားတဲ့အရာကို ငါ ရှာနေတယ်’ ဆိုတဲ့ အဓိပ္ပာယ်။ အဲ့ဒီဟာက တစ်ဖက်သားမှာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ဖြစ်သွားနိုင်ပါတယ်။ အဲ့တော့ သေသေချာချာပေါ့နော်၊ မျက်နှာချင်းဆိုင်ထားမယ်ဆိုလို့ရှိရင် တစ်ချက်တစ်ချက်ပေါ့နော် မျက်လုံးချင်း ကြည့်တာတွေ၊ နည်းနည်း ကိုယ့်အမူအရာကို သေသေချာချာ ထိန်းပြီးတော့ အဆင်ပြေတာပေါ့နော်။ ဒီအာရုံကနေပြီးတော့ စကား… ဒီစကားဝိုင်းကနေပြီးတော့ တခြားကို ‘စိတ်မဝင်စားဘူးကွာ’ ဆိုပြီးတော့ အဲ့ဒါမျိုးတွေ မလုပ်ဘူးပေါ့နော်။ နောက်တစ်ခုက တချို့တွေက စကားလေး နည်းနည်း ရပ်သွားတာနဲ့ ကောက်ပြီးတော့ ဖုန်းကို ကြည့်လိုက်တာတို့ပေါ့နော်၊ အဲ့ဒါတွေက ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ဖို့ဆိုတာ တော်တော်လေးကို မလွယ်ဘူးပေါ့နော်။
အဲ့တော့ အဲ့ဒီမှာ ဒါကတော့ ကျွန်တော် ဖတ်ထားတဲ့ စာအုပ်ထဲမှာ ပါတာပေါ့နော်။ ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ နောက်တစ်ခါ လက်တွေ့လောကမှာ သုံးလို့ ရ၊ မရတော့ မသိဘူး။ သူ ရေးထားတာကတော့ တကယ့်ကို Professional က ရေးထားတာပေါ့နော်၊ အဲ့ဒါနဲ့ ပတ်သက်လို့ လေ့လာထားတဲ့သူပေါ့နော်။ သူက ဘယ်လို ရေးထားလဲဆိုတော့ ‘ဟုတ်ပြီ… လူတစ်ယောက်ကို ထိမယ်ဆိုလို့ရှိရင် ထိပါ’ လို့ ပြောတာ၊ ကျေးဇူးတင်စကား ပြောတဲ့အချိန်မှာ ‘ကျေးဇူးတင်ပါတယ်’ ဆိုပြီး ထိ၊ ဘယ်နေရာကို ထိရမှာလဲပေါ့နော်။ ထိတဲ့အချိန်မှာ သူက ဘာပြောလဲဆိုတော့ တံတောင်ဆစ် လို့ ပြောတာ အံ့ဩစရာ ကောင်းတာပေါ့နော်။ ကျွန်တော်တို့ လူတစ်ယောက်က တခြား တစ်စိမ်းတစ်ယောက်ကနေ ကိုယ့်ကို လာထိမယ်ဆိုလို့ရှိရင် ရုတ်တရက် လန့်တာတို့၊ သိပ်ပြီးတော့ မကြိုက်တာတို့ ဖြစ်တတ်တယ်။ အဲ့ဒါလည်း လူပေါ် မူတည်ပြီးတော့ ကွဲပြားပါတယ်။ တချို့ကလည်း ခေါင်းကို သွားကိုင်တာတို့၊ တချို့တွေကျတော့လည်း ကလေးဆိုရင် ခေါင်းကို သွားကိုင်တာ၊ တချို့ဆိုလို့ရှိရင် လက်မောင်း ကိုင်လိုက်တာ၊ တချို့ကလည်း လက်ဆွဲနှုတ်ဆက်တာ၊ ခန္ဓာကိုယ် ဘယ်နေရာကိုင်လဲပေါ့နော်။ တကယ့်တကယ် အခုခေတ်မှာဆို ပိုပြီးတော့ ဆိုးတာပေါ့နော်၊ ကိုယ့်ခန္ဓာကိုယ်ကို ကိုင်မယ်ဆို မကြိုက်တဲ့သူက များပါတယ်။
ဒါပေမဲ့ ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ သွားပြီးတော့ ထိလိုက်တာ ကောင်းတယ်ဆိုပြီး ပြောတာ၊ ဘယ်နေရာကို ထိမှာလဲပေါ့နော်။ ခုနက ပြောတဲ့ တံတောင်ဆစ် လို့ ပြောပါတယ်။ တံတောင်ဆစ်ကို ထိမယ်ဆိုလို့ရှိရင်တဲ့ တခြားသူတစ်ယောက်၊ တစ်စိမ်းတစ်ယောက်က အဲ့လောက်ကြီး ဘာမှ ခံစားချက်မရှိဘူးတဲ့၊ မကြိုက်တဲ့ ခံစားချက် မရှိဘူးပေါ့နော်၊ ပြဿနာ မရှိဘူး။ အဲ့တော့ သတိတော့ ထားပေါ့နော်၊ ကျွန်တော်တို့ သဘာဝမကျဘူးဆိုလို့ရှိရင်၊ မဖြစ်နိုင်ရင် မလုပ်ပါနဲ့။ ‘ဟာ… YouTube မှာ ကြည့်ထားတာ၊ တံတောင်ဆစ်ကို ထိလိုက်မယ်ဆိုလို့ရှိရင်၊ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်မယ်ဆိုလို့ရှိရင်တော့ အဆင်ပြေသွားမယ်’ ဆိုပြီး စကားပြောနေရင်း တံတောင်ဆစ်ကိုပဲ ချောင်းပြီးတော့ အတင်း ကိုင်လိုက်ရမလားဆိုပြီး သွားလုပ်လို့ မရပါဘူး။ နည်းနည်းလေး စိတ်ထဲမှာ အဲ့ဒါကတော့ ဘာလို့လဲဆိုတော့ ဟို အတိအကျ အကုန်လုံး လိုက်နာရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ သိထားမယ်ဆိုလို့ရှိရင်တော့ ကောင်းတာပေါ့နော်။ အခွင့်အခါလေး သင့်မယ်ဆိုလို့ရှိရင်တော့ အဆင်ပြေပြီဆိုလို့ရှိရင်တော့ တံတောင်ဆစ်လေး နော်… အသာလေး ထိရုံလေးပေါ့ ထိပြီး ‘ကျေးဇူးတင်ပါတယ်’ အဲ့လိုပြော၊ အဲ့လောက်ဆို တော်ပါပြီ။
အဲ့လိုပုံစံနဲ့ ‘ငါတော့ စကားပြောရင်း တံတောင်ဆစ်တော့ ကိုင်လိုက်တော့မယ်’ ဆိုပြီးတော့ တစ်ဖက်နဲ့တစ်ဖက် နှစ်ဖက်စလုံးက လေ့လာထားတယ်ဆိုလို့ရှိရင် အပြန်အလှန် တံတောင်ဆစ်ကို လုကိုင်ဖို့ ချောင်းနေကြတယ်ဆိုရင်တော့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲ့တော့ ဒါကတော့ ပြောပြတာပေါ့နော်၊ ဒါ ဗဟုသုတအနေနဲ့ပေါ့နော်။
နောက်တစ်ခုကတော့ ခုနက ပြောခဲ့သလိုပေါ့နော်၊ ကျေးဇူးတင်စကား ပြောတဲ့အချိန်မှာလည်း နာမည်လေးကို နောက်တစ်ခေါက် ထပ်ပြီးတော့ ပြောဖို့ပေါ့။ ဘာလို့လဲဆိုတော့ သေသေချာချာ နာမည်နဲ့ ကျေးဇူးတင်စကား ပြောလိုက်မယ်ဆိုရင် တုန်လှုပ်မခံနိုင်ပါဘူး။ ကျွန်တော်လည်း အဲ့လိုပါပဲ။ ဥပမာ ထားပါတော့ဗျာ၊ ကျွန်တော်ဆိုလို့ရှိရင်တော့ ဒါ အပြင်လောကဆိုတာထက် အင်တာနက်ပေါ်မှာ ထားပါတော့၊ တော်ရုံဘာဖြစ်လို့ ဖတ်တာပေါ့နော် ကွန်မန့် (Comment) တွေ။ တကယ့်တကယ် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ကွန်မန့်ဖတ်ဖို့ မွေးဖွားလာသလားတောင် အောက်မေ့ရပါတယ်။ ကျွန်တော် ပြီးသွားပြီဆိုလို့ရှိရင် ဘယ်လိုတွေ ပြောကြတယ်၊ ဘာတွေ ပြောကြလဲပေါ့နော်။ အဲဒီမှာမှ ဟို ခုနက ပြောခဲ့တဲ့ အဆင့်ပေါ့နော်၊ မြှောက်တယ်ဆိုလို့ရှိရင်လည်း ဘာပဲပြောပြော သဘောကျပါသေးတယ်။
အဲ့ဒီမှာမှ နောက်တစ်ဆင့် သေသေချာချာ စိတ်ဝင်တစားပေါ့နော်၊ ကိုယ့်ကို သေချာကြည့်ပြီးတော့ ‘ဟာ… စကားပြောတဲ့ ပုံစံကတော့ အစ်ကိုကြီးတစ်ယောက်က ထမင်းဝိုင်းမှာ ထိုင်ပြီးတော့ ပြောနေသလိုပဲ၊ အပေါင်းအသင်းတစ်ယောက်နဲ့ ဘီယာဝိုင်းမှာ ထိုင်ပြီးတော့ ပြောနေသလိုပဲ’၊ ဪ… အဲ့ဒါဆိုလို့ရှိရင် ‘အဲ့လိုပါလား’ ဆိုတော့ အဲ့အချိန်မှာ လူက ပျော်သွားတယ်။ ဒါ သဘာဝပါပဲ။ လူတွေက ဘယ်သူမဆို ကိုယ့်ကို သေသေချာချာ ချီးကျူးမယ်၊ မြှောက်ပေးမယ်ဆိုလို့ရှိရင်၊ ရုတ်တရက် ကျွန်တော်တို့ မြန်မာစကားလုံးနဲ့ဆို အမြှောက်… ‘မြှောက်တယ်’ ဆိုတဲ့ စကားလုံးက မကောင်းဘူးဆိုပေမဲ့ပေါ့နော်၊ ဘာပဲပြောပြော ချီးကျူးမယ်ဆိုလို့ရှိရင် ရှေ့ဆက်ဖို့အတွက် အားဖြစ်ပါတယ်။
အဲ့အချိန်မှာ အဆင်မပြေတဲ့ ကွန်မန့်တွေ၊ ကိုယ့်အပေါ် လက်မခံတာတွေ၊ ဒါမှမဟုတ် အပြင်လောကမှာ ကြုံရတဲ့ အဆင်မပြေမှုတွေ၊ အဲ့ဒါမျိုးတွေဟာ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် အားပေးတဲ့ အရာတွေနဲ့ တွေ့မယ်ဆိုလို့ရှိရင် ရှေ့ဆက်ဖို့အတွက် တော်တော်လေး အားဖြစ်စေပါတယ်။ ဟို အရင်တစ်နေ့ကလည်း ကျွန်တော် တခြားနေရာမှာ ပြောတာပေါ့နော်။ ဒါပေမဲ့ ကွန်မန့် လိုချင်လို့ ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကွန်မန့်အပေါ်မှာ ကျွန်တော့် ခံစားချက်ကို ပြောပြတာပေါ့နော်။ ကျွန်တော့်လို လူမျိုးတောင်မှ ကွန်မန့်တွေ အများကြီး ရှိတယ်ဆိုရင်တောင်မှ ထပ်ပြီးတော့ မလောက်ဘူးဆိုတဲ့ ပုံစံမျိုး၊ ထပ်ပြီးတော့ လိုချင်သေးတယ်ဆိုတဲ့ ပုံစံမျိုးက လောဘပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်နေတဲ့ အရာတစ်ခုက ပိုပြီးတော့ တခြားသူတွေက ဒီလို အသိအမှတ်ပြုတယ်ဆိုလို့ရှိရင် လူ့သဘာဝအရ အဲ့ဒါမျိုးပါပဲ။
လူချစ်လူခင်များတယ်၊ လူတွေ အသိအမှတ်ပြုတာကို ခံချင်တယ်။ ဒါပေမဲ့ အဲဒီအတွက်ချည်း လုပ်နေတာတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့လည်း ကိုယ်လုပ်နေတဲ့အရာ၊ ကိုယ့်ရဲ့ ကြိုးစားမှုလေးက အရာထင်တယ်ဆိုတဲ့ ပုံစံလေး၊ အကျိုးရှိသွားပါလားဆိုတာ သေသေချာချာ သွားပြီဆိုလို့ရှိရင် လုပ်ရတာ နောက်ထပ် ပိုပြီးတော့ အားရှိလာတယ်။ အဲ့တော့ တခြားကိစ္စတွေထက် ဒီဟာကို ဦးစားပေးပြီးတော့ ‘ငါ သေသေချာချာ လုပ်မယ်’ ဆို ပိုပြီးတော့ အားထည့်ဖြစ်တာပေါ့နော်။ အဲ့ဒါ ကွာပါတယ်။ အဲ့တော့ ဒီနေ့ ဒီအချိန် ဒီလိုတွေ ဆက်ပြီးတော့ လုပ်နေတယ်၊ နောက်တစ်ခါ အပတ်စဉ် သေချာ လုပ်နိုင်တယ်ဆိုတာ အားပေးမှုတွေကြောင့်ပဲပေါ့၊ နောက်တစ်ခါ အဆင်မပြေမှုတွေကို နားလည်ပေးမှုတွေကြောင့်ပဲပေါ့နော်။
အဲ့တော့ အဲ့ဒါလည်း ကျွန်တော်တို့ လူမှုဆက်ဆံရေးပဲပေါ့နော်။ ဒါ အပြင်မှာ မဟုတ်ဘဲနဲ့ မမြင်ရတဲ့ အပိုင်း ဖြစ်သွားတာပေါ့နော်။ အွန်လိုင်းနဲ့ ကျွန်တော်တို့ ဒီ အွန်လိုင်းကမ္ဘာ ဖြစ်သွားတော့ ဆိုရှယ်မီဒီယာ (Social Media) ကမ္ဘာပေါ့နော်။ အဲ့ဒီမှာကျတော့ ကြုံတုန်းလေးပေါ့နော်၊ ဒါတွေ အစမှာ ပြောမယ်ဆိုပြီးတော့ မပြောဖြစ်တဲ့ အရာက ဘာလဲဆိုတော့… လူမှုဆက်ဆံရေး ဘယ်လောက်တောင် အရေးကြီးလဲဆိုလို့ရှိရင် အရင်ခေတ်တုန်းက လူတွေက ဒီအချိန်ထိ အသက်ရှည်ပြီး ဒီလိုမျိုး ဖြစ်လာတာကိုက တခြားလူတစ်ယောက်ရဲ့ အကူအညီကြောင့်ပါ။ ဘယ်လိုလဲဆိုတော့ ဥပမာ ကျွန်တော်တို့က တစ်ယောက်တည်း အစစအရာရာ အကုန်လုံး လုပ်လို့မရပါဘူး။ ရှင်သန်မှုဆိုတာ တခြားလူတစ်ယောက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်၊ ဆက်ဆံဖို့ လိုပါတယ်။
လူတွေက အဲ့အချိန်တုန်းကပေါ့နော်၊ အဲ့ဒီခေတ်တုန်းကဆိုလို့ရှိရင် အမဲလိုက်ကြမယ်။ အမဲလိုက်ပြီဆိုတော့ ကိုယ့်မှာ ကလေးရှိတယ်ဆိုလို့ရှိရင် ဟုတ်ပြီ… ကိုယ့်ကလေးကို တစ်ယောက်က ကြည့်ပေးမှ ရမယ်။ ဘာလို့ဆိုတော့ အမဲလိုက်တာ ကလေး ခေါ်သွားလို့ မရဘူး။ ကလေးချီပြီးတော့ ဟို လှံနဲ့လိုက်ပြီးတော့ ဆင်ကို ထိုးနေလို့ မရဘူး။ ကလေးကို အိမ်မှာ ထားခဲ့မှ ရမယ်။ ကလေး ကြည့်ပေးမယ့်သူက တစ်ယောက် ရှိရမယ်၊ ခင်မှ ရမယ်။ အနီးနားချင်းပေါ့နော်၊ ထားပါတော့ တခြားမိသားစုက ကိုယ့်ကလေးကို ကြည့်ပေးမယ်၊ ကိုယ်က အမဲလိုက်မယ်၊ ပြီးလို့ရှိရင် အဲ့ဒီ ရလာတဲ့ အသားတွေကို ခွဲပြီးတော့ ပေးမယ်။
အဲ့တော့ လူတွေက အဲ့ဒီခေတ်တွေကတည်းက စလာတာပါ၊ အုပ်စုဖွဲ့ ဆက်ဆံရေးဆိုတာ။ အခုခေတ်မှာတော့ ကျွန်တော်တို့ ဆိုရှယ်မီဒီယာကြောင့် ပုံစံပြောင်းသွားတယ်ဆိုပေမဲ့ လူ့ရဲ့ သဘောသဘာဝကတော့ မပြောင်းပါဘူး။ အသင်းအပင်းနဲ့ နေချင်တယ်၊ အုပ်စုဆိုလို့ရှိရင် တစ်စိမ်းဆိုလို့ရှိရင် မတူဘူးဆိုတာ အခုခေတ်မှာလည်း အချင်းချင်း တိုက်ခိုက်တာပေါ့နော်။ ‘မင်းက ငါတို့နဲ့ မတူဘူး’ ဆိုတာ အရင်ခေတ်တွေကတည်းက ရှိတာပေါ့၊ အဲ့ဒါ စိတ်အခြေခံမှာ ပါလာတဲ့ အရာပါ။
အဲဒီမှာ ကျွန်တော် မှတ်မိသလောက် ပြောရရင်ပေါ့နော်၊ ကျွန်တော်တို့ ဒီ ပြတိုက်တစ်ခုကို သွားတဲ့ ဗီဒီယိုကို ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ မှတ်မိကြမလား မသိဘူး။ ပြခန်းတစ်ခုမှာပေါ့နော်၊ ဟို အရင်ခေတ်တုန်းက တကယ် ဆင်ကြီးတွေက အကြီးကြီးတွေ၊ အစွယ်ကြီးတွေ အကုန် အကြီးကြီးပဲ။ အဲ့ အကောင်ကြီးကို လူတွေက ဝိုင်းပြီးတော့ လှံလေးတွေနဲ့ ထိုးကြတာ၊ အမဲလိုက်ကြတာပေါ့နော်။ အဲ့ဒီမှာ ဆင်တစ်ကောင်နဲ့ လူတစ်ယောက်နဲ့ တွေ့မယ်ဆိုလို့ရှိရင် သေချာပါတယ်၊ ဆင်က အနိုင်ရမှာပါ။ လူတစ်ယောက်က အရှုံးပေးရမှာပေါ့၊ ဘယ်လိုမှ မနိုင်ပါဘူး၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဘာဖြစ်လာလဲဆိုတော့ လူတွေက ပေါင်းသင်းဆက်ဆံပြီး အချက်ပေးကြတယ်… ‘မင်း ဘယ်လို လုပ်လိုက်၊ မင်း အနောက်က သွားလိုက်၊ ငါ အရှေ့ကနေ အရောင်ပြမယ်’။ အဲ့ဒါမျိုးလေး ချိတ်ဆက်ပြီးတော့ပေါ့နော်၊ အဲ့ဒါမျိုး လုပ်မှသာလျှင် ခုန သူ့ထက် အကောင် အဆမတန် ကြီးတဲ့ ဆင်ကြီးကို ကျွန်တော်တို့ အလဲထိုးလိုက်နိုင်တယ်။ ဆင်က နောက်ဆုံး ကိုယ့်ရဲ့… ဒီ လူသားတွေရဲ့ ခြေအောက်မှာ ကျရှုံးသွားတယ်။ အဲ့တော့ ပေါင်းသင်းဆက်ဆံရေးဆိုတာ အဲ့ဒီခေတ်တွေကတည်းက အရေးကြီးလိုက်တာပေါ့နော်။
ကျွန်တော်တို့ ညဘက် ရောက်လာပြီဆိုလို့ရှိရင် မီးဖိုဝိုင်းမှာ ထိုင်ကြ၊ စကားပြောကြမှာ။ ကိုယ်က ဒီလူတွေရဲ့ အသိုင်းအဝိုင်းထဲမှာ မဝင်ရဘဲနဲ့ အပြင်ရောက်သွားမယ်၊ တစ်ယောက်တည်း မီးဖိုဘေးနားမှာ ထိုင်ခွင့်မရှိဘူး၊ ကိုယ်က သူများနဲ့ အဆင်မပြေဘူး၊ စကားမပြောဘူးဆိုလို့ရှိရင် ဘယ်လောက်တောင် ခံစားရမလဲပေါ့နော်၊ စဉ်းစားကြည့်လို့ ရပါတယ်။ သူများတွေက ပြောနေကြ၊ အတွေ့အကြုံတွေ ဝေမျှနေကြတယ်… ‘ငါတို့ ဘာတွေ တွေ့ခဲ့တာ’ ဆိုပြီး သူတို့ခေတ်က စကားတွေနဲ့ပေါ့နော်၊ အမူအရာတွေနဲ့ပေါ့နော်၊ ဝူးဝါး လုပ်ကြမယ်။ အဲ့ဒါကြောင့် ကိုယ်က ဘာမှ ပြောစရာလည်း မရှိဘူး၊ ကိုယ်က သူတို့နဲ့ အပေါင်းအသင်းလည်း မဖြစ်ဘူးဆိုလို့ရှိရင် ဘယ်လောက်တောင်မှ အဲ့ဒီလူရဲ့ ရင်ထဲမှာ ဘယ်လို ခံစားချက် ဖြစ်နေမလဲပေါ့နော်၊ အထီးကျန်တဲ့ ခံစားချက်ပေါ့နော်။
ပေါင်းသင်းဆက်ဆံရေးဆိုတာ အဲ့ဒီ အခြေအနေကနေပြီးတော့ စလာတာပါ။ နောက်တစ်ခါ တစ်ယောက်နဲ့တစ်ယောက် အချက်အလက် မျှဝေတယ်ဆိုတာ အရင်ခေတ်တည်းကပါပဲ။ အခုခေတ်မှာတော့ တစ်ခုခုဆိုလို့ရှိရင် သိချင်ပြီဆိုရင် ဒီဆိုင် ကောင်း၊ မကောင်း၊ အရသာ ရှိ၊ မရှိ၊ ဘာပြဿနာရှိလဲဆိုတာ အင်တာနက်ပေါ်မှာ ကြည့်လိုက်တယ်၊ Review တွေ ရှိတယ်ဆိုလို့ရှိရင် အဲ့ဒီကနေတစ်ဆင့် ကျွန်တော်တို့ အဲ့ဒါကိုပဲ လက်ခံပြီးတော့၊ တခြားလူတစ်ယောက် ပြောထားတဲ့ဟာကိုပဲ ကျွန်တော်တို့ ဒါ သူ့ရဲ့ အတွေ့အကြုံကတစ်ဆင့်ပေါ့နော်၊ ကျွန်တော်တို့ အဲ့ဆိုင်တွေကို သွားကြတယ်၊ ကောင်း၊ မကောင်း ဆုံးဖြတ်ကြတယ်၊ အဲ့လို ပုံစံပေါ့နော်။ အရင်ခေတ်တည်းကနေပြီးတော့ ကျွန်တော်တို့ ဒီ စကားလုံး အသုံးအနှုန်းနဲ့ တစ်ယောက်နဲ့တစ်ယောက် သတင်းအချက်အလက် ဖလှယ်တာတွေ ရှိပါတယ်။ ‘ဒီလူကတော့ ကောင်းတယ်၊ ဒီလူကတော့ စိတ်ချရတယ်၊ ငါ ဒီဆရာ့ကိုတော့ စိတ်မချဘူး’ ဆိုပြီး အချင်းချင်းပေါ့နော် ပြောကြတယ်။
အဲ့တော့ သေချာတာကတော့ ဒီ ပြောရင်းပြောရင်း ထပ်ထပ်ပြီးတော့ ပြောရဦးမယ်ဆိုလို့ရှိရင်တော့ လူမှုဆက်ဆံရေးကို ရှောင်လွှဲလို့မရဘူး ဆိုတဲ့အရာပါပဲ။
ဟုတ်ပြီ… နောက်တစ်ခုက ကျွန်တော်တို့ စကားပြောဆိုတဲ့ အချိန်မှာ အရေးကြီးတာ ဘာလဲဆိုတော့ ကျွန်တော်တို့ အခုချိန်ထိ သိထားတာ ဘာလဲဆိုတော့ ‘ရိုးသားစွာ ပြောရမယ်၊ ကိုယ့်ကိုယ်ကိုယ် နှိမ်ချရမယ်’။ ကိုယ့်ကိုယ်ကိုယ် နှိမ်ချတာ မင်္ဂလာတစ်ပါး (နိဝါတော စ မင်္ဂလာ) ဆိုပြီး ကျွန်တော်တို့ သိကြ၊ လက်ခံထားကြတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒါ မလွယ်ပါဘူး၊ သတိထားဖို့ လိုပါတယ်။ နှိမ်ချတယ်ဆိုတဲ့ နေရာမှာ ကိုယ့်ကိုယ်ကိုယ် အနှုတ်လက္ခဏာ တအားဆောင်တဲ့ စကားလုံးတွေ ပြောမယ်ဆိုလို့ရှိရင် ဘယ်လိုမှ နားထောင်ရတာ အဆင်မပြေပါဘူး။
ဟုတ်တယ်… ရိုးရိုးသားသားပေါ့နော်၊ မရှိရင် မရှိဘူးပဲ၊ မကောင်းရင် မကောင်းဘူးပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် တအားကြီးပေါ့နော်… ‘ငါကတော့ မကောင်းပါဘူး၊ ငါကတော့ ဆင်းရဲပါတယ်၊ ငါကတော့ ပညာမတတ်ပါဘူး၊ ငါ့လို လူမျိုးကတော့’ ဆိုတာ အဲ့ဒါမျိုးတွေ တအားပြောမယ်ဆိုလို့ရှိရင် ခဏတစ်ဖြုတ်က မသိသာပေမဲ့ အဲ့ဒါတွေ များလာပြီ၊ အဲ့ဒါ ပုံမှန်ဖြစ်လာပြီဆိုလို့ရှိရင် အဲ့လိုလူနဲ့ စကားပြောရတာ ဘယ်လိုမှ အဆင်မပြေပါဘူး၊ နားမထောင်ချင်တော့ဘူး။ ဘယ်လိုမှ ဒီလူတွေနဲ့က စိတ်ချမ်းသာစရာ အကြောင်းမရှိဘူးပေါ့ ဆိုတော့ အနှုတ်လက္ခဏာ တအားဆောင်တယ်။ ‘ဟာ… ပိုက်ဆံမရှိဘူးကွာ၊ ဆင်းရဲတယ်’ အဲ့ဒါ ရတယ်၊ တစ်ခါတစ်လေ ပြောတာ ပြဿနာ မရှိဘူးပေါ့။ ဒါပေမဲ့ အဲဒါကိုပဲ တောက်လျှောက် ထုတ်ပြောနေမယ်ဆိုရင် ညည်းသလို ဖြစ်လာတာ။ ‘ငါ့ဘဝကတော့ အဆင်မပြေဘူးကွာ၊ ငါတို့တွေ ကြုံနေရတယ်ကွာ’ ဆိုတော့… အဲ့ဒါတွေက တစ်ဖက်သားက ခဏတစ်ဖြုတ်ဆိုလို့ရှိရင်တော့ သနားရင် သနားမယ်၊ ဒါပေမဲ့ ရေရှည်မှာဆိုလို့ရှိရင်တော့ အဲ့လိုလူနဲ့ အဲ့လိုစကားတွေ နားမထောင်ချင်တော့ဘူး။ ကိုယ့်ဘဝပါ အဲ့လို စကားလုံးတွေ၊ အနှုတ်လက္ခဏာဆောင်တဲ့ စကားလုံးတွေ ကြားရတာ ဘယ်လိုမှ အဆင်မပြေဘဲ ကောင်းမွန်တဲ့ ရလဒ်ကို မရဘူးလို့ ခံစားလာရလို့ပါ။
အဲ့ဒါကြောင့် သတိထားရမှာ ဘာလဲဆိုတော့ ကိုယ့်ဘက်ကနေ သိပ်ပြီးတော့ အနှုတ်ဆောင်တဲ့ စကားလုံးတွေကိုပေါ့နော် ကိုယ့်ပါးစပ်ကနေ တောက်လျှောက် အများကြီး မထွက်ဖို့ပေါ့နော်။ အဲ့ဒါ နှစ်ဖက်စလုံးအတွက် အကျိုးမရှိပါဘူး၊ သူ့အတွက်ရော ကိုယ့်အတွက်ပါ အကျိုးမရှိတဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ်။
သူ့အတွက် ကိုယ့်အတွက် အကျိုးမရှိတဲ့ စကားလုံးတွေပဲပေါ့နော်။ အဲ့ဒါကတော့ ဟုတ်ပြီ… ကျွန်တော်တို့ အွန်လိုင်းနဲ့ ပတ်သက်လို့ နည်းနည်းလေး ကြည့်လိုက်ကြတာပေါ့နော်။ ဘာလို့လဲဆိုတော့ အခုခေတ်က အပြင်ပိုင်းမှာတင်မက အွန်လိုင်းမှာပါ ကျွန်တော်တို့ လူမှုရေး ကောင်းဖို့ လိုတာပေါ့နော်။ တစ်ခါတလေကျလို့ရှိရင် ကျွန်တော်တို့ တွေ့ရပါတယ်၊ အွန်လိုင်းပေါ်မှာ အချင်းချင်း ရန်ဖြစ်နေကြတာပေါ့နော်။ တစ်ခါတလေကျရင် လူတွေက ဘာလဲဆိုတော့ နာမည်ကို တိုက်ရိုက်တပ်ပြီးတော့ ပြဿနာရှင်းတာ မဟုတ်ဘဲနဲ့ ‘တချို့လူတွေကတော့’ ဆိုပြီးတော့ သုံးပါတယ်။ တစ်ကမ္ဘာလုံးနဲ့ ပတ်ပြီးတော့ ရန်ဖြစ်သလိုပါပဲ။ သူ့မှာရှိတဲ့ သူငယ်ချင်းတွေ အားလုံး အွန်လိုင်းပေါ်မှာ ကြည့်တော့ ‘တချို့လူဆိုတာ ဘယ်သူ့ကို ပြောတာလဲ၊ ငါ့ကို ပြောတာလား’ ဆိုပြီး ဖြစ်ကြမယ်။ တချို့တွေကလည်း ‘ဟာ… သက်ဆိုင်သူ ဘယ်သူ့ကို ရည်ညွှန်းတာလဲ’၊ ဒါပေမဲ့လည်း သိမ်းကျုံးပြီးတော့ ပြောလိုက်သလို ဖြစ်သွားတယ်။
အဲ့တော့ မဆိုင်တဲ့သူတောင်မှ အလိုလိုနေရင်း ‘ဟာ… ငါ့ကို ပြောတာလား မသိဘူး၊ ငါနဲ့ တိုက်ဆိုင်နေပြီလား မသိဘူး’ ဆိုပြီး အဲ့ဒါမျိုးတွေ ဖြစ်လာတယ်။ အဲ့တော့ မလိုလားအပ်ဘဲနဲ့ပေါ့နော်၊ အဲ့ဒါမျိုး ‘တချို့သူတွေကတော့’ ဆိုတဲ့ သိမ်းကျုံးပြီးတော့ ပြောတာမျိုးက ရန်သူကို ပိုပြီးတော့ များစေပါတယ်။ ဒါပေမဲ့ အဲ့ဒါကို ကျွန်တော်တို့ တားလို့မရဘူးပေါ့နော်။ ဒါပေမဲ့ ဆက်ဆံရေး ကောင်းတယ်ဆိုလို့ရှိရင် အဲ့ဒါလေးတော့ နည်းနည်း သတိထားဖို့ လိုတဲ့ အပိုင်းလေးတွေပေါ့နော်။
နောက်တစ်ခါ ဒီ အွန်လိုင်းလောကမှာပေါ့နော်၊ ကျွန်တော်တို့ လက်ရှိမှာဆိုလို့ရှိရင်တော့ ဘယ်သူမှ ရှောင်လွှဲလို့ မရတာ ဘာလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် စာပို့ကြတာပေါ့နော်။ သုံးတဲ့ Application ပဲ ကွာသွားမယ်၊ Messenger သုံးမှာလား၊ Viber သုံးမှာလား၊ ဘယ်လို တခြား Social Media က ဘာကို သုံးမှာလဲပေါ့နော်။ အဲ့ပေါ် မူတည်ပြီးတော့ပဲ ကွာသွားတယ်၊ တစ်ယောက်နဲ့တစ်ယောက် စာ အပြန်အလှန် ပို့ကြတာ မဆန်းပါဘူး။ ဒါပေမဲ့ ဘာကွာလာလဲဆိုတော့ စကားလုံးရဲ့ အဓိပ္ပာယ်က ကွာလာပါတယ်။ စကားလုံးက အတူတူပဲ၊ ဒါပေမဲ့ အဓိပ္ပာယ်က လုံးဝ ကွာသွားပါတယ်။ နောက်တစ်ခါ အဲဒီဟာကို အဓိပ္ပာယ်ဖွင့်တဲ့ ပုံစံ ကွာသွားပါတယ်၊ တစ်ယောက်နဲ့တစ်ယောက် မြင်တဲ့ပုံစံ၊ ခံစားတဲ့ပုံစံ ကွာသွားပါတယ်။
ဥပမာ နမူနာ ပြောရမယ်ဆိုလို့ရှိရင် ထားပါတော့၊ ‘OK’ ဆိုတဲ့ စကားလုံး ကျွန်တော်တို့ အသုံးများကြတယ်၊ တစ်ခုဆို ‘OK’ ပေါ့နော်။ လူတစ်ယောက်နဲ့ တစ်ယောက်နဲ့ Message ပို့မယ်ပေါ့နော်… ‘ဟုတ်ပြီ၊ ဒီနေ့ညနေ ၄ နာရီ ငါတို့ အရက်အတူ သောက်ကြမယ်ကွာ’ ဆို Message ပို့ရင် ဟိုဘက်ကနေ သူငယ်ချင်းက ‘OK’ ဆိုပြီး ပြန်လာမယ်။ အဓိပ္ပာယ်က ဘာလဲဆိုတော့ ‘အိုကေပါတယ်၊ ဟုတ်ပြီ… ၄ နာရီမှာ သူတို့ အရက်သောက်ဖို့ ချိန်းထားတယ်’။ ဟုတ်… အဲ့ဒီမှာ အဲ့လူက အိမ်ထောင်ရှိတယ်၊ ဒါ သူ့မိန်းမကို သူက အိမ်ကို စာပို့လိုက်မယ်… ‘ဟုတ်ပြီ… မိန်းမ၊ ငါ ဒီနေ့တော့ အိမ်မပြန်လာနိုင်ဘူး၊ သူငယ်ချင်းနဲ့ အရက်သောက်မှာမို့လို့ ငါ ဒီနေ့ အိမ်မပြန်ဘူးကွာ’ ဆို Message ပို့လိုက်မယ်။ ဟိုဘက်ကနေပြီးတော့ သူ့မိန်းမဆီကနေ သူ့ကို စာပြန်လာပါတယ်၊ ‘OK’ ဆိုပြီး ပြန်လာမယ်။ အတူတူပဲပေါ့နော်၊ ရုတ်တရက် ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ ‘OK’ ပေါ့နော်၊ အဆင်ပြေသွားတာပေါ့နော်။ အဓိပ္ပာယ်က မပြီးပါဘူး၊ ဘယ်သူမဆို သိပါတယ်။ အဲ့ဒါ ရည်းစားရှိတဲ့သူဆိုလို့ရှိရင် အဲဒီ ‘OK’ ရဲ့ အဓိပ္ပာယ်မှာ စစ်ပွဲဖြစ်တော့မယ်၊ တိုက်ပွဲခေါ်သံ၊ ဒါ ရန်ဖြစ်ရတော့မယ်ဆိုတာ သေချာနေတာပဲ။ မကျေမနပ်နဲ့ တစ်ဖက်က ‘OK’ ဆိုပြီး ပြန်ပြောလိုက်တယ်ဆိုတာ သာမန်လူဆိုလို့ရှိရင် သိပါတယ်၊ ထားဖူးတယ်ဆိုလို့ရှိရင်ပေါ့နော်၊ အဲ့ဒါမျိုး။ အဲ့တော့ ‘OK’ ချင်း တူတယ်ဆိုပေမဲ့ အဓိပ္ပာယ်က လုံးဝ ကွာပါတယ်။ ဒါဆိုလို့ရှိရင်တော့ ဒီ ‘OK’ ရဲ့ နောက်မှာ ပြဿနာတွေ အများကြီး ရှိနေပြီ၊ ဘယ်လို အခြေအနေ ဖြစ်နေပြီဆိုတဲ့ ဟာမျိုးပေါ့နော်။
အဲ့တော့ စကားလုံးတစ်လုံးတည်း အဓိပ္ပာယ် အတူတူ ဖွင့်လို့မရဘူး ဆိုတာပါပဲ။ နောက်တစ်ခုက ကျွန်တော်တို့ မသိတာ ဘာလဲဆိုတော့ အရင်ခေတ်ကနဲ့ မတူတာက အခုခေတ်မှာကျတော့ စာတစ်စောင် စက္ကန့်ပိုင်းအတွင်း ရောက်သွားတာ။ တစ်ဖက်သားက ဘယ်လိုဖြစ်နေလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ Message ပို့လိုက်တယ်၊ ကိုယ့်မှာလည်း ကိုယ့်ခံစားချက်နဲ့ ကိုယ် ပို့လိုက်တယ်။ ‘ဟာ… အဲ့မှာ သူက Message ကို Seen တောင် မလုပ်ဘူး’ ဆိုပြီး ဖြစ်သွားတာ၊ ‘ကြည့်တောင် မကြည့်ဘူးပေါ့၊ Seen တောင် မဖြစ်သွားဘူး’ လို့ ပြောတာ။ ‘အေး… ကြည့်ပြီးပြီဆို Reaction လေးတောင် မပေးဘူးကွာ’ ဆိုပြီး ဖြစ်သွားတာ၊ ‘ဘာမှ Emoji လေးတစ်ခု ပြန်မပို့ဘူး’ ဆိုတာ ဖြစ်လာတယ်။ Emoji ပေးမယ်ဆိုလို့ရှိရင်လည်း ‘ဟာ… Emoji ပဲ ပေးနေတာ၊ စာလေးတောင် မပြန်ဘူး’ ဆိုတာ ဖြစ်လာတယ်နော်။ ဒါပေမဲ့ ဟုတ်ပြီ… တစ်ဖက်သားမှာ ဘယ်လိုလဲ၊ ဘာတွေ ဖြစ်နေလဲ၊ ဘာတွေ ကြုံနေရလဲဆိုတာ ကျွန်တော်တို့က မသိရဘူး၊ မမြင်ရဘူး။ ဒါပေမဲ့ ကိုယ်ကကျတော့ ကိုယ့်ခံစားချက်နဲ့ တစ်ခါတလေကျလို့ရှိရင် တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် ပြန်ပြီးတော့ စိတ်ဆိုးတာတွေ ဖြစ်လာတတ်တယ်နော်။
အဲ့တော့ တော်တော်လေးကို အခုခေတ်ကတော့ ရှောင်လွှဲလို့မရတဲ့ အရာ ဖြစ်လာပါတယ်။ အဲ့တော့ လူမှုဆက်ဆံရေး ကောင်းချင်တယ်ဆိုလို့ရှိရင်တော့ ကျွန်တော့်ကို အထဲမတွက်နဲ့ပေါ့နော်။ ကျွန်တော်ကကျတော့ အလုပ်သဘောနဲ့ အများကြီး၊ အပေါင်းအသင်းအနေနဲ့ အဲ့လိုမျိုး ကဏ္ဍတွေ အများကြီး ခွဲထားတဲ့အတွက်ကြောင့်ပေါ့နော်။ အဲ့တော့ ကိုယ် အချင်းချင်း ဒါ ဆက်ဆံကြပြီဆိုလို့ရှိရင် ဒီ အွန်လိုင်းကတစ်ဆင့်ပေါ့နော် ချိတ်ဆက်ကြပြီဆိုလို့ရှိရင် ကျွန်တော်တို့ ဘယ်သူမဆိုပေါ့နော်၊ ဘယ် Creator ပဲဖြစ်ဖြစ် ဒါ ပရိသတ်နဲ့ ဆက်ဆံချင်တဲ့၊ ကောင်းမွန်စွာ ဆက်ဆံချင်တာကို ဘယ်လိုမှ မလွဲပါဘူး။ ဘယ်သူမဆို ကျွန်တော်တို့ တစ်ဖက်သားပေါ့နော် အားပေးမှုကို မကြိုက်တဲ့၊ နောက်တစ်ခါ ကျွန်တော်တို့ Comment တွေကို မကြိုက်တဲ့ Creator ဆိုတာ မရှိပါဘူး ကမ္ဘာမှာ။ အကုန်လုံးက ပရိသတ်က ကိုယ့်ကို သဘောကျတာ၊ လက်ခံအားပေးတာ လိုချင်ပါတယ်။ ဒါပေမဲ့ အကုန်လုံးကို သေသေချာချာ ပြန်ပြီးတော့ပေါ့နော်၊ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ပြန်တည်ဆောက်နိုင်လား၊ လူတိုင်းနဲ့ အဆင်ပြေအောင် နေနိုင်လားဆိုတော့ မလွယ်ပါဘူး။ စာတိုင်းကိုလည်း ပြန်လို့မရဘူး၊ Comment တိုင်းကိုလည်း မပြန်ဖြစ်ဘူး။ နောက်တစ်ခါ ကျွန်တော်တို့ အယောက်တိုင်းကို သေသေချာချာ စကားတွေ ပြန်ပြောနေဖို့ အဲ့ဒါကတော့ ကျွန်တော်တို့ကို ဖယ်ထုတ်ထားတာပေါ့နော်။
ဒါပေမဲ့ တခြားသူ အချင်းချင်းပေါ့နော်၊ အဲ့လိုပဲ ကိုယ့်အချင်းချင်း ပြောမယ်ဆိုလို့ရှိရင် ကောင်းကောင်းမွန်မွန် ဆက်ဆံကြမယ်ဆို အဲ့ဒါတွေကအစ အလေးထားပြီးတော့၊ သတိထားပြီးတော့ပေါ့နော်၊ နည်းနည်းလေး အပြင်မှာရော အွန်လိုင်းမှာပါ ကျွန်တော်တို့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ အရေးကြီးတာပေါ့နော်။
နောက်တစ်ခုကတော့ ကျွန်တော်တို့ အဆင်မပြေတဲ့အချိန်၊ အယူအဆ မတူတဲ့အချိန်၊ အငြင်းပွားတော့မယ့်အချိန်၊ ပြဿနာတက်တော့မယ်ဆိုတဲ့ အခြေအနေ ကြုံရပါတယ်။ ပထမဦးဆုံးအနေနဲ့ သိရမှာ ဘာလဲဆိုတော့ ကျွန်တော်တို့ လူသားနှစ်ယောက်ဆိုလို့ရှိရင် အမြင်နှစ်မျိုးပါ၊ အယူအဆ နှစ်မျိုးပါ၊ အတွေ့အကြုံ နှစ်မျိုးပါ၊ မတူပါဘူး တစ်ယောက်နဲ့တစ်ယောက်။ အဲ့တော့ သေချာတာ စကားပြောတဲ့အချိန်မှာ အစစအရာရာ အကုန် အဆင်ပြေ ချောမွေ့နေဖို့ဆိုတာ မလွယ်ပါဘူး။ အဲ့တော့ တစ်ခါတလေကျရင် တစ်ဖက်သားက တစ်ခုခုကို တောင်းဆိုလာမယ်၊ ဒါမှမဟုတ်လို့ရှိရင် ကိုယ်တစ်ခု ပြောလိုက်မယ်ဆိုလို့ရှိရင် ကိုယ်မလုပ်နိုင်ဘူးဆိုရင် ငြင်းလို့ရပါတယ်။ ဘယ်လို ငြင်းမလဲပေါ့နော်။ အဓိက ကျွန်တော်တို့ လေးစားမှုရှိတဲ့ ငြင်းပယ်မှု ဖြစ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဟုတ်ဘဲနဲ့ပေါ့နော်၊ အားနာပြီးတော့ အဆင်ပြေချင်တယ်ဆိုပြီးတော့ မှားယွင်းတဲ့ ကတိတွေပေါ့နော်၊ အလိမ်အညာ ကတိတွေ၊ မုသားပါတဲ့ ကတိတွေ ပေးလိုက်တာက ပိုပြီးတော့ အခြေအနေကို ဆိုးစေပါတယ်။
နောက်တစ်ခုကကျတော့ ကျွန်တော်တို့ ပြဿနာဖြစ်ကြပြီပေါ့နော်။ ကိုယ်က ထားပါတော့… ကိုယ်က လူကြီးပဲ ထားပါတော့၊ ကိုယ်က ဆူရတော့မယ်ဆိုလို့ရှိရင်၊ လူကို ဆူရတော့မယ်ဆိုလို့ရှိရင် အပြုအမူကိုပဲ ပြောတာပေါ့နော်။ ‘မင်းရဲ့ အပြုအမူလေးကတော့၊ ဒီအပိုင်းလေးကတော့၊ မင်းရဲ့ လုပ်ရပ်လေးကတော့၊ ဒီဖြစ်ရပ်လေးကတော့’ ဆိုပြီး အဲ့ဒါမျိုးလေးကို ပြောနော်။ လူကို သွားပြီးတော့ ‘မင်းကတော့ အမြဲတမ်း အသုံးမကျဘူး’ ဆို အဲ့ဒါမျိုး ပြောလိုက်မယ်ဆိုလို့ရှိရင် ဘယ်လိုမှ ကောင်းမွန်တဲ့ ဆက်ဆံရေး၊ အလုပ်လုပ်ငန်းခွင် မဖြစ်တော့ပါဘူးနော်၊ ဘယ်လိုမှ အဆင်ပြေဖို့ဆိုတာ မလွယ်ပါဘူး။
နောက်တစ်ခုကတော့ ကျွန်တော်တို့ အွန်လိုင်းမှာ နေမယ်ဆိုလို့ရှိရင် အဓိက မတူညီတဲ့ အရာတွေအပေါ်မှာ၊ အမြင်တွေအပေါ်မှာ ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ အရင်တုန်းက ကျွန်တော် ပြောခဲ့ဖူးတဲ့ ဥပမာတစ်ခုနဲ့ပဲ ထပ်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော် ထားပါတော့… ဗီဒီယိုတစ်ခု တင်လိုက်မယ်၊ လက်ဖက်ရည် ဖျော်တဲ့ ဗီဒီယိုလေးပဲ။ အဲ့မှာ တစ်ယောက်ကနေပြီး Comment ထဲမှာ ‘ဟာ… မင်း သကြားများတယ်ကွာ’ ဆိုပြီး ပြောမယ်။ နောက်တစ်ယောက်ကနေပြီးတော့ ‘ဟေ့ရောင်… မင်း များရင် မင်း မသောက်နဲ့၊ မင်းနဲ့ ဘာဆိုင်လို့လဲ’ ဆိုပြီး ပြောမယ်။ အဲ့ဒါနဲ့ နောက်တစ်ယောက်ကနေ ဝင်လာပြီးတော့ ‘အဲ့ဒါကြောင့်မို့လို့ ငါတို့ မြန်မာပြည် မတိုးတက်တာ၊ မင်းတို့တွေ အချင်းချင်း အငြင်းပွားနေလို့’ ဆိုပြီး… အဲ့မှာ နောက်ဆုံး လက်ဖက်ရည်ဖျော်တဲ့ ဗီဒီယိုလေးကနေတစ်ဆင့် နိုင်ငံရေးအထိကို ရောက်သွားတယ်၊ အချင်းချင်းတွေ ကွဲကြတယ်။ ဘာဖြစ်လို့လဲ… အဲ့ဒါ ယနေ့ခေတ် ကမ္ဘာမှာပေါ့နော်။
တစ်ခါတလေကျလို့ရှိရင်လည်း ပျော်စရာ ကောင်းပါတယ်။ တချို့အရာလေးတွေကပေါ့နော် ကျွန်တော်တို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ငြင်းရင်းနဲ့ တိုးတက်မှုတစ်ခု ရသွားတာတို့၊ အတွေ့အကြုံတစ်ခု ရသွားတာတို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း များသောအားဖြင့် တစ်ခါတလေကျရင် စိတ်အပန်းဖြေချင်လို့ သုံးတာ၊ အပန်းဖြေချင်လို့ ကြည့်တဲ့ ဗီဒီယိုလေးကနေတစ်ဆင့် ဒီလိုမျိုးလေးတွေ ကြုံသွားတတ်တာပေါ့နော်၊ စိတ်မကောင်းစရာလေးတွေပါပဲ အဲ့ဒါတော့။
အဲ့ဒီမှာ ဒီလိုမျိုး အဆင်မပြေမှုတွေ ကြုံရပြီးပြီ၊ တွေ့ရပြီဆိုလို့ရှိရင် အချင်းချင်းပဲဖြစ်ဖြစ်ပေါ့နော်၊ ပြဿနာ တက်ကြပြီထားပါတော့နော်… အဓိက ဘာလဲဆိုတော့ တောင်းပန်ဖို့ လိုပါတယ်။ အဲ့တော့ အဆင်ပြေချင်တယ်ဆိုလို့ပေါ့နော်၊ တစ်စိမ်းတွေဆိုလို့ရှိရင်တော့ ‘ကဲ… မင်းနဲ့ အဆင်မပြေလည်း ပြဿနာမရှိဘူး’ ဆိုပြီး ဘာမှ မပြောဘူး။ ဒါပေမဲ့ အချင်းချင်းဆိုလို့ရှိရင် ပြဿနာဖြစ်ပြီဆိုရင် ကျွန်တော်တို့ သမီးရည်းစားပဲဖြစ်ဖြစ်၊ မိသားစုထဲမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်း အချင်းချင်းပဲဖြစ်ဖြစ်ပေါ့နော် ပြန်တောင်းပန်ကြတယ်။ တောင်းပန်တဲ့အခါ အရေးကြီးတာ ဘာလဲဆိုတော့ ‘ငါ မင်းကို တောင်းပန်တယ်ကွာ၊ ငါ မှားသွားတယ်၊ ဒါပေမဲ့…’ ‘ဒါပေမဲ့’ ဆိုတဲ့ စကားလုံးမှာ ချက်ချင်းပေါ့နော်… ‘ဟုတ်တယ် ဟုတ်တယ် ငါ လွန်သွားတယ်ကွာ၊ ဟုတ်တယ်၊ ဒါပေမဲ့…’ မလိုပါဘူး။ အဲ့တော့ ‘ဒါပေမဲ့’ ကို ချက်ချင်း ပြောမယ်ဆိုလို့ရှိရင် တောင်းပန်တာနဲ့ မတူတော့ဘူးပေါ့။ ‘ငါ တောင်းပန်နေတာပဲ’ ဆိုပြီးတော့ ‘ဒါပေမဲ့’ ဆိုပြီး ထပ်ပြီးတော့ ကိုယ့်ရဲ့ ဆင်ခြေတွေ ပြောလိုက်မယ်ဆိုလို့ရှိရင် ကိုယ် ပြောချင်တဲ့ စကားလုံးက အဓိက ‘ဒါပေမဲ့’ အနောက်က စကားလုံးတွေပါ။ ‘တောင်းပန်တယ်’ ဆိုတာ အရှေ့က အပိုထည့်ထားတာပါ။ အဲ့တော့ တောင်းပန်တယ်လို့ မမြင်ဘူး တစ်ဖက်သားက။
နောက်တစ်ခုက တောင်းပန်တဲ့ ပုံစံပေါ့နော်… ‘တောင်းပန်တယ်ကွာ၊ မင်းက အဲ့လောက် ဖြစ်သွားလိမ့်မယ်လို့၊ မင်း အဲ့ဒီလို ထိခိုက်သွားလိမ့်မယ်လို့ ငါ မထင်ဘူး’ ဆိုတာ တောင်းပန်တာ မဟုတ်ပါဘူး။ တစ်ဖက်သားကို ပြောတယ်ဆိုတာ တစ်ဖက်သားရဲ့ အားနည်းချက်ကို ဖော်လိုက်တာပေါ့။ တောင်းပန်တယ်ဆိုလို့ရှိရင် သေသေချာချာ စိတ်ရင်းနဲ့ပေါ့နော်၊ ပြဿနာကို ပြေလည်ချင်တယ်ဆိုလို့ရှိရင် ပီပီသသ သေသေချာချာ စိတ်နဲ့ တကယ် တောင်းပန်ဖို့ လိုပါတယ်။ ခုနက ပြောသလိုမျိုး ‘ဟာ… တောင်းပန်တယ်ကွာ၊ ဒါပေမဲ့ ကွာ… ငါကတော့’ ဆိုတာ မလိုပါဘူးဗျာ။ ဒါပေမဲ့ အဲ့ဒါဆိုလို့ရှိရင်တော့ တောင်းပန်တာနဲ့ မတူတော့ဘူးပေါ့နော်။
အဓိကတော့ ကျွန်တော်တို့ တောင်းပန်တယ်ဆိုတာက ကျွန်တော်တို့ ဒီ အိမ်တံခါး ခေါက်တယ်ဆိုတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဟိုဘက်ကနေပြီးတော့ ကိုယ့်ကို ဒီအိမ်ရဲ့ တံခါးကို ဖွင့်ပေးပြီးတော့ ဝင်ခွင့် ပြု၊ မပြု ဆိုတာကျတော့ ကိုယ့်ရဲ့ အပြုအမူပေါ်မှာ မူတည်ပါတယ်။ အဓိက တောင်းပန်တယ်ဆိုတာ ပထမတစ်ဆင့်ပေါ့နော်။ ဒီ တောင်းပန်လိုက်မယ်၊ ပြီးလို့ရှိရင် ကိုယ်လုပ်ခဲ့တဲ့ အမှားအတွက်ကို ပြန်ပြီးတော့ ကဲ… ဘယ်လို နေထိုင်လဲ၊ ဘယ်လို ပြုမူလဲဆိုတာ ကိုယ့်ရဲ့ အမူအရာနဲ့ အမူအကျင့်က အရေးကြီးပါတယ်။ နောက်တစ်ကြိမ် မဖြစ်အောင်ပေါ့နော်။ ပါးစပ်ကနေပြီးတော့ အလွယ်တကူပဲ ‘တောင်းပန်ပြီးရော မဟုတ်လား’ ဆိုပြီး တောင်းပန်လိုက်တာမျိုးက ကောင်းမွန်တဲ့ ဆက်ဆံရေး ရေရှည်မှာ မဖြစ်နိုင်ဘူးပေါ့နော်။ အဲ့ဒါလည်း သိထားဖို့ပေါ့။
နောက်တစ်ခုကတော့ ကိုယ်ချင်းစာတရားပါ။ ကိုယ်ချင်းစာတရားဆိုတာကျတော့ တခြားသူတစ်ယောက်ပေါ့နော်၊ ကျွန်တော်တို့ တစ်စိမ်းတစ်ယောက်မှာ သူ အရင်တုန်းက၊ အတိတ်တုန်းက ဘယ်လို အရာတွေ ဖြတ်သန်းခဲ့ရတာလဲ၊ ဒါမှမဟုတ် ဒီနေ့ သူ ဘာတွေ ကြုံခဲ့ရလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ရင်းနှီးတဲ့သူတွေ ဆိုလို့ရှိရင်တောင်မှ ကျွန်တော်တို့ မသိတဲ့ အရာတွေ အများကြီးပါပဲ။ ပြီးခဲ့တဲ့ အချိန်မှာ သူ ဘာကြုံခဲ့ရလဲ။ အဲ့လို မသိဘဲနဲ့ ကျွန်တော်တို့ ဆက်ဆံတဲ့အချိန်မှာ သတိထားရပါတယ်။ ‘ဘာဖြစ်လို့ ဒီလို ဒေါသတွေ ထွက်နေတာလဲ၊ အဲ့ဒါ မလိုဘူး မဟုတ်လား’ လို့ မြင်မြင်သွားတတ်တယ်။ ဒါပေမဲ့ သူ့အကြောင်းနဲ့သူ ရှိပါတယ်။ သူ ရင်ဆိုင်နေရတဲ့ တိုက်ပွဲ သူနဲ့သူ ရှိပါတယ်။ အဲ့ဒါလေးတွေ ကျွန်တော်တို့ ကိုယ်ချင်းစာပေးဖို့ လိုတာပေါ့နော်။
အဲဒီမှာ အထင်မလွဲစေချင်တာ ဘာလဲဆိုတော့ ဘာမဆို ကိုယ့်ဘက်က အလျှော့ပေးရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ အဓိက တစ်ဖက်သားမှာ ဒီလို အဖြစ်အပျက်လေးတွေ ဖြစ်နေနိုင်တယ်ဆိုတဲ့ ခံစားချက်လေး၊ ကိုယ်ချင်းစာစိတ်လေးကို အခြေခံပြီးတော့ ပြောမယ်ဆိုလို့ရှိရင် မလိုအပ်ဘဲနဲ့ ပြဿနာ မဖြစ်တော့ဘူး။ ‘မင်း ဘာလို့ ဒေါသထွက်တာလဲ၊ ငါကလည်း ဒီလိုပဲကွာ’ ဆိုပြီးတော့ ပြန်ပြီးတော့ ချမယ်ဆိုလို့ရှိရင် ဆိုးရွားတဲ့ဘက်ကို သွားနိုင်တယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ကိုယ်ကနေပြီးတော့ နားလည်ပေးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အဆင်ပြေသွားနိုင်တယ်။ အခက်မသိဘူးဆိုလို့ရှိရင် ဟိုဘက်ကလည်း ‘ဪ… ငါ ဒီလိုမျိုး ပြောနေတာတောင်မှ တစ်ဖက်သားက နားလည်ပေးပြီးတော့ ငါ့ကို ဆက်ဆံပါလား’ ဆိုတာ ကိုယ့်အပေါ်မှာ ပိုပြီးတော့ ကောင်းလာနိုင်ပါတယ်။ ကိုယ့်အတွက် အကျိုးရှိပါတယ်။
အဲ့ဒါက… အဲ့တော့ ကျွန်တော်တို့ ဒီ လူမှုဆက်ဆံရေးနဲ့ ပတ်သက်လို့ပေါ့နော် ပြောရမယ်ဆိုလို့ရှိရင်တော့ မကုန်တော့ဘူးပေါ့၊ အများကြီး ရှိပါတယ်။ အဲ့တော့ အဓိက ဘာလဲဆိုတော့ ကျွန်တော်တို့ ခက်ခဲတာ ဘာကြောင့်လဲဆိုတော့ သင်္ချာလိုပေါ့နော် ပုံသေနည်း (Formula) မရှိပါဘူး။
ကျွန်တော်တို့ နေရာပေါ့၊ အချိန်ပေါ့၊ လူပေါ် မူတည်ပြီးတော့ ပြောဆိုဆက်ဆံရတာပေါ့။ အဲ့ဒါကြောင့်မို့လို့ ဒီ လူမှုဆက်ဆံရေးကို အနုပညာလို့ ပြောလို့ရပါတယ်။ တကယ်ကို အခြေအနေ ကြည့်ပြီးတော့ အချိန်အခါပေါ် မူတည်ပြီးတော့ ဆက်ဆံရတာပါ ကျွန်တော်တို့။
အဲ့တော့ တစ်ခုက ဘာလဲဆိုတော့ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ မကြောက်ဖို့ပါပဲ။ တချို့ ဘာကြောက်လဲဆိုတော့ စကားလုံး မှားသွားမှာ ကြောက်တယ်၊ ဒီလိုမျိုး အပြုအမူလေး မှားသွားမလားဆိုတာ ကြောက်တယ်။ လွဲမှာပါပဲ၊ မှားမှာပါပဲ၊ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုတွေ အများကြီး ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ တူမှ မတူကြတာ၊ ယဉ်ကျေးမှု နောက်ခံတွေ မတူကြဘူး။
အခု ပိုဆိုးတာ ဘာလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဆိုလို့ရှိရင် နိုင်ငံတကာကို သွားနေကြပြီ။ ဂျာမနီရောက်တဲ့သူဆိုလို့ရှိရင် ဂျာမနီရဲ့ အနေအထားနဲ့ဆိုလို့ရှိရင် ဒီဟာ ကောင်းတယ်၊ မကောင်းဘူးဆိုတာ ဖြစ်လာတယ်။ ကိုယ့်ဘက်ကတော့ မြန်မာ့ယဉ်ကျေးမှုမှာ ဒါမျိုးလေး လူကြီးကို ဘယ်လိုမျိုး ဆက်ဆံတာ၊ ကိုယ်အမူအရာ ဘယ်လိုမျိုး… ဂျပန်မှာဆိုလည်း အဲ့လိုပဲ၊ ‘ဟာ… ငါ ဒီလောက်တောင် ပြောနေတာကို မယဉ်ကျေးသေးဘူးလား၊ မင်းတို့က ဘယ်လိုပုံစံလဲ’ အစပိုင်းပေါ့နော် ယဉ်ကျေးမှု အဆင်မပြေတာ၊ မတူညီမှုတွေ အများကြီး ရှိပါတယ်။
အဲ့တော့ တဖြည်းဖြည်း အဲ့ဒါတွေက နားလည်မှုလွဲတဲ့ဟာကနေ တဖြည်းဖြည်း အဆင်ပြေမှုဆီကို သွားမှာပါပဲ။ အတွေ့အကြုံနဲ့ ယူရတာကို ရှောင်နေလို့ မရပါဘူး။ အဓိကတော့ ကျွန်တော် အဆုံးမှာ ပြောခဲ့တဲ့ ခုန ကိုယ်ချင်းစာတရားလေးရယ်၊ ကိုယ့်ဘက်က စစ်မှန်ပြီး ကြိုးစား ပွင့်လင်းတဲ့ ဆက်ဆံမှုလေးရယ်၊ နောက်တစ်ခါ တစ်ဖက်သားရဲ့ နယ်နိမိတ် (Boundary) ကို နားလည်တာပေါ့နော်၊ တစ်ဖက်သားကို တအားကြီး သူ့ရဲ့ ဒီ အတွင်းထဲကို အတင်းမတိုးတာတို့… အဓိကတော့ ကိုယ့်ဆက်ဆံရေး ကိုယ့်ဟာကိုယ် သတိထားပြီးတော့ တစ်ဆင့်ချင်းပေါ့နော် လေ့ကျင့်လို့ ရပါတယ်။
အဲ့ဒါလေးတွေကလည်း နော်… အရင်တုန်းက အမှားတွေကနေတစ်ဆင့်ပေါ့နော်၊ ‘ဒီစကားလုံးလေး မှားသွားတယ်၊ ဒါမျိုး ဒီအချိန် မပြောသင့်ဘူးပဲ’ ဆိုတာမျိုးလေးတွေ ပြင်လာမယ်ဆိုလို့ရှိရင် နောက်ဆုံး ဒီ ဗီဒီယိုထဲကနေပြီးတော့ အချက်လေး တစ်ချက်လောက်ပဲ မှတ်မိသွားတယ်ဆိုလို့ရှိရင် ဒီ ဗီဒီယို ကြည့်ရကျိုး နပ်ပါတယ်ခင်ဗျာ။
အဲ့တော့ ဘာပဲပြောပြောပေါ့နော်၊ ကျွန်တော်ကိုယ်တိုင်လည်း အများကြီး အများကြီး လူမှုဆက်ဆံရေးမှာ သင်ယူလေ့လာစရာတွေ အများကြီး ရှိသေးတဲ့ လူတစ်ယောက်ပါ။ ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆိုလို့ရှိရင် ဒီထဲမှာ၊ ဒီ ဗီဒီယိုထဲမှာ အများကြီး ထည့်မပြောပေမဲ့ အရင်တုန်းက ကျွန်တော် ကြုံခဲ့တဲ့ အခု ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ ဟာသလို အဖြစ်အပျက်တွေပေါ့နော်၊ မှားယွင်းခဲ့တာတွေ၊ အားနည်းခဲ့တဲ့ အဖြစ်အပျက်တွေ အများကြီး ရှိပါတယ်။ ဒါတော့ နောက်တစ်ချိန် အဆင်ပြေတယ်ဆိုလို့ရှိရင်လည်း ကျွန်တော် ဟာသအနေနဲ့ ဖြစ်ဖြစ် တစ်ချိန်ကျရင်တော့ ပြန်ပြောကြတာပေါ့နော်။
ဘာပဲပြောပြောပေါ့နော်၊ ကျွန်တော်တို့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိမယ်ဆိုလို့ရှိရင်တော့ အလုပ်အကိုင်ပဲ ဖြစ်ဖြစ်၊ အချစ်ရေးပဲ ဖြစ်ဖြစ်၊ မိသားစုအရေးပဲ ဖြစ်ဖြစ် လူမှုဆက်ဆံရေး ကောင်းမယ်ဆိုလို့ရှိရင် အများကြီး ကိုယ့်အတွက် အကျိုးရှိပါတယ်ခင်ဗျာ။